Wednesday, November 5, 2008

ဒုက္ခပေးတဲ့ အင်္ဂါ ဗုဒ္ဓဟူး စနေ (၁)

သက်ရောက်ကိန်း ဆိုတာ လက်ဆန်းဗေဒင်ပညာနဲနဲလေ့လာဘူးရင် သိမှာပါ။ လွယ်လွယ်လေးပါ။ ကိုယ့်ရဲ့ လက်ရှိ ရောက်နေတဲ့ အသက်ကိုတည် ၊ (၈) နဲ့စား ၊ အကြွင်းကို ကိုယ့်ရဲမွေးနံကနေ စပြီး လကျာင်္ရစ် နာရီလက်တံအတိုင်း ထောက်ပြီးရေသွား၊ ကျတဲ့နှစ်ဟာ ကိုယ့်ရဲ့ လက်ရှိရောက်နေတဲ့ သက်ရောက်နှစ် (သက္ခတ်နှစ်) ပေါ့။


မြန်မာ့ရိုးရာ သက္ခတ်ဗေဒင်ပညာဟာ လွယ်ကူတယ်။ ရိုးရှင်းတယ်။ အထင်ကြီးစရာ မရှိဘူး။ ဒါပေမယ့် အင်မတန် အသုံးတဲ့ပြီး မှန်ကန်တဲ့ရာနှုန်းများတယ်။ သက်ရောက်ကိန်းကိုတွက်ပြီး လွယ်လွယ်လေးပြောနိုင်တယ်။
သက်ရောက်ကိန်း ဆိုတာ လက်ဆန်းဗေဒင်ပညာနဲနဲလေ့လာဘူးရင် သိမှာပါ။ လွယ်လွယ်လေးပါ။ကိုယ့်ရဲ့ လက်ရှိ ရောက်နေတဲ့ အသက်ကိုတည် ၊ (၈) နဲ့စား ၊ အကြွင်းကို ကိုယ့်ရဲမွေးနံကနေ စပြီး လကျာင်္ရစ် နာရီလက်တံအတိုင်း ထောက်ပြီးရေသွား၊ ကျတဲ့နှစ်ဟာ ကိုယ့်ရဲ့ လက်ရှိရောက်နေတဲ့ သက်ရောက်နှစ် (သက္ခတ်နှစ်) ပေါ့။


ဥပမာ- အသက် (၂၈) နှစ်ထဲမှာ ရောက်နေတဲ့ တနင်္ဂနွေသားဆိုပါစို့။
(၂၈) ကိုတည် (၈) နဲ့စားတော့ အကြွင်း (၄) ရတယ်။ အောက်က ဇယားကွက်မှာ တနင်္ဂနွေကနေ စပြီး လင်္ကျာရစ် နာရီလက်တံ အတိုင်းထောက်သွား။ ဗုဒ္ဓဟူးထဲမှာ ကျလိမ့်မယ်။ အဲဒီတော့ အဲဒီ တနင်္ဂနွေသားဟာ ဗုဒ္ဓဟူးသက္ခတ် ထဲမှာ သက်ရောက် ကိန်းကျနေတာပေါ့။

မရှင်းသေးရင် ထပ်တွက်ပြဦးမယ်။ (ဗေဒင်လုံးဝနားမလည်သူတွေအတွက်ပါ)။
အသက် (၇၃) နှစ်ထဲမှာ ရောက်နေတဲ့ စနေသား ဆိုကြပါစို့။ (၇၃) ကို (၈) နဲ့ စားတော့ (၁)ကြွင်းတယ်။
စနေသားဆိုတော့ စနေက စပြီးရေရမှာဆိုတော့ (၁)ဟာ စနေမှာဘဲ ပြန်ကျမှာပေါ့။ ရှင်းတယ်နော်။




