Wednesday, September 9, 2009

သင့်နာမည် ပက္ခတ်လွတ်ရဲ့လား ?


မိုက်ကယ်ဂျက်ဆင် နှင့် နာမည်ပက္ခတ်မိခြင်း Click ဆောင်းပါးမှာ နာမည် ပက္ခတ်မိခြင်း အကြောင်းကို ပဏာမ ဖော်ပြခဲ့ဘူးပြီး ဆက်ရေးဖို့ ကျန်နေပါတယ်။ နာမည်ပေး ဗေဒင်ပညာနဲ့ ပတ်သက်ပြီး ကျွန်တော် လေ့လာခဲ့တဲ့ သက်တမ်း တစ်လျှောက်မှာ ပက္ခတ် မိခြင်းဟာ ကျန်တဲ့ နာမည် အမှားတွေထက် ဆိုးကျိုး အလွန်ပေးနိုင်တာကို သတိထား မိလာ ခဲ့ပါတယ်။
အရင်တုန်းကတော့ ပက္ခတ် ကို သိပ်အရေးကြီးလှတယ်လို့ မထင်ခဲ့ ပါဘူး။ ဗေဒင်ကျမ်း တွေမှာလည်း ပက္ခတ် အကြောင်းကို သာမန်မျှလောက်ဘဲ ဖော်ပြနေကြ တာကြောင့် တစ်ချို့ နာမည်ပေး ပညာရှင်တွေဆိုရင် ပက္ခတ်မိနေတဲ့ နာမည်တွေကို ပေးနေကြ တာကို တွေ့မြင်နေရပါ တယ်။
.
“ပက္ခတ်”သို့မဟုတ် “ပက္ခ”ဆိုတာ ပဋိပက္ခ ဖြစ်ခြင်း အဓိပ္ပါယ်ကို ဆိုလိုပါတယ်။ နာမည် တစ်ခုရဲ့ ရှေ့ဆုံး နေ့နံ နဲ့ နောက်ဆုံး နေ့နံဟာ “ပက္ခတ်” မိနေတယ်ဆိုရင် ဘဝတစ်ချိန်ချိန်မှာ -

= မတော်တဆ ထိခိုက်ဒဏ်ရာရခြင်း၊ သွေးထွက်သံယိုဖြစ်ခြင်း၊ မပျောက်နိုင်သော နာတာရှည်ရောဂါကြီးများရခြင်း(ဥပမာ- ဆီးချိုရောဂါ)

 
= ကိုယ်လက်အင်္ဂါ ချို့ယွင်းခြင်း၊ ခွဲစိတ်ကုသခံရတတ်ပြီး ကိုယ်အင်္ဂါအစိတ် အပိုင်းတစ်ခုခု ဆုံးရှုံးခြင်း၊
= အိမ်ထောင်ရေးပြိုကွဲခြင်း၊ အိမ်ထောင်ရေးအတွက် အမြဲစိတ်ဆင်းရဲနေရခြင်း၊ အိမ်ထောင်ရေးဖောက်ပြန်မှု ဖြစ်ခြင်း၊
= ဘ၀မှာ အမြင့်ဆုံးသို့ ရောက် ပြီးခါမှ ပြန်၍ကျခြင်း၊  ဘဝအဆုံးသတ်မကောင်းခြင်း၊ အိုဇာတာညံ့ခြင်း၊
=  Current of Destiny မကောင်းပါက ဥပစ္ဆေဒကကံနဲ့ ကွယ်လွန်ခြင်းများ (သို့မဟုတ်) အသက်တိုခြင်း များဖြစ်တတ်ပါတယ်။
ဥပစ္ဆေဒကကံနဲ့ ကွယ်လွန်သွားရတဲ့ သူတွေ အတော်များ များရဲ့  နာမည်မှာ “ပက္ခတ်” မိနေတာကို အထင်အရှား တွေ့ရတတ်ပါတယ်။ ဒီအထဲမှာ ဒုတိယကမ္ဘာစစ်မီးကြီးကို မွှေးခဲ့တဲ ဂျာမဏီအာဏာရှင် ဟစ်တလာ၊ မြန်မာနိုင်ငံက အာဇာနည် ခေါင်းဆောင် ဗိုလ်ချုပ်အောင်ဆန်း၊ အိန္ဒိယ နိုင်ငံရဲ့ လွတ်လပ်ရေးဖခင်ကြီး မဟတ္တမဂန္ဒီ နဲ့ အင်္ဂလန် ဝေလမင်းသမီး ဒိုင်ယာနာ ၊ မိကျောင်းမုဆိုး စတိအာဝင်ဘင်နာဇီယာဘူတို တို့ ပါဝင်နေပါတယ်။ 

