Monday, January 26, 2009

အင်္ဂါဂြိုဟ် နှင့် အိမ်ထောင်ရေး

.
မြန်မာစကားပုံ တစ်ခု ရှိပါတယ်။ ” အိမ်ထောင်မှု၊ ဘုရားတည်၊ ဆေးမှင်ရည် စုတ်ထိုး၊ ဤ သုံးခု ချက်မပိုင်လျှင်၊ နောင်ပြင်ရန် ခက်သည့်အမျိုး” တဲ့။ ဆိုလိုတာက အိမ်ထောင်ပြုတာရယ်၊ ဘုရားတည်တာရယ်၊ ဆေးမှင်ကြောင် ထိုးတာရယ်၊ ဒီ (၃)ခုဟာ စ, မိပြီဆိုရင် နောက်နောင်အခါမှာ ပြန်ပြင်ဖို့ အလွန်ခက်ခဲပါတယ်တဲ့။ လက်တွေ့ မှာကော ဟုတ်ပါရဲ့လား။

ဟိုး ယခင့်ယခင် အခါတုန်းကတော့ ဟုတ်ကောင်း ဟုတ်ခဲ့ပေမယ့် ဒီနေ့ဒီခေတ် အခါမှာတော့ ဒီစကားပုံဟာ မှန်သင့် သလောက် မမှန်နိုင်တော့ပါဘူး။ ရှေးခေတ်အခါတွေကတော့ အိမ်ထောင်တစ်ခုပြုပြီးပြီ ဆိုရင် အိမ်ထောင်ရေး အဆင်ပြေသည် ဖြစ်စေမပြေသည်ဖြစ်စေ သေတစ်ပန် သက်တစ်ဆုံး ပေါင်းသင်း သွားကြတာဘဲ များပါတယ်။ တော်ရုံတန်ရုံ အဆင် မပြေကြရုံ နဲ့တော့ ကွဲကြ ပြဲကြသည်အထိ မဖြစ်ခဲ့ကြပါဘူး။ ကျွန်တော်တို့ အဘိုးအဘွားတွေ ခေတ်ကပေါ့။


ဒီဘက်ခေတ် မှာတော့ အိမ်ထောင်တစ်ခုပြုတာ လွယ်လွယ်နဲ့ ပြုလိုက် ကြသလို အဆင်မပြေကြရင်လည်း လွယ်လွယ် နဲ့ဘဲ ကွဲလိုက်ကြပါတယ်။ ဒီလို ကိစ္စမျိုးတွေဟာ တစ်နေ့ထက်တစ်နေ့ များသည်ထက် များလာတာကို သတိပြုမိကြမှာပါ။ ဒီခေတ် လူငယ်တွေ ဟာ အိမ်ထောင်ရေး ကိစ္စကို သိပ်ပြီး အလေး အနက်မထားကြတော့ပါဘူး။ “ဝမ်းဂိုး၊ တူးကမ်း” ဆိုတာမျိုးလို ဖြစ်လာကြပါပြီ။

လူတွေ ဘာကြောင့် အိမ်ထောင်ကွဲကြပါသလဲ။ လူမှုရေး ရှုထောင့်က ကြည့်ရင်တော့ အကြောင်းအမျိုးမျိုးရှိကြမှာပေါ့။ ကျွန်တော် ဒီဆောင်းပါးမှာ ရေးသားတင်ပြမှာက လူမှုရေး ရှုထောင့်က မဟုတ်ပါဘူး။ ဗေဒင်ပညာ ရှုထောင့်ကနေ ဘာကြောင့် အိမ်ထောင်တွေ ကွဲရ ပျက်ရ ဖြစ်ရတယ်ဆိုတာကိုပါ။
ဗေဒင်ပညာမှာ အဓိကအားဖြင့်  အရှေ့တိုင်းမှာ လက်ရိုးဗေဒင်(နက္ခတ်) နဲ့ လက်ဆန်းဗေဒင်(မဟာဘုတ်၊ ဆန်း၊ အင်္ဂဝိဇ္ဇာ)နည်း တွေရှိပြီး အနောက်တိုင်းမှာတော့ ရာသီခွင်ဗေဒင်နဲ့ နျူမရိုလိုဂျီဗေဒင် တွေဆိုပြီး ရှိကြပါတယ်။ အရှေ့နဲ့အနောက် ဘယ်လိုဘဲ ကွဲပြားချက်တွေ ရှိနေပေမယ့် အိမ်ထောင်ရေး ပြဿနာတွေကို အဓိကကြိုးဆွဲနေတဲ့ ဇာတ်ဆရာ ဂြိုဟ်တစ်လုံးရှိပါတယ်။ အဲဒီဂြိုဟ်ကတော့ “အင်္ဂါ”ဂြိုဟ် ပါဘဲ။  