ဟုတ်ပြီ။ အဲဒီတော့ အပေါ်ကဇယားမှာ အင်္ဂါ၊ ဗုဒ္ဓဟူး၊ စနေ တွေကို အမဲရောင်ချယ်ထားတာက ဘာဖြစ်လို့ပါလဲ။ မကောင်းလို့ပေါ့ဗျာ။ ဟုတ်ပါတယ်။ လူတွေဟာ သက္ခတ်ဗေဒင်ပညာအရ အင်္ဂါ၊ ဗုဒ္ဓဟူး၊ စနေ ဂြိုဟ်တွေထဲမှာ သက်ရောက်ကိန်း ကျပြီးဆိုတာနဲ့ ဒုက္ခတွေ တစ်ခုပြီးတစ်ခုကြုံရလာရတတ်ပါတယ်။ ကျန်းမာရေး၊ စီးပွားရေး၊ အိမ်ထောင်ရေး၊ အမှုအခင်း၊ အရှုတ်အထွေးတွေ များလာတတ်ပါတယ်။ အပြိုင်အဆိုင်တွေမှာ ရှုံးနိမ့်တတ်ပါတယ်။
ဗေဒင်ဆရာတွေဆီကို ရောက်လာတဲ့ လူတွေဟာ များသောအားဖြင့် အင်္ဂါ၊ ဗုဒ္ဓဟူး၊ စနေ တွေထဲမှာပါ။ ဒီအထဲတွေကို ရောက်လာပြီဆိုရင် ဗေဒင်ဆရာတွေဆီကို ပြေးလာကြတတ်တော့တာပါဘဲ။ ကျန်တဲ့ အဖြူရောင်ပြထားတဲ့ သက်ရောက်တွေထဲမှာ ဆိုရင်တော့ ဗေဒင်ဆရာတွေကို သိပ်သတိမရတတ်ကြပါဘူး။ (များသောအားဖြင့် အဆင်ပြေ နေကြတာကိုး)
ဒီနေရာမှာ ကြုံလို့ခံစားချက်တစ်ခုကို ဗေဒင်ပညာလေ့လာနေတဲ့ လူငယ်တွေကို ပြောပြချင်သေးတယ်။ ဗေဒင်ဆရာ များ လုပ်မစားကြပါနဲ့ဗျာ။ ဗေဒင်ဆရာဆိုတာ ဘာနဲ့တူသလဲဆိုရင် “အိမ်သာ” လိုပါဘဲ။ ဗိုက်နာရင်တော့ ပြေးလာကြ ပါတယ်။ ကိစ္စပြီးသွားရင်တော့ ဆင်းသွားပြီး ပြန်လှည့်မကြည့်ကြတော့ပါဘူး။ ဒုက္ခတွေ့လာပြီဆိုရင် ဆရာ, ဆရာ နဲ့ ။ အောင်မြင် အဆင်အပြေနေရင်တော့ လုံးဝသတိမရကြတော့ပါဘူး။

အလကားနော်။ ရယ်စရာပြောပြတာပါ။ ကြာလာတော့လည်း အရေထူနေပါပြီ။ လူ့သဘာဝဆိုတာ ဒီလိုပါဘဲလားလို့ ဘဲ နားလည်ခွင့်လွှတ်ပေးလိုက်ပါတယ်။ ကဲ - ဆက်ကြရအောင်။

ကြာသပတေးဂြိုဟ်ကြတော့ မီးခိုးရောင်ဖျော့ထားတဲ့ သဘောကတော့ ကြာသပတေးသက်ရောက်မှာတော့ အကောင်း၊ အဆိုး ဒွန်တွဲနေတတ်လို့ပါ။ အင်္ဂါ၊ ဗုဒ္ဓဟူး၊ စနေ တွေလောက် မဆိုးဘဲ ကောင်းတာလည်းရှိ၊ ဆိုးတာလည်း ရှိတတ် လို့ပါ။ အဲဒီ မကောင်းတဲ့ သက္ခတ်တွေဖြစ်တဲ့ အင်္ဂါ၊ ဗုဒ္ဓဟူး၊ စနေ နဲ့ ကြာသပတေးဂြိုဟ်တွေအကြောင်းရဲ့ အကျဉ်းချုပ် ကတော့ ဒီလိုပါ။

