Tuesday, August 13, 2013

Blogspot သို့ ပြောင်းရန် ဆုံးဖြတ်ခြင်း

 

ဗေဒင်ဝက်ဘ်ဆိုဒ်ဖြစ်တဲ့ compubaydathukhuma.com ကို တည်ထောင်ခဲ့တာ အခုဆိုရင် (၄)နှစ်ကျော် (၅)နှစ်ထဲ ရောက်လာပါပြီ။ ၀င်ကြည့်တဲ့ လူဦးရေပေါင်းကလည်း (၄)သန်းကျော် ရှိသွားပါပြီ။ (တကယ်အမှန်အကန်ပါ) 

ဒီ (၄)နှစ်ကျော်အတွင်းမှာ ခက်ခက်ခဲခဲ ဖြတ်သန်းခဲ့ရတဲ့ ပြဿနာတွေကတော့ “နည်းပညာ” ပြဿနာဘဲ ဖြစ်ပါတယ်။ ကျွန်တော်က “ဆရာတေးအေးရိပ်” မြှောက်ပေးလို့သာ blog တစ်ခု ထောင်ဖြစ်သွားတာ။ အွန်လိုင်း/အင်တာနက်/ဘလော့ဂ် နည်းပညာက လောက်လောက်လားလား ဘာမှ သိတာမဟုတ်ဘူး။ ဒါကြောင့် ပထမဆုံး blogspot မှာ ၀င်ရေးတယ်။ နောက်တော့ တစ်ယောက် BytheHost မှာ Free ရလို့ အဲဒီဘက် ပြောင်းပြန်တယ်။ ဒါပေမယ့် ၀င်ကြည့်တဲ့လူဦးရေက တစ်နေ့ကို (6000) ကျော်လောက်ဖြစ်လာတော့ Free ပေးနေတဲ့ BytheHost က အလကားမပေးတော့ဘူးဗျ။

 

ဘာညာ နို့တစ်တွေ မပေးဘဲ ဆိုဒ်ကို ရုတ်တရက် ပိတ်ချလိုက်ရတယ်။ နောက်တော့ တနှစ်စာ ငွေသွင်းလိုက်တော့ ပြန်ဖွင့်ပေးတယ်။ ဒါကြောင့် မဖြစ်သေးပါဘူးလေဆိုပြီး ခိုင်မာတယ်ပြောတဲ့ BlueHost ကို တစ်ခါဝယ်ပြီး ဆိုဒ်ကို ပြောင်းရပြန်တယ်။ အဲဒီ Bluehost ကလည်း ပြဿနာ ပိုတောင်များသေးတယ်။ တော်ကြာ Security အတွက်ဆို “ဖြုန်းကနဲ” ပိတ်ချသွားပြန်ပြီ။ သူတို့ ၀န်ထမ်းတွေနဲ့ chatting ပြော ၊ လုံခြုံရေး ကုဒ်တွေ ရွတ်ပြနိုင်မှ ပြန်ဖွင့်နဲ့ စိတ်ပျက်စရာကြီးပါဗျာ။

ကိုယ်ကလည်း ဘာမှ မလုပ်တတ်တော့ စင်္ကာပူရောက်နေတဲ့ တူလေး ၊ တူမလေးတွေက ကြားထဲက ၀င်လုပ်ပေးရတာပေါ့။ ခဏခဏ ဆိုတော့လည်း အားနာစရာဖြစ်လာတယ်။

အခုနောက်ဆုံးဖြစ်တဲ့ ပြဿနာကတော့ ကိုယ့်ဆိုဒ်ထဲကို ကိုယ်ပြန်ဝင်လို့ မရတော့ဘူး။ ဆိုဒ်ကို ဖွင့်ကြည့်လိုက်ရင် ရုရှားလိုလား ၊ ဘာလား မသိတဲ့ ပို့စ်တစ်ခု တက်နေတာ တွေ့လိမ့်မယ်။ အဲဒါကို ဖျက်ဖို့ login နဲ့ ခါတိုင်းလို ၀င်ကြည့်တာ လုံး၀၀င်လို့မရတော့ဘူး။ BlueHost ကို လှမ်းအကြောင်းကြားတော့လည်း ထိရောက်တဲ့ အကူအညီ မပေးနိုင်ဘူး၊ 

အမှန်ကတော့ BlueHost ရော ၊ Wordpress ရော လုံခြုံရေး စိတ်မချရပါ။ အခုတော့ ကိုယ့်အယူအဆနဲ့ အကောင်းဆုံးက blogger ဘဲ ဖြစ်မယ်ထင်ပါတယ်။ မိမိ ဆောင်းပါးအားလုံးကို blogspot ကို ပြန်ပြောင်းတော့မည်။ သူက ဒီဇိုင်း ၊ ကိုယ့်စိတ်တိုင်းကျ ဆွဲရမရ မသိပါ။ ဒါပေမယ့် လုံခြုံရေးက ပိုကောင်းမည် ထင်ပါတယ်။ ပြီးတော့ လွန်ခဲ့တဲ့ (၄)နှစ်လောက်က လုပ်ထားတဲ့ blog ဆိုဒ်တွေကိုလည်း မသုံးပေမယ့် ဖျက်မပြစ်တာကို တွေ့ရပါတယ်။ Hosting ၀ယ်ဖို့လည်း စိတ်ရှုတ်စရာ မလိုတော့ဘူး ထင်ပါတယ်။ 

ကိုယ့်အထင်နဲ့ ကိုယ်ပေါ့လေ။ နောက်မှ ပြဿနာ တက်ရင်တော့ မသိဘူး။ ဘာဘဲ ဖြစ်ဖြစ် Google ရဲ့ blogspot ကိုဘဲ ဆိုဒ်ကို ပြန်ရွှေ့တော့မယ်။ comment တွေကတော့ ကျန်ခဲ့မှာပေါ့နော်။ မတတ်နိုင်ပါဘူး။ ကိုယ်မှ မလုပ်တတ်ဘဲ။ ခုလည်း copy and paste နဲ့ တစ်နေ့ကို နည်းနည်းခြင်း ရွှေ့ရမှာဘဲ။ ဆောင်းပါး အပုဒ် (၁၅၀) လောက်ရှိမယ်။ နောက်ထပ် ဆောင်းပါးအသစ်တွေကိုလည်း ဒီ ဆိုဒ်မှာဘဲ တင်တော့မယ်လို့ အကြောင်းကြားပါတယ် .. စာဖတ်သူ မိတ်ဆွေအပေါင်းတို့ရေ။ 

ဒေါက်တာတင်ဗိုလ်ဗိုလ် (ကွန်ပျူဗေဒသုခုမ)

No comments:

Post a Comment