အင်္ဂါဂြိုဟ်ဟာ လူတွေရဲ့ဘဝကံကြမ္မာတွေအမျိုးမျိုးရှိတဲ့နေရာမှာ အိမ်ထောင်ရေးနဲ့ ပက်သက်ရင် တော်တော်လက်စွမ်း ထက်တဲ့ ဂြိုဟ်တစ်လုံးလို့ ဆိုရပါမယ်

လူတစ်ယောက်ရဲ့ အိမ်ထောင်ရေးကံကြမ္မာအပေါ်မှာ အင်္ဂါဂြိုဟ် ပါဝင်ပတ်သတ်နေတာကို “အင်္ဂါဒေါသသင့်တယ်” လို့ ခေါ်ဆိုနိုင်ပါတယ်။ “အင်္ဂါဒေါသသင့်” ခံရရင် လူတစ်ယောက်ရဲ့ အိမ်ထောင်ရေးဟာ ဘယ်လိုမှ သာယာမှု မရှိနိုင်တော့ပါဘူး။ အိမ်ထောင်ရေးဟာ ကံမကောင်းနိုင်တော့ပါဘူး။ ဘယ်လိုဟာမျိုးကို အိမ်ထောင်ရေးကံ မကောင်းတာလို့ ခေါ်ဆိုသတ်မှတ် ကြမလဲ။
.
= လူတစ်ယောက်အတွက် အိမ်ထောင်ရေးကံမကောင်းဘူးဆိုတာ အောက်ပါအချက်တွေ အကျုံးဝင်နေပါတယ်

(၁) မိမိ အမှန်တကယ် ချစ်ခင်နှစ်သက်သူနဲ့ လက်မထပ်ရခြင်း။
(၂) မိမိ မနှစ်သက်သောသူနှင့် လက်ထပ်ရခြင်း။
(၃) အကြောင်းအမျိုးမျိုးကြောင့် အိမ်ထောင်ပျက်ခြင်း၊ ကွဲခြင်း၊ အိမ်ထောင်ဆက်များခြင်း။
(၄) မိမိ အိမ်ထောင်ဘက်သည် လွပ်လပ်သူမဟုတ်ခြင်း။ (မိမိသည် ဒုတိယ၊ တတိယ အိမ်ထောင်ဖြစ်ရခြင်း)
(၅) အိမ်ထောင်ဘက်သည် သစ္စာမတည်ကြည်ဘဲ မကြာခဏ လော်လီဖောက်ပြား တတ်ခြင်း။
(၆) မိမိအိမ်ထောင်ဘက်သည် (ယောင်္ကျားဖြစ်က) စီးပွားဥစ္စာကို မရှာနိုင်ခြင်း၊ (မိန်းမဖြစ်က) စီးပွားဥစ္စာကို မထိန်းသိမ်းနိုင်ခြင်း။
(၇) မိမိ အိမ်ထောင်ဘက်၏ ဆွေမျိုးသားချင်းများ ဒဏ်ကို အလွန်ခံရခြင်း။
(၈) အချိန်မတိုင်မှီ အိမ်ထောင်ဘက်ကွယ်လွန်၍ မုဆိုးဖို၊ မုဆိုးမ ဖြစ်ရခြင်း။
(၉) အိမ်ထောင်ဘက်သည် အလွန်ဆိုးသွမ်းမိုက်မဲသူဖြစ်ခြင်း၊ သောက်စားပျော်ပါးလောင်းကစားမှုများခြင်း၊ အိမ် မကပ်ခြင်း။
(၁ဝ) ဘဝပေးအခြေအနေကြောင့် လင်မယားခြင်း အတူမနေရဘဲ မယ်တစ်ရွာ၊ မောင်တစ်မြို့ဖြစ်နေခြင်း။ တစ်နိုင်ငံစီ ခြားနေခြင်း။
(၁၁) မိမိကိုယ်တိုင်က မဖြစ်လိုဘဲ လူပျိုကြီး၊ အပျိုကြီး ဖြစ်နေရခြင်း။          
. .  စတဲ့ အချက်တွေနဲ့ ညိစွန်းနေရင် အိမ်ထောင်ရေး ကံ မကောင်းဘူးလို့ သတ်မှတ်ပါတယ်။