“မိုက်ကယ်ဂျက်ဆင်ရဲ့ ဆောင်းပါး” ထဲမှာလည်း ကမ္ဘာပေါ်က ထင်ပေါ်ကျော်ကြားသူများထဲမှာ နာမည် ပက္ခတ်မိသူများကို ဖော်ပြထားပါတယ်။  အခြား နာမည် မဖော်ပြလိုတဲ့ ကျော်ကြားသူ အများအပြားလည်း ပါဝင်နေပါတယ်။  ပက္ခတ်အကြောင်း ရေးရမယ်ဆိုရင်တော့ ကျမ်းတစောင် ပေတစ်ဖွဲ့ ဖြစ်လောက်တာမို့ လိုရင်းကိုဘဲဆက်ပြောပါမယ်။ ဒါကြောင့် ဘယ်လိုနာမည်တွေဟာ “ပက္ခတ်” မိနေ တဲ့နာမည်တွေလည်း ဆိုတာ စစ်ဆေး ကြည့်ကြ ရအောင်။

နာမည်တစ်ခု “ပက္ခတ်” ငြိ မငြိ ဆိုတာ နာမည်တစ်ခုရဲ့ ရှေ့ဆုံး နေ့နံ နဲ့ နောက်ဆုံး နေ့နံ နှစ်ခုကိုဘဲ ကြည့်ရပါ တယ်။ အလယ်လုံး တွေကို  ကြည့်စရာမလိုပါ။ နာမည် ရှေ့ဆုံးနဲ့ နောက်ဆုံးနေ့နံ ငြိနေမှသာ “ပက္ခတ်” အစစ် မိတယ်လို့ ဆိုနိုင်ပါတယ်။
“ပက္ခတ်” စစ်ဆေးရာမှာလည်း သက်ဆိုင်ရာအကြွင်းနှစ် အလိုက်စစ်ဆေးရပါတယ်။ ကြည့်ကြရအောင်။
.
(၁) ကြွင်း ဖွားများအား ပက္ခတ်စစ်ဆေးနည်း

ကိုယ် ဘာအကြွင်းဖွားလည်း ဆိုတာတွက်နည်းကို ကျွန်တော့် ဆောင်းပါးတွေမှာ အကြိမ်ကြိမ်ဖော်ပြဘူးခဲ့ပေမယ့် ထပ်ပြော ပါဦးမယ်။ ဒီခေတ်မှာ ကိုယ့်မွေးသက္ကရာဇ်ကို အင်္ဂလိပ်လိုဘဲ မှတ်သားကြတော့ အင်္ဂလိပ်ခုနှစ်ထဲက (၆၃၈)ဂဏန်းကို နုတ်လိုက်ရင် မြန်မာ သက္ကရာဇ်ကို ရပါတယ်။ မြန်မာ သက္ကရာဇ်ကို (၇)နဲ့စားပြီး ရတဲ့ အကြွင်းဟာ ကိုယ့်မွေးတဲ့ မဟာဘုတ် အကြွင်းဘဲ ဖြစ်ပါတယ်။ တစ်ခုသတိထားရမှာက မြန်မာနှစ်ဆန်း (၁)ရက်နေ့ မတိုင်ခင်မွေးရင်တော့ တစ်တိုးပြီး (၆၃၉)ကို နုတ်ရပါမယ်။ နှစ်ဆန်းတစ်ရက်နေ့နဲ့ နောက်ပိုင်းမွေးတဲ့သူတွေကတော့ (၆၃၈)ကို နုတ်ရမှာဖြစ်ပါတယ်။ အကြွင်းရပြီ ဆိုတော့ နာမည်တစ်ခု “ပက္ခတ်” မိ, မမိ ကို စစ်ဆေးကြည့်လို့ ရပါပြီ။
အောက်က မဟာဘုတ်ခွင်ကို ကြည့်ပါ။
 