အင်္ဂါသက္ခတ်

လူတစ်ဦးဟာ အင်္ဂါသက္ခတ်ထဲကို ရောက်လာပြီဆိုရင် များသောအားဖြင့် “စိတ်လေ” လာတတ်ကြတယ်ဗျ။ ဟိုသွားချင်၊ ဒီသွားချင်၊ ဟိုအလုပ်ပြောင်းချင်၊ ဒီအလုပ်ပြောင်းချင်၊ ဟိုကိစ္စ ဒီကိစ္စထဲ ဝင်ပါချင် လာတတ်ကြတယ်။ အချီကြီး အပွကြံချင်၊ ဉာဏ်နီ ဉာဏ်နက် ထုတ်ချင် လာတတ်တယ်။ လက်ရှိဘဝအခြေအနေကို ငြီးငွေ့လာတတ် ကြပါတယ်။ အပြောင်းအလဲ တစ်ခုခုကို လုပ်ချင်လာတတ်ကြပါတယ်။ ဒါပေမယ့် အင်္ဂါသက္ခတ်ထဲမှာ အပြောင်းအလဲ တစ်ခုခုလုပ်တာဟာ “သေချင်တဲ့ကျား တောပြောင်း” သလို ဖြစ်တတ်တာကို အထူးသတိပြုရပါမယ်။ ဒီလို အပြောင်း အလဲလုပ်တာဟာ လူနည်းစုလောက်ကိုသာ အဆင်ပြေစေတတ်ပြီး လူများစုမှာတော့ အမှားတွေ့တတ် ကြပါတယ်။ ထင်တိုင်းမပေါက်ဘဲ ဖြစ်သွားတတ်ကြပါတယ်။ ကျန်းမာရေး ရှောင်တခင် ဖြစ်တတ်ပြီး ညံ့လာတတ်ပါတယ်။ ဒီသက္ခတ် ထဲမှာ အထူးသတိထားကြရမှာကတော့ (၃)ကြွင်း နှစ် နဲ့ (ဝ) ကြွင်း နှစ်ဖွားများဖြစ် ပါတယ်။ သူတို့ဟာ အခြားသူများ ထက် ဆိုးအားပိုမိုပြင်းထန် တတ်ကြပါတယ်။ အလူးအလဲ ဖြစ်တတ်ပါတယ်။
(၃)ခုကြွင်းနှစ်တို့၊ (ဝ) ခုကြွင်း နှစ်တို့ ဆိုတာကတော့ မိမိမွေးဖွားတဲ့ မြန်မာသက္ကရာဇ် ကို တည်ပြီး (၇) နှင့် စားရင် ကြွင်းတဲ့ အကြွင်းကို ခေါ်ဆိုတာပါ။ မြန်မာသက္ကရာဇ်နော်။ အင်္ဂလိပ်ခုနှစ်မဟုတ်ဘူး။ မြန်မာသက္ကရာဇ်မသိရင် နှစ်တစ်ရာပြက္ခဒိန်ဝယ်ပြီး တိုက်ကြည့်ရင် ရပါတယ်။