အဲသည်လိုဆိုရင် အိမ်ထောင်ရေး ကံမကောင်းစေတဲ့ “အင်္ဂါဒေါသ” သင့်တယ်ဆိုတာကရော ဘယ်လိုမျိုးကို ခေါ်ဝေါ် သတ်မှတ်ပါသလဲ။ ဘယ်လို ဥပဒေသတွေရှိပါသလဲ။  အင်္ဂါဒေါသ သင့်တာဟာ လက်ရိုးနဲ့ လက်ဆန်းပညာ နှစ်မျိုးစလုံးမှာ ရှိပေမယ့် လက်ရိုး ဥပဒေတွေဟာ ရှုပ်ထွေးပြီး နားလည်ရန် ခက်ခဲတာကြောင့် လက်ဆန်းဥပဒေသတွေနဲ့ ဂဏန်းဗေဒင် ရှုထောင့်မှသာ တင်ပြ လိုပါတယ်။ လက်ရိုးပိုင်းဆိုင်ရာကိုတော့ ချန်လှပ်ထားပါမယ်။

ဥပဒေသ(၁) လူတစ်ယောက်ဟာ (အထူးသဖြင့် မိန်းကလေးတစ်ယောက်ဟာ) အင်္ဂါ သားသမီးဖြစ်နေရင် အင်္ဂါဒေါသ သင့်ပါတယ်။
 
ဥပဒေသ (၂) မဟာဘုတ်မှာ အင်္ဂါဂြိုဟ်ဟာ မရဏ၊ ဘင်္ဂ နဲ့ ပုတိ ဌာနတွေမှာ ရောက်နေရင် အင်္ဂါဒေါသ သင့်ပါတယ်။ အောက်က
မဟာဘုတ်ခွင်(၃)ခွင်ကိုကြည့်ပါ။

(၃ကြွင်း)မဟာဘုတ် ခွင်မှာ အင်္ဂါရော၊ သောကြာပါ ဘင်္ဂ နဲ့ ပုတိ မှာ ရောက်နေပါတယ်။ (ဝကြွင်း) မဟာဘုတ်ခွင်မှာ အင်္ဂါဟာ မရဏမှာ ရောက်နေပါတယ်။ (၂ကြွင်း) မဟာဘုတ်ခွင်မှာ အင်္ဂါဟာ ပုတိမှာ ရောက်နေပါတယ်။ ဒီ အကြွင်း (၃)ခုဟာ နံပါတ် (၂) ဥပဒေသနဲ့ ညီပါတယ်။