ဒါကတော့ (၁)ကြွင်း မဟာဘုတ်ခွင် ဖြစ်ပါတယ်
ကိုယ်မွေးတဲ့ ခုနှစ်ဟာ (၁)ကြွင်းဖြစ်နေရင် ဒီမဟာဘုတ်ခွင်နဲ့ သက်ဆိုင် ပါတယ်။ ၁= တနင်္ဂနွေ , ၂= တနင်္လာ , ၃ = အင်္ဂါ , ၄ = ဗုဒ္ဓဟူး , ၅ = ကြာသပတေး , ၆ = သောကြာ , ၀ = စနေ ဆိုတာတော့ သိကြတယ်မဟုတ်လား။ မသိသေးရင် မှတ်ထားပါ။ အဲဒီ (၁)ကြွင်းမဟာဘုတ်မှာမွေးတဲ့ သူတစ်ဦးရဲ့ နာမည်ဟာ -
(၁) တနင်္ဂနွေစပြီး တနင်္ဂနွေ ဆုံးနေရင် ပက္ခတ်မိပါတယ်။
ဥပမာ- အောင်အောင်၊ အေးအေး
(၂) စနေစပြီး တနင်္လာ ဆုံးနေရင် (သို့) တနင်္လာစပြီး စနေ ဆုံးနေရင် ပက္ခတ်မိပါတယ်။
ဥပမာ- ကျော်ထွန်း၊ တင်ကို၊ တင်တင်ချို၊ ခိုင်ခိုင်နွယ်
(၃) အင်္ဂါစပြီး သောကြာဆုံးနေရင် (သို့) သောကြာစပြီး အင်္ဂါ ဆုံးနေရင် ပက္ခတ်မိပါတယ်။
ဥပမာ- စည်သူ၊ သိန်းဇော်၊ သန်းသန်းစိုး၊ ဇင်မာသန်း
(၄) ဗုဒ္ဓဟူးစပြီး ကြာသပတေး ဆုံးနေရင် (သို့) ကြာသပတေး စပြီး ဗုဒ္ဓဟူး ဆုံးနေရင် ပက္ခတ်မိပါတယ်။
ဥပမာ- ဝင်းမြင့်၊ မျိုးဝင်း၊ ဝေဝေမြင့်၊ မြမြဝင်း
ဒီ(၄)မျိုး နဲ့လွတ်ရင်တော့ “ပက္ခတ်” လွတ်ပါတယ်။ သတိပြုရမှာ နာမည် အစ နဲ့ အဆုံး နေ့နံကိုသာ ယူပါတယ်။ အလယ်နေ့နံတွေကို မယူရပါဘူး။
.
(၂) ကြွင်း ဖွားများအား ပက္ခတ်စစ်ဆေးနည်း

ဒါကတော့ (၂)ကြွင်း မဟာဘုတ်ခွင် ဖြစ်ပါတယ်
ကိုယ်မွေးတဲ့ ခုနှစ်ဟာ (၂)ကြွင်းဖြစ်နေရင် ဒီမဟာဘုတ်ခွင်နဲ့ သက်ဆိုင် ပါတယ်။ အဲဒီ (၂)ကြွင်းမဟာဘုတ်မှာမွေးတဲ့ သူတစ်ဦးရဲ့ နာမည်ဟာ -
(၁) တနင်္လာစပြီး တနင်္လာ ဆုံးနေရင် ပက္ခတ်မိပါတယ်။
ဥပမာ- ကျော်ကျော်၊ ကြည်ကြည်
(၂) တနင်္ဂနွေစပြီး အင်္ဂါ ဆုံးနေရင် (သို့) အင်္ဂါစပြီး တနင်္ဂနွေ ဆုံးနေရင် ပက္ခတ်မိပါတယ်။
ဥပမာ- အောင်ဇော်၊ စိုးဦး၊ စိုးစိုးအေး၊ အိအိဆွေ
(၃) ဗုဒ္ဓဟူးစပြီး စနေဆုံးနေရင် (သို့) စနေစပြီး ဗုဒ္ဓဟူး ဆုံးနေရင် ပက္ခတ်မိပါတယ်။
ဥပမာ- ထွန်းဝင်း၊ ရဲနိုင်၊ နီနီလွင်၊ ရီရီနိုင်
(၄) ကြာသပတေးစပြီး သောကြာ ဆုံးနေရင် (သို့) သောကြာ စပြီး ကြာသပတေး ဆုံးနေရင် ပက္ခတ်မိပါတယ်။
ဥပမာ- မင်းသူ၊ သိန်းမြင့်၊ သီသီမာ၊ မိုးမိုးသန်း
ဒီ(၄)မျိုး နဲ့လွတ်ရင်တော့ “ပက္ခတ်” လွတ်ပါတယ်။ သတိပြုရမှာ နာမည် အစ နဲ့ အဆုံး နေ့နံကိုသာ ယူပါတယ်။ အလယ်နေ့နံတွေကို မယူရပါဘူး။
.
(၃) ကြွင်း ဖွားများအား ပက္ခတ်စစ်ဆေးနည်း