ဗုဒ္ဓဟူးသက္ခတ်

အလွန်မကောင်းတဲ့ သက္ခတ်တစ်ခုဖြစ်ပါတယ်။ ဗုဒ္ဓဟူးသက္ခတ်ဟာ လူတော်တော်များများကို ဒုက္ခ အကြီးအကျယ် ပေးတတ်တာကို တွေ့ရပါတယ်။ အင်္ဂါ နဲ့ စနေ သက္ခတ်များအတွင်းမှာ ကောင်းချင် ကောင်းနိုင်ပါသေးတယ်။ ဗုဒ္ဓဟူးသက္ခတ် ထဲမှာ အကောင်းဖြစ်တာ အလွန်ရှားလှပါတယ်။ ကျန်းမာရေး၊ စီးပွားရေး၊ အိမ်ထောင်ရေးတွေ အလွန်ဘဲ ပျက်စီးတတ်ပါတယ်။ အလုပ်သစ်၊ အကိုင်သစ်၊ စီးပွားသစ် လုံးဝ မထူထောင်သင့်တဲ့ နှစ်တစ်ခုဖြစ်ပါတယ်။ ဗုဒ္ဓဟူးသက္ခတ် ထဲမှာ စတင်တည်ထောင်တဲ့ စီးပွားရေး လုပ်ငန်းတွေရဲ့ ၉ဝ% လောက်ဟာ လုံးဝမအောင်မြင်ကြဘဲ ပျက်စီးသွားကြတာကို မကြာခဏ တွေ့ရတတ်ပါတယ်။ ဒီလိုနှစ်မျိုးမှာ နိုင်ငံခြားကို ထွက်မယ်ဆိုရင်လည်း ငွေအလိမ်ခံရ၊ နှောင့်နှေးကြန့်ကြာကြ၊ ဟိုရောက်ရင်လည်း အဆင်မပြေကြဘဲ စိတ်ဆင်းရဲရတာမျိုးတွေ အလွန်တွေ့ရ ပါတယ်။ ဗုဒ္ဓဟူးသက္ခတ် ထဲမှာ ဖြစ်ပေါ်ဝင်ရောက်လာတဲ့ “အကြံအစည်သစ်၊ လုပ်ငန်းသစ်၊ ငွေစုငွေပုံ၊ လာဘ်လာဘ၊ တိုက်တာခြံမြေဝယ်ယူခြင်း၊ ရာထူးတက်ခြင်း၊ လက်ထပ်ထိမ်းမြားခြင်း” များဟာ အဆုံးသတ်မှာတော့ မကောင်းတတ်ကြပါဘူး။ ဗုဒ္ဓဟူးသက္ခတ်ထဲမှာ ငွေစုငွေပုံလည်း ဝင်ချင်ဝင်မယ်၊ ရာထူးလည်း တက်ချင်တက်မယ် - ဒါပေမယ့် အဆုံးသတ် မကောင်းတတ်ကြဘူး။ ဗုဒ္ဓဟူးသက္ခတ်ထဲမှာ ထီပေါက်ပြီး ကံကောင်းသလိုနဲ့ နောက်ဆုံး ထီ မပေါက်ခင် အခြေအနေထက် ဆိုးတဲ့ဘဝမျိုးကို ရောက်သွားကြတာမျိုး ခဏခဏ တွေ့ရတတ်ပါတယ်။ ဒါကြောင့် ဗုဒ္ဓဟူးသက္ခတ် ထဲကို ရောက်လာပြီဆိုရင် ငြိမ်ငြိမ်နေ၊ လက်ရှိအလုပ်ကိုဘဲ မှိန်းပြီးလုပ်နေ၊ ယတြာ မပြတ်ချေပေးနေရမယ့် နှစ်တစ်ခုဖြစ်တယ်လို့သာ အကြံပေးချင်ပါတယ်။(ကျွန်တော်ကိုယ်တိုင် ဗုဒ္ဓဟူးသက္ခတ်ထဲမှာ မယုံလို့ စမ်းကြည့်တာ တစ်ခါလုပ် တစ်ခါကုန်၊ နှစ်ခါလုပ် နှစ်ခါ ကုန်ပါဘဲ)။ ဗုဒ္ဓဟူးသက္ခတ်ထဲမှာ စပ်တူဆိုရင် လုံးဝရှောင်ပါ။ ကိုယ်ကိုယ်တိုင် သက္ခတ်ကောင်းထဲမှာရောက်နေပေမယ့် ဗုဒ္ဓဟူးသက္ခတ်ထဲ ရောက်နေတဲ့လူနဲ့ စပ်တူလုပ်လိုက်ရင်လည်း ရှိတာလေး ပါသွားတတ်တာပါဘဲ။ ဒီသက္ခတ်ထဲမှာ (၄)ခုကြွင်း နဲ့ (၁)ခုကြွင်းနှစ်တွေမှာ မွေးဖွားသူတွေ အထူးသတိရှိပါ။ အခြားသော အကြွင်းနှစ်တွေမှာ မွေးတဲ့သူတွေထက် ပိုဆိုးတတ်ပါတယ်။