ဥပဒေသ (၃) ယောင်္ကျားလေး ရဲ့ မဟာဘုတ်နဲ့ မိန်းကလေးရဲ့ မဟာဘုတ်ခြင်း ထပ်ကြည့်ရင် တစ်ယောက်ရဲ့ အင်္ဂါဂြိုဟ် ဟာ တစ်ယောက်ရဲ့ သောကြာဂြိုဟ်နဲ့ ထပ်မိနေရင် အင်္ဂါဒေါသ သင့်ပါတယ်။ အောက်ကပုံကိုကြည့်ပါ။
.
.
ဒီ မဟာဘုတ်ခွင် (၂)ခွင်မှာ  “ဘင်္ဂ” ဆိုတဲ့နေရာမှာ တစ်ဦးမှာ အင်္ဂါ(၃)ဂဏန်း ရှိပြီး တစ်ဦးမှာ သောကြာ(၆)ဂဏန်း ရှိပါတယ်။ အဲသည်လိုမျိုး ယောင်္ကျားလေးရဲ့ မဟာဘုတ်က သောကြာ (သို့) အင်္ဂါ နဲ့  မိန်းကလေးရဲ့မဟာဘုတ်က အင်္ဂါ (သို့) သောကြာနဲ့ ထပ်တဲ့သူနှစ်ဦး လက်ထပ်ကြမယ်ဆိုရင် အင်္ဂါဒေါသ သင့်ပြီး အိမ်ထောင်ရေးကံမကောင်းတတ်ပါ။ ဒီဥပဒေသအတိုင်းဆိုရင် -

(၁)ကြွင်း သားသမီးဟာ (၄) ကြွင်း (သို့မဟုတ်) (၅) ကြွင်း သားသမီး နဲ့ အိမ်ထောင်ပြုမယ်ဆိုရင်-
(၂)ကြွင်း သားသမီးဟာ (၅) ကြွင်း (သို့မဟုတ်) (၆) ကြွင်း သားသမီး နဲ့ အိမ်ထောင်ပြုမယ်ဆိုရင်-
(၃)ကြွင်း သားသမီးဟာ (၆) ကြွင်း (သို့မဟုတ်) (ဝ) ကြွင်း သားသမီး နဲ့ အိမ်ထောင်ပြုမယ်ဆိုရင်-
(၄)ကြွင်း သားသမီးဟာ (ဝ) ကြွင်း (သို့မဟုတ်) (၁) ကြွင်း သားသမီး နဲ့ အိမ်ထောင်ပြုမယ်ဆိုရင်-
(၅)ကြွင်း သားသမီးဟာ (၁) ကြွင်း (သို့မဟုတ်) (၂) ကြွင်း သားသမီး နဲ့ အိမ်ထောင်ပြုမယ်ဆိုရင်-
(၆)ကြွင်း သားသမီးဟာ (၂) ကြွင်း (သို့မဟုတ်) (၃) ကြွင်း သားသမီး နဲ့ အိမ်ထောင်ပြုမယ်ဆိုရင်-
(ဝ)ကြွင်း သားသမီးဟာ (၃) ကြွင်း (သို့မဟုတ်) (၄) ကြွင်း သားသမီး နဲ့ အိမ်ထောင်ပြုမယ်ဆိုရင်-  အထက်ပါ ဥပဒေသမှာ အကျုံးဝင်ပြီး အင်္ဂါဒေါသသင့်ကြမှာမို့ အိမ်ထောင်ရေး ပြဿနာတက်ကြဖို့ အခွင့်အလမ်းများပါတယ်။ အိမ်ထောင်ရေး အဆင် မပြေတတ်ကြပါ။ အဆင် မသင့်ရင် အိမ်ထောင်ရေးပြိုကွဲခြင်း၊ အိမ်ထောင်ဆက်များခြင်းများ ဖြစ်တတ်ပါတယ်။