ဒါကတော့ (၃)ကြွင်း မဟာဘုတ်ခွင် ဖြစ်ပါတယ်
ကိုယ်မွေးတဲ့ ခုနှစ်ဟာ (၃)ကြွင်းဖြစ်နေရင် ဒီမဟာဘုတ်ခွင်နဲ့ သက်ဆိုင် ပါတယ်။ အဲဒီ (၃)ကြွင်းမဟာဘုတ်မှာမွေးတဲ့ သူတစ်ဦးရဲ့ နာမည်ဟာ -
(၁) အင်္ဂါစပြီး အင်္ဂါ ဆုံးနေရင် ပက္ခတ်မိပါတယ်။
ဥပမာ- ဇော်ဇော် ၊ ဇင်မာစိုး
(၂) တနင်္လာစပြီး ဗုဒ္ဓဟူး ဆုံးနေရင် (သို့) ဗုဒ္ဓဟူးစပြီး တနင်္လာ ဆုံးနေရင် ပက္ခတ်မိပါတယ်။
ဥပမာ- ကျော်ဝင်း၊ ရဲငြိမ်း၊ ခိုင်ခိုင်လွင်၊ ဝင်းဝင်းချို
(၃) ကြာသပတေးစပြီး တနင်္ဂနွေဆုံးနေရင် (သို့) တနင်္ဂနွေ စပြီး ကြာသပတေး ဆုံးနေရင် ပက္ခတ်မိပါတယ်။
ဥပမာ- အောင်မြင့်၊ မင်းဦး၊ အေးအေးမွန်၊ မြမြအေး
(၄) သောကြာစပြီး စနေ ဆုံးနေရင် (သို့) စနေ စပြီး သောကြာ ဆုံးနေရင် ပက္ခတ်မိပါတယ်။
ဥပမာ- သိန်းထွန်း၊ တင်သန်း၊ သီသီနွယ်၊ နီနီဟန်
ဒီ(၄)မျိုး နဲ့လွတ်ရင်တော့ “ပက္ခတ်” လွတ်ပါတယ်။ သတိပြုရမှာ နာမည် အစ နဲ့ အဆုံး နေ့နံကိုသာ ယူပါတယ်။ အလယ်နေ့နံတွေကို မယူရပါဘူး။
.
(၄)ကြွင်းဖွားများအား ပက္ခတ်စစ်ဆေးနည်း

ဒါကတော့ (၄)ကြွင်း မဟာဘုတ်ခွင် ဖြစ်ပါတယ်
ကိုယ်မွေးတဲ့ ခုနှစ်ဟာ (၄)ကြွင်းဖြစ်နေရင် ဒီမဟာဘုတ်ခွင်နဲ့ သက်ဆိုင် ပါတယ်။ အဲဒီ (၄)ကြွင်းမဟာဘုတ်မှာမွေးတဲ့ သူတစ်ဦးရဲ့ နာမည်ဟာ -
(၁) ဗုဒ္ဓဟူးစပြီး ဗုဒ္ဓဟူး ဆုံးနေရင် ပက္ခတ်မိပါတယ်။
ဥပမာ- ဝေလင်း ၊ ရီရီလွင်
(၂) အင်္ဂါစပြီး ကြာသပတေး ဆုံးနေရင် (သို့) ကြာသပတေး စပြီး အင်္ဂါ ဆုံးနေရင် ပက္ခတ်မိပါတယ်။
ဥပမာ- စိုးမိုး၊ မြင့်ဆွေ၊ ဇင်ဇင်မာ၊ ဖြူဖြူစိုး
(၃) သောကြာစပြီး တနင်္လာဆုံးနေရင် (သို့) တနင်္လာ စပြီး သောကြာ ဆုံးနေရင် ပက္ခတ်မိပါတယ်။
ဥပမာ- သိန်းကို၊ ကျော်သောင်း၊ သီသီခင်၊ ခင်ခင်သူ
(၄) စနေစပြီး တနင်္ဂနွေ ဆုံးနေရင် (သို့) တနင်္ဂနွေစပြီး  စနေ ဆုံးနေရင် ပက္ခတ်မိပါတယ်။
ဥပမာ- ထွန်းဦး၊ အောင်နိုင်၊ တင်တင်အေး၊ အိအိနိုင်
ဒီ(၄)မျိုး နဲ့လွတ်ရင်တော့ “ပက္ခတ်” လွတ်ပါတယ်။ သတိပြုရမှာ နာမည် အစ နဲ့ အဆုံး နေ့နံကိုသာ ယူပါတယ်။ အလယ်နေ့နံတွေကို မယူရပါဘူး။
.
(၅) ကြွင်း ဖွားများအား ပက္ခတ်စစ်ဆေးနည်း