စနေသက္ခတ်

စနေဂြိုဟ်ဆိုရင် လူတွေက အလွန်ကြောက်ကြပါတယ်။ လက်တွေ့မှာလည်း စနေသက္ခတ်ထဲမှာ အမှုအခင်း ဖြစ်တာတွေ၊ အနာရောဂါဖြစ်တာတွေ၊ ဆေးရုံဆေးခန်း တက်ရတာတွေ၊ ခွဲစိတ်ကုသခံရတာတွေ၊ မတော်တဆ ထိခိုက်ခံရတာတွေ၊ ရေဘေး မီးဘေး စတဲ့ သဘာဝဘေးအန္တရာယ် ကျရောက်တတ်တာတွေ၊ ထောင်ကျ အချုပ်ကျ တာတွေ၊ ဥပစ္ဆေဒကကံ သင့်တာတွေ၊ နာမည်ပျက် အရှက်ကွဲ သိက္ခာကျဆင်းတာတွေ စတဲ့ “မကောင်းတာမှန်သမျှ အကုန်ဖြစ်နိုင်တဲ့” ကာလ တစ်ခုဖြစ်ပါတယ်။ အကြံပေးလိုတာကတော့ စနေဂြိုဟ်ရဲ့ သက္ခတ်ထဲကို ရောက်လာပြီ ဆိုရင် အန္တရာယ် ရှိတဲ့ နေရာကို မသွားနဲ့၊ အန္တရာယ်ရှိတဲ့အလုပ်ကို မလုပ်နဲ့၊ အန္တရာယ်ရှိတဲ့ စကားကို မပြောကြပါနဲ့။ အလွန် ဒုက္ခတွေ့လွယ်တတ်ပါတယ်။ ဘာမှ မဟုတ်တာလေးနဲ့လည်း ထောင်ကျသွားနိုင်ပါတယ်။ အလုပ်ပြုတ်၊ ရာထူးပြုတ်၊ စည်းစိမ်ပြုတ်၊ ဘဝပျက်၊ ရောဂါရ ဖြစ်တတ်ယုံမက အဆင်မသင့်ရင် အသက်ကိုပါ ဆုံးရှုံးသွားစေ နိုင်ပါတယ်။ မိသားစု ချစ်သူခင်သူများနဲ့ ကွဲကွာတတ်ပြီး အချစ်ရေး၊ အိမ်ထောင်ရေးတွေမှာ အသဲကွဲရ၊ သစ္စာဖောက် ခံရတတ်တဲ့ နှစ်မျိုးလည်း ဖြစ်ပါတယ်။ ဒီသက္ခတ်ထဲမှာ (၄)ခုကြွင်း နဲ့ (ဝ)ခုကြွင်းနှစ်တွေမှာ မွေးဖွားသူတွေ ပိုမိုဂရုပြုရပါမယ်။ အခြားသော အကြွင်းနှစ်တွေမှာ မွေးတဲ့သူတွေထက် ပိုဆိုးတတ်ပါတယ်။