ဥပဒေသ (၄) နျူမရိုလိုဂျီပညာအရ  အင်္ဂလိပ်လို (၉)ရက်၊ (၁၂)ရက်၊ (၁၆)ရက်၊ (၁၈)ရက်၊ (၂၇)ရက်၊ (၂၉) ရက်ဆိုတဲ့ အင်္ဂါဂြိုဟ် စိုးမိုးတဲ့ ရက်တွေမှာမွေးဖွားသူဖြစ်ရင် အင်္ဂါဒေါသ သင့်ပါတယ်။ အဲဒီအထဲမှာ (၂၉)ရက်ဖွားတွေ အထူးသတိထားပါ။ အချစ်ရေး၊ အိမ်ထောင်ရေးကိစ္စတွေမှာ အရှက်တကွဲ အကျိုးနည်းဖြစ်တတ်ပါတယ်။ မိမိချစ်သူ၊ ခင်ပွန်းရဲ့ စွန့်ပစ်မှုကို ခံရတတ်ပါတယ်။

ဥပဒေသ (၅) (၂)ဂဏန်းသမား(၂,၁၁,၂ဝ,၂၉) ရက်တွေမှာမွေးသူတွေ နဲ့ (၄)ဂဏန်းသမား(၄,၁၃,၂၂,၃၁) ရက်တွေမှာ မွေးဖွားသူ တွေဟာ  အင်္ဂါဂြိုဟ် ကသစ်၊ ဥုစ် နဲ့ နိစ် ရာသီခွင်တွေဖြစ်တဲ့ မိဿရာသီ၊ ဗြိစ္ဆာရာသီ ၊ ကရကဋ်ရာသီ၊ မကာရ ရာသီ တွေထဲမှာ မွေးဖွားခဲ့ရင် အင်္ဂါဒေါသ သင့်ပါတယ်။

အထက်ပါ အချက်တွေနဲ့ ညိစွန်းနေရင် “အင်္ဂါဒေါသ” သင့်တာမို့ အိမ်ထောင်ရေးကံမကောင်းတတ်ပါ။ အင်္ဂါသားသမီး ဖြစ်ရုံနဲ့ အင်္ဂါဒေါသသင့်တယ်ဆိုတာကတော့ ဘယ်ကျမ်းစာအုပ်မှာမှ မပါလောက်ပါဘူး။ ဒါကတော့ ကျွန်တော့ရဲ့ လက်တွေ့ သုတေသနပါ။ အယူအဆကြမ်းတယ်လို့ ခေါ်နိုင်ပေမယ့် လက်တွေ့မှာ မှန်ပါတယ်။ အင်္ဂါသားသမီးတွေဟာ သူတို့ကိုယ်တိုင် ပွေလီဆန်းပြားချင် ဆန်းပြား၊ မဟုတ်ရင် အိမ်ထောင်ဘက်က ပွေလီဆန်းပြားတတ်ပါတယ်။ အထူးသဖြင့် အင်္ဂါသမီး မိန်းကလေး တွေဟာ လင်ဆိုးတွေနဲ့ ညားတတ်ကြတာကို အများဆုံးတွေ့ရပါတယ်။

နောက်တစ်ခုက အင်္ဂါသားသမီးမဟုတ်ရင်တောင်မှ နာမည်မှာ အင်္ဂါနံ တွေဖြစ်တဲ့ “စန်း၊ စိုး၊ စိမ့်၊ စိမ်း၊ စိန်၊ ဇင်၊ ဇော်၊ ညွန့်၊ စီ၊ ညို၊ ညိမ်း” တွေနဲ့ အစပြုမှည့်ခေါ်ထားတဲ့သူတွေမှာ လည်း အင်္ဂါဒေါသ သင့်ပြီး အိမ်ထောင်ရေးကံမကောင်းကြတာ တွေ့ရပါတယ်။ အင်္ဂါသားသမီးလည်းဖြစ်ပြန်၊ အထက်က အင်္ဂါနံ နာမည်တွေနဲ့ အစပြုထားတာပါ ဖြစ်ရင်တော့ အိမ်ထောင်ရေးကံမကောင်းဖို့က သေချာသလောက်ပါဘဲ။