ဒါကတော့ (၅)ကြွင်း မဟာဘုတ်ခွင် ဖြစ်ပါတယ်
ကိုယ်မွေးတဲ့ ခုနှစ်ဟာ (၅)ကြွင်းဖြစ်နေရင် ဒီမဟာဘုတ်ခွင်နဲ့ သက်ဆိုင် ပါတယ်။ အဲဒီ (၅)ကြွင်းမဟာဘုတ်မှာမွေးတဲ့ သူတစ်ဦးရဲ့ နာမည်ဟာ -
(၁) ကြာသပတေးစပြီး ကြာသပတေးဆုံးရင် ပက္ခတ်မိပါတယ်။
ဥပမာ- မောင်မောင် ၊ မိုးမိုး
(၂) ဗုဒ္ဓဟူးစပြီး သောကြာ ဆုံးနေရင် (သို့) သောကြာ စပြီး ဗုဒ္ဓဟူး ဆုံးနေရင် ပက္ခတ်မိပါတယ်။
ဥပမာ- ဝင်းသိန်း၊ သန်းလွင်၊ လှလှသူ၊ သီသီဝင်း
(၃) စနေစပြီး အင်္ဂါဆုံးနေရင် (သို့) အင်္ဂါ စပြီး စနေ ဆုံးနေရင် ပက္ခတ်မိပါတယ်။
ဥပမာ- နိုင်ဇော်၊ စိုးတင့်၊ နွယ်နွယ်ဇင်၊ ဇင်မာထွန်း
(၄) တနင်္ဂနွေစပြီး တနင်္လာ ဆုံးနေရင် (သို့) တနင်္လာစပြီး  တနင်္ဂနွေ ဆုံးနေရင် ပက္ခတ်မိပါတယ်။
ဥပမာ- အောင်ကျော်၊ ချမ်းအေး၊ အိအိခင်၊ ခိုင်ခိုင်ဦး
ဒီ(၄)မျိုး နဲ့လွတ်ရင်တော့ “ပက္ခတ်” လွတ်ပါတယ်။ သတိပြုရမှာ နာမည် အစ နဲ့ အဆုံး နေ့နံကိုသာ ယူပါတယ်။ အလယ်နေ့နံတွေကို မယူရပါဘူး။
.
(၆) ကြွင်း ဖွားများအား ပက္ခတ်စစ်ဆေးနည်း
ဒါကတော့ (၆)ကြွင်း မဟာဘုတ်ခွင် ဖြစ်ပါတယ်
ကိုယ်မွေးတဲ့ ခုနှစ်ဟာ (၆)ကြွင်းဖြစ်နေရင် ဒီမဟာဘုတ်ခွင်နဲ့ သက်ဆိုင် ပါတယ်။ အဲဒီ (၆)ကြွင်းမဟာဘုတ်မှာမွေးတဲ့ သူတစ်ဦးရဲ့ နာမည်ဟာ -
(၁) သောကြာ စပြီး သောကြာ ဆုံးရင် ပက္ခတ်မိပါတယ်။
ဥပမာ- သိန်းဟန် ၊ သီသီ
(၂) ကြာသပတေးစပြီး စနေ ဆုံးနေရင် (သို့) စနေ စပြီး ကြာသပတေး ဆုံးနေရင် ပက္ခတ်မိပါတယ်။
ဥပမာ- မင်းထွန်း၊ နိုင်မင်း၊ မိုးမိုးနိုင်၊ တင်တင်မြင့်
(၃) တနင်္ဂနွေစပြီး ဗုဒ္ဓဟူးဆုံးနေရင် (သို့) ဗုဒ္ဓဟူး စပြီး တနင်္ဂနွေ ဆုံးနေရင် ပက္ခတ်မိပါတယ်။
ဥပမာ- အောင်ဝင်း၊ ရန်အောင်၊ အိအိဝင်း၊ ယုယုအေး
(၄) တနင်္လာစပြီး အင်္ဂါ ဆုံးနေရင် (သို့) အင်္ဂါစပြီး  တနင်္လာ ဆုံးနေရင် ပက္ခတ်မိပါတယ်။
ဥပမာ- ကျော်ညွန့်၊ စိုးခိုင်၊ ခင်ခင်ညွန့်၊ ညိုညိုခင်
ဒီ(၄)မျိုး နဲ့လွတ်ရင်တော့ “ပက္ခတ်” လွတ်ပါတယ်။ သတိပြုရမှာ နာမည် အစ နဲ့ အဆုံး နေ့နံကိုသာ ယူပါတယ်။ အလယ်နေ့နံတွေကို မယူရပါဘူး။
.
(ဝ) ကြွင်း ဖွားများအား ပက္ခတ်စစ်ဆေးနည်း