ကြာသပတေးသက္ခတ်

ကြာသပတေးသက္ခတ်ကတော့ အကောင်းအဆိုးရောနေတဲ့ သက္ခတ်တစ်ခုဖြစ်ပါတယ်။ ဒါပေမယ့် အကောင်းဘက်က ပိုများပါတယ်။ အင်္ဂါ၊ ဗုဒ္ဓဟူး နဲ့ စနေ နှစ်ပိုင်းတွေမှာ ကုသိုလ်ကောင်းမှုနဲ့ ယတြာတွေကို လစဉ် မှန်မှန် ပြုလုပ်ခဲ့သူများဖြစ်ရင်တော့ ဒီနှစ်ထဲမှာ အကောင်းခံစားရတတ်တာ ပိုများပါတယ်။ ကြာသပတေးသက္ခတ် ဟာ အပေါ်ယံ အမြင်ပန်းကောင်းပြီး အတွင်းဘက်မှာ အနှစ်သာရမရှိတဲ့ “ကျီးအာသီး” နဲ့ တူတယ်လို့ မှတ်ချက်ပြုချင်ပါတယ်။ ကြာသပတေးသက္ခတ်ကို “ရွှေကျောင်းပြောင်ပြောင် ဝမ်းခေါင်ခေါင်” လို့လည်း တင်စား တတ်ကြပါသေးတယ်။ ကြာသပတေးဂြိုဟ်ထဲမှာ ဖြစ်တတ်တာကတော့ လုပ်ငန်းတွေထဲမှာ ငွေတွေမြုတ်နေပြီး ပြန်ဖော်မရတာမျိုး ဖြစ်တတ်တယ်။ လုပ်ငန်းကကြီးလာပြီး ငွေကမနိုင်တာမျိုးဖြစ်တတ်တယ်။ လူပင်ပန်းပြီး အကျိုးမရှိတာမျိုး လုပ်ရတတ်တယ်။ အလုပ်တွေ မနိုင်မနင်းဖြစ်တတ်တယ်။ ရာထူးတတ်ပြီး ယူရတဲ့တာဝန်က ရာထူးနဲ့ မမျှအောင် ကြီးမားလွန်းနေတတ်တယ်။ စီးပွားရေးသမားတွေမှာ အပေါ်ယံဟန်ကောင်းပြီး ငွေကြေး ကြပ်တည်း နေတတ်တယ်။ သိပ်ပြီး ထင်ထားတာတွေက ဖြစ်မလာဘဲ ၊ မထင်ထားတာတွေက ဖြစ်လာ တတ်တယ်။ (၂)ခုကြွင်း နဲ့ (၅)ခုကြွင်းနှစ်တွေမှာ မွေးဖွားသူတွေ ဆိုရင် ကျန်းမာရေး ဂရုပြုရ ပါမယ်။ အမှားမရှိအောင် နေတတ်ရင်တော့ သိပ်မဆိုးလှတဲ့ သက္ခတ်တစ်ခုဖြစ်ပါတယ်။
ကြာသပေတးဂြိုဟ်နဲ့ ပတ်သက်ပြီး မှတ်သားစရာကောင်းတဲ့ အချက်ကတော့ အင်္ဂါ၊ ဗုဒ္ဓဟူးနဲ့ စနေဂြိုဟ် များအတွင်းမှာ ယတြာနဲ့ ကုသိုလ်ကောင်းမှုတွေကို များများလုပ်ခဲ့တဲ့သူများဟာ ဒီဂြိုဟ် အတွင်းမှာ သိသိ သာသာ အကျိုးခံစားလာရတာ၊ စီးပွားရာထူးတက်လာကြတာ အထင်အရှားတွေ့ရပါတယ်။ နောက်ပြီး တစ်ချို့ အင်္ဂါ၊ ဗုဒ္ဓဟူးနဲ့ စနေဂြိုဟ် များအတွင်းမှာ ကုသိုလ်မလုပ်၊ ယတြာမချေဘဲ ဘာအဆိုးမှ မတွေ့ခဲ့ဘူး ဆိုရင်တော့ ကြာသပတေး ဂြိုဟ်ထဲမှာ ပိုမိုသတိထားဖို့ လိုပါတယ်။ ဒုက္ခဂြိုဟ်တွေထဲကနေ ဘာမှမဖြစ်ဘဲ ရင်ကော့ပြီး ထွက်အလာမှာ ကြာသပတေးဂြိုဟ်က အပေါက်ကနေ စောင့်ပြီး ရိုက်ချတတ်ပါတယ်။ အလဲအကွဲဖြစ်သွားတတ်ပါတယ်။ ဒါမျိုး မကြာခဏတွေ့ရဖူးလို့ပါ။