နောက်တစ်ခုက မဟာဘုတ်ဗေဒင်ပညာမှာ (၃)ကြွင်းနှစ်၊ (၄)ကြွင်းနှစ် နဲ့ (၆)ကြွင်း နှစ်တွေမှာ မွေးဖွားသူတွေဟာ တခြား အကြွင်းနှစ်ဖွားတွေထက်စာရင် အိမ်ထောင်ရေး ရှုတ်ထွေးတတ်ပါတယ်။ အိမ်ထောင်ဆက် များတတ်ပါတယ်။ အိမ်ထောင် ကွဲလွယ်တတ်ပါတယ်။ ကိုယ်တိုင် ရှုပ်ချင်လည်း ရှုပ်မယ်။ ကိုယ်မရှုပ်ရင် အိမ်ထောင်ဘက်က ရှုပ်လိမ့်မယ်။

နောက်တစ်ခု မဟာဘုတ်ပညာအရ  အင်္ဂါဂြိုဟ် နဲ့ ကြာသပတေးဂြိုဟ်ဟာ “အောင်,ပ” ဆိုတဲ့ အိမ်ထောင်မိတ်ဖြစ်တဲ့အတွက် အင်္ဂါဒေါသသင့်နေတဲ့ ကြာသတေးသားသမီးများဟာ အချစ်ရေး၊ အိမ်ထောင်ရေး ပိုမိုရှုတ်ထွေးတတ်ပါတယ်။
လေ့လာ တွေ့ရှိချက်တွေအရ ပြောရမယ်ဆိုရင် ကြာသပတေးသားသမီးများဟာ ယောင်္ကျားလေး ဘဲဖြစ်ဖြစ်၊ မိန်းကလေးဘဲ ဖြစ်ဖြစ် အနည်းနဲ့ အများ ဇာတ်လမ်း ရှုပ်ကြတာ များပါတယ်။ ဒါပေမယ့် ကြာသပတေး သားသမီးများဟာ အိမ်ထောင်ရေးမှာ သူတို့က “ခံ” ဖက်က မဟုတ်ဘဲ အသာစီးယူတဲ့ဘက်က ဖြစ်နေတာ ပိုများပါတယ်။ 

ကြာသပတေးဂြိုဟ်ကြီးဟာ ဘာသာရေးကို ကိုယ်စားပြုနေတဲ့ ဂြိုဟ်ဖြစ်ပေမယ့် (အခြားနေ့ သားသမီးများနဲ့စာရင်) ကြာသပတေးသားသမီးတိုင်း နီးပါးလောက် လိင်ကိစ္စအရှုတ်အထွေးတွေနဲ့ ပတ်သက် နေတာကတော့ တော်တော် အံ့သြစရာ ကောင်းတဲ့ အချက်ပါဘဲ။ ခင်ဗျား မယုံရင် ခင်ဗျားပတ်ဝန်းကျင်က ကြာသပတေးနံနဲ့ စ, မှည့်ထားတဲ့ သူတွေကို နဲနဲလေ့လာ ကြည့်ရင် လက်ခံ သွားမှာပါ။
ဒါကြောင့် နောက်ဆုံးအနေနဲ့ ပြောချင်တာက အိမ်ထောင်ရေးဗေဒင်ပညာမှာ အင်္ဂါဂြိုဟ်ဟာ အနေအထား အရပ်အတည် မကောင်းခဲ့ရင် အိမ်ထောင်ရေး သာယာမှုကို ပျက်စီးစေပြီး အိမ်ထောင်ဆက်များခြင်းကို ဖြစ်စေနိုင်ကြောင်း (အထူးသဖြင့် မိန်းကလေးများ ကို ပိုမိုထိခိုက်စေတတ်ကြောင်း) တင်ပြလိုက်ရပါတယ်ခင်ဗျား။

ဖတ်ရှုသူအားလုံး ကျန်းမာချမ်းသာကြပါစေ

ဒေါက်တာတင်ဗိုလ်ဗိုလ် (ကွန်ပျူဗေဒသုခုမ)

No comments:

Post a Comment