ဒါကတော့ (၀)ကြွင်း မဟာဘုတ်ခွင် ဖြစ်ပါတယ်
ကိုယ်မွေးတဲ့ ခုနှစ်ဟာ (၀)ကြွင်းဖြစ်နေရင် ဒီမဟာဘုတ်ခွင်နဲ့ သက်ဆိုင် ပါတယ်။ အဲဒီ (၀)ကြွင်းမဟာဘုတ်မှာမွေးတဲ့ သူတစ်ဦးရဲ့ နာမည်ဟာ -
(၁) စနေ စပြီး စနေ ဆုံးရင် ပက္ခတ်မိပါတယ်။
ဥပမာ- ထွန်းထွန်း ၊ နွယ်နီ
(၂) သောကြာစပြီး တနင်္ဂနွေ ဆုံးနေရင် (သို့) တနင်္ဂနွေ စပြီး သောကြာ ဆုံးနေရင် ပက္ခတ်မိပါတယ်။
ဥပမာ- သန်းအေး၊ အောင်သိန်း၊ သီသီအေး၊ အိအိဟန်
(၃) တနင်္လာစပြီး ကြာသပတေးဆုံးရင် (သို့) ကြာသပတေး  စပြီး တနင်္လာ ဆုံးနေရင် ပက္ခတ်မိပါတယ်။
ဥပမာ- ကျော်မင်း၊ ပြေငြိမ်း၊ ခိုင်ခိုင်မော်၊ မီမီကို
(၄) အင်္ဂါစပြီး ဗုဒ္ဓဟူး ဆုံးနေရင် (သို့) ဗုဒ္ဓဟူးစပြီး  အင်္ဂါ ဆုံးနေရင် ပက္ခတ်မိပါတယ်။
ဥပမာ- စိန်ဝင်း၊ ရဲဇော်၊ စိုးစိုးဝင်း၊ ယဉ်ယဉ်ဆွေ
ဒီ(၄)မျိုး နဲ့လွတ်ရင်တော့ “ပက္ခတ်” လွတ်ပါတယ်။ သတိပြုရမှာ နာမည် အစ နဲ့ အဆုံး နေ့နံကိုသာ ယူပါတယ်။ အလယ်နေ့နံတွေကို မယူရပါဘူး။

စာရေးသူရဲ့ ဗေဒင်လေ့လာမှုသက်တမ်းတစ်လျှောက်မှာ ပက္ခတ်မိခြင်းကြောင့် ဒုက္ခအမျိုးမျိုးနဲ့ ကြုံရသူတွေ ဒုနဲ့ဒေး ရှိနေပါတယ်။ ဒီလို ဘာကြောင့် ပက္ခတ်မိနေတဲ့ နာမည်တွေ ကို အတွေ့ရများရတာလည်းဆိုတော့ တစ်ချို့သော ဗေဒင် နည်းစနစ်တွေမှာကိုယ်၌က အလွန်ပက္ခတ်မိလွယ်တဲ့ ဗေဒင် နည်းစနစ် တွေဖြစ်နေလို့ပါဘဲ။ အလွန်သတိထားရပါတယ်။