ဒီသက္ခတ်ဗေဒင်အရ အထက်ပါအချက်တွေ မှန်မမှန်ဆိုတာ ကိုယ်ကိုယ်တိုင် နဲ့ ကိုယ့်မိသားစု၊ ဆွေမျိုးတွေကို တွက်ချက်ကြည့်ပေါ့ဗျာ။ လူများများတွက်ကြည့်လေလေ မှန်လေလေဆိုတာ ကိုယ်တိုင်လက်ခံလာမှာပါ။
ဒါနဲ့ အခုပြီးသွားတဲ့ အမေရိကန် ရွေးကောက်ပွဲကိုဘဲကြည့်လေ။ အိုဘားမားက ရာဟုသက္ခတ်။ အလွန်စန်းပွင့်တဲ့ သက္ခတ်။ လူထုထောက်ခံမှုကို အလွန်ရတတ်တဲ့သက္ခတ်။
မက်ကိန်းက စနေသက္ခတ်။ ရှုံးနိမ့်တတ်တဲ့ သက္ခတ်။ အထီးကျန်တတ်တဲ့သက္ခတ်။ လူအများရဲ့ မေ့လျော့မှုကို ခံရတတ်တဲ့ သက္ခတ်။ လက်တွေ့ဘဲလေ။ မက်ကိန်းနဲ့ အိုဘားမား ဘယ်သူနိုင်မလဲ အပိုင်း (၁) မှာ ကျွန်တော် တင်ပြ ခဲ့ပြီးပါပြီ။သူတို့ ဒီမိုကရက်ပါတီ သမ္မတလောင်းရွေးတုန်းကကော ပြန်ကြည့်မလား။ အဲဒီတုန်းက အိုဘားမားက ကြာသပတေး သက္ခတ်။ ဟီလာရီကလင်တန်က ဗုဒ္ဓဟူးသက္ခတ်။ ဘယ်သူနိုင်သွားလဲ။ ကြာသပတေးက ဗုဒ္ဓဟူးလောက် မဆိုးတော့ အိုဘားမား နိုင်သွားတယ်မဟုတ်လား။
လုပ်ကြံခံရတဲ့ နိုင်ငံခေါင်းဆောင်တွေ၊ ဥပစ္ဆေဒကကံနဲ့ သေဆုံးသွားတဲ့ ကမ္ဘာကျော်ပုဂ္ဂိုလ် တော်တော်များများ ဟာလည်း ဒီ အင်္ဂါ၊ ဗုဒ္ဓဟူး၊ စနေ တွေထဲမှာဘဲများတယ်ဗျ။
= ဂျာမန်အာဏာရှင် ဟစ်တလာ က စနေသက္ခတ် ထဲမှာ ကိုယ့်ကိုယ်ကို သတ်သေတယ်။
= သူ့လက်ရုံး ဟင်းမလား လည်း စနေသက္ခတ် ထဲမှာ ကိုယ့်ကိုယ်ကို သတ်သေတယ်။
= ဂျာမန်စစ်သေနာပတိ အာဝင်ရွန်းမဲလ် လည်း စနေသက္ခတ် ထဲမှာ သေဒဏ်ပေးခံရတယ်။
= ဂျပန် စစ်ဗိုလ်ချုပ်ကြီး ရာမာမိုတို က အင်္ဂါသက္ခတ် ထဲမှာ လေယာဉ်ပျက်ကျပြီး ကွယ်လွန်တယ်။
= မြန်မာနိုင်ငံက အာဇာနည်ခေါင်းဆောင် ဗိုလ်ချုပ်အောင်ဆန်း ဟာ စနေသက္ခတ် ထဲမှာ လုပ်ကြံခံရတယ်။
= အိန္ဒိယ လွတ်လပ်ရေးဖခင်ကြီး မဟတ္တမဂန္ဒီ က အင်္ဂါသက္ခတ် ထဲမှာ လုပ်ကြံခံရတယ်။
= အိန္ဒိယ ဝန်ကြီးချုပ် အင်ဒီရာဂန္ဒီ က ဗုဒ္ဓဟူးသက္ခတ် ထဲမှာ လုပ်ကြံခံရတယ်။
= လူးဝစ်မောင့်ဘက်တန် (ဗြိတိသျှဗိုလ်ချုပ်ကြီးဟောင်း) က ဗုဒ္ဓဟူးသက္ခတ် ထဲမှာ လုပ်ကြံခံရတယ်။
= ချီဂွေဗားရား က စနေသက္ခတ် ထဲမှာ အသတ်ခံရတယ်။
= အဲဗစ်ပရက်စလေ က စနေသက္ခတ် ထဲမှာ မူးယစ်ဆေးလွန်ပြီး ကွယ်လွန်သွားတယ်။
= ရိုမေးနီးယားအာဏာရှင် ချောင်စက်စကူ က ဗုဒ္ဓဟူးသက္ခတ် ထဲမှာ အသတ်ခံရတယ်။
= ကွန်ဖူးမင်းသား ဘရုစ်လီ က ဗုဒ္ဓဟူးသက္ခတ် ထဲမှာ ရုတ်တရက် ကွယ်လွန်သွားတယ်။
= ဆွီဒင်ဝန်ကြီးချုပ် အိုလော့ပန်း က ဗုဒ္ဓဟူးသက္ခတ် ထဲမှာ လုပ်ကြံခံရတယ်။
= စာရေးဆရာကြီး အားနက်စ်ဟင်းမင်းဝေး ဟာ စနေသက္ခတ် ထဲမှာ ကိုယ့်ကိုယ်ကို သတ်သေတယ်။
= ကုလသမဂ္ဂအတွင်းရေးမှူး ဒက်ဟမ္မားရှိုး ဟာ စနေသက္ခတ် ထဲမှာ လေယာဉ်ပျက်ကျပြီး ကွယ်လွန်သွားတယ်။
= ကမ္ဘာကျော် ဘီတဲလ်အဖွဲ့ဝင် (၄)ယောက်ထဲက ဂျွန်လီနွန် ဟာ ဗုဒ္ဓဟူးသက္ခတ် ထဲမှာ အသတ်ခံရတယ်။
= အစ္စရေးဝန်ကြီးချုပ် ရစ်ဇတ်ရာဘင် လည်း စနေသက္ခတ် ထဲမှာ လုပ်ကြံခံရတယ်။
= ဟောလီးဝုဒ် မင်းသမီးချော နာတာလီဝုဒ် က စနေသက္ခတ် ထဲမှာ ရေနစ်ပြီး သေတယ်။
= ဘင်္ဂလားဒေရှ့်နိုင်ငံရဲ ပထမဆုံးဝန်ကြီးချုပ် ရှိတ်မူဂျီဘူရာမန် က အင်္ဂါသက္ခတ် ထဲမှာ လုပ်ကြံခံရတယ်။
= ပါကစ္စတန် သမ္မတ ဇီယာအူလ်ဟတ်ခ် က အင်္ဂါသက္ခတ် ထဲမှာ လေယာဉ်ပျက်ကျပြီး ကွယ်လွန်သွားတယ်။