ဒါပေမယ့် “ပက္ခတ်” မိတိုင်း ကြောက်စရာလား။ အသေဆိုးသေမှာလား၊ ကိုယ်အင်္ဂါ ချို့ယွင်းမှာလား။ အိမ်ထောင်ကွဲမှာ လားလို့ မေးစရာရှိပါတယ်။ “ပက္ခတ်” မိပေမယ့်လည်း ဘာမှ မဖြစ်ဘဲ ကျန်းကျန်းမာမာ၊ ချမ်းချမ်းသာသာနဲ့ သက်တမ်းပြည့် နေသွားရသူတွေလည်း ရှိပါတယ်။ ဒါပေမယ့် အရေအတွက်တော့ နည်းပါတယ်။  

တစ်ချို့ကြပြန်တော့လည်း ငယ်ငယ်ရွယ်ရွယ်နဲ့ တစ်ခုလပ်၊ မုဆိုးဖို/ မုဆိုးမဖြစ်ပြီး နောက်အိမ်ထောင် ထပ်ကျပြီး ကာမှ ဘာဘေးဥပဒ်မျိုးမှ မတွေ့ရတော့ဘဲ နောက်အိမ်ထောင်နဲ့ အိုအောင်,မင်းအောင် ပေါင်းသင်းသွားရတာမျိုးလည်း ရှိပါတယ်။ (တစ်ခါနဲ့ ပြီးသွားတဲ့ သဘောပေါ့)။

တစ်ချို့ကျတော့ Accident တွေ အကြိမ်ကြိမ်ဖြစ်တယ်။ ဒါပေမယ့် မသေဘူး။ ကြံဖန်လွတ်တယ်။ ခဏခဏ တော့ ကြုံရတယ်။ ဥပမာ- ဗဟုသုတအနေနဲ့ ပြောရင် ကျူးဘားနိုင်ငံ ရဲ့ သမ္မတကြီးဖီဒယ်ကတ်စ်ထရိုကို အမေရိကန် စီအိုင်အေ(C.I.A)က အကြိမ်ပေါင်းများစွာ လုပ်ကြံဖို့ ကြိုးစားခဲ့ပေမယ့် မသေဘဲ အကြိမ်ကြိမ် လွတ်မြောက်ခဲ့ဘူးတဲ့ သာဓက ရှိပါတယ်။ “ဖီဒယ်ကတ်စ်ထရို” ဟာ နာမည် ပက္ခတ်မိနေသူတစ်ဦးဖြစ်ပါတယ်။

ဒါကြောင့် ကိုယ့်နာမည် ပက္ခတ် မိနေရင် အရမ်းမကြောက်ပါနဲ့။ သတိတော့ ထားပါ။ သိပ်စွန့်စားရမယ့် အလုပ်တွေကို ရှောင်ပါ။ ကျွန်တော်ရဲ့ Download ယူကြမယ် ထဲက လက်ကမ်းစာစောင်လေးကို Download လုပ်ယူပြီး ကိုယ့်ရဲ့ ကောင်းတဲ့ သက္ခတ် နဲ့ မကောင်းတဲ့ သက္ခတ် တွေလေ့လာကြည့်ပါ။ 

သက္ခတ်အညံ့ထဲမှာ ရောက်နေရင် ယတြာပြုပေးပါ။ နောက်ပြီး ယခင်ဘ၀တွေက ပါမလာခဲ့တဲ့ “အကုသိုလ်” ကို အခုဘ၀မှာ မပြုစု မပျိုးထောင် မိပါစေနဲ့။ နာမည် ပက္ခတ်မိသူတွေဟာ ယခုဘ၀မှာ အကုသိုလ်များလာရင် နောင်ဘ၀မဆိုင်းဘဲ အကျိုးပေးတတ်တာကို (လက်တွေ့ သုတေသန များအရ) တွေ့ရှိထားကြောင်း တင်ပြလိုက်ရပါတယ် ခင်ဗျား။
.
ဖတ်ရှုသူအားလုံး ကျန်းမာချမ်းသာကြပါစေသော်။
.
ဒေါက်တာတင်ဗိုလ်ဗိုလ် (ကွန်ပျူ-ဗေဒသုခုမ)

No comments:

Post a Comment