ပြောရရင်တော့ အများကြီးဘဲဗျာ။ ဒါပေမယ့် ဒါတွေက အပြင်းထန်ဆုံးဖြစ်ရပ်တွေပါ။ များသောအားဖြင့်တော့ အင်္ဂါ၊ ဗုဒ္ဓဟူး၊ စနေထဲမှာ ကျန်းမာရေး၊ စီးပွားရေး၊ အိမ်ထောင်ရေး ပျက်စီးကြတာများပါတယ်။ လုပ်သမျှကိုင်သမျှ အဆင် မပြေဖြစ်ကြတာ၊ လူလိမ်ခံရတာ၊ ဆွေမျိုးမိတ်ဆွေတွေရဲ့ ဒုက္ခပေးတာခံရတာမျိုးက ပိုများပါတယ်။ ကိုယ်ဆင်းရဲ၊ စိတ်ဆင်းရဲ အလွန် ဖြစ်တတ်ကြပါတယ်။ ဒါကြောင့် အင်္ဂါ၊ ဗုဒ္ဓဟူး၊ စနေ တွေဟာ ဒုက္ခအလွန်ပေးတတ်တဲ့ ဂြိုဟ်တွေဖြစ်တာကြောင့် အဲဒီအထဲကို ရောက်နေရင် ကုသိုလ်ကောင်းမှုများများလုပ်ပြီး ငြိမ်ငြိမ်နေဖို့သာ တိုက်တွန်း လိုက်ရပါတယ်ခင်ဗျား။ ယတြာလုပ်တာ ယုံကြည်သူများအတွက် ယတြာပြုနည်းများကို ဆက်လက်ဖော်ပြပါမယ်။
ဖတ်ရှုသူအားလုံး ကျန်းမာချမ်းသာကြပါစေခင်ဗျား။

ဒေါက်တာတင်ဗိုလ်ဗိုလ် (ကွန်ပျူဗေဒသုခုမ)

2 comments:

  1. ဆရာရေ ...

    အသက် (၃၆) နှစ်ထဲမှာ ရောက်နေတဲ့ ရာဟုသားဆိုပါစို့။
    (၃၆) ကိုတည် (၈) နဲ့စားတော့ အကြွင်း (၄.၅) ရပါတယ်။
    အဲ့ဒါကို ဘယ်လိုတွက်ရပါမလဲ ?

    ReplyDelete
  2. if "0" is resulted from calculation, what will happen?

    ReplyDelete