Saturday, May 30, 2009

အင်္ဂ၀ိဇ္ဇာ အချိန်ပိုင်း အယူအဆကွဲများ


ကိုသိန်းဖေသည် ကျွန်ုပ်ထံသို့ မကြာခဏ လာရောက်ခါ ဗေဒင်ပညာနှင့် ပတ်သက်ပြီး လေ့လာပညာယူ နေသူ တစ်ဦးဖြစ်လေသည်။ ကျွန်ုပ်၏ ဘလော့တွင်ကိုလည်း အင်တာနက်တွင် ပုံမှန် ဖတ်ရှု နေသူတစ်ဦးလည်း ဖြစ်လေသည်။ ယနေ့သည် တနင်္ဂနွေနေ့ဖြစ်ပြီး ကျွန်ုပ်၏ အားလပ်ရက် ဖြစ်သောကြောင့် စောစောစီးစီး ပေါက်ချ လာလေသည်။

ကျွန်ုပ်။ ။ လာဗျို့။ ကိုသိန်းဖေ ဒီမှာ ရေနွေးကြမ်းနဲ့ ငါးကြော် မြီးကြရအောင်။ ကဲ – ဆို ။ ဘာသိချင်ပြန်ပြီလည်း။

သိန်း။ ။ ဒီလိုဆရာ။ ဟိုတစ်နေ့က မန်ယူ နဲ့ ဘာကာပွဲကို ဆရာတွက်ထားတာ မဟာကာလဆိုပေမဲ့ ကျွန်တော် ချကြည့်တော့ ဆရာ့ခွင်အတိုင်း မဝင်ဘူးဖြစ်နေတယ်။ အဲဒါပါ။ (၂၄)ခါ ပိုင်းကို ဘယ်လိုပိုင်းပါသလဲဆရာ။

ကျွန်ုပ်။ ။အေးဗျ။ မဟာကာလမှာလည်း အချိန်ပိုင်းပုံနဲ့ ပတ်သတ်ပြီး အယူအဆအမျိုးမျိုးကွဲနေကြတယ်။ ကျွန်တော်လည်း နည်းလမ်းစုံကို လေ့လာကြည့်တယ်။ မူလပထမအယူ အဆကတော့ နေ့ပိုင်း (၈)ခါ၊ ညပိုင်း (၈)ခါ – တစ်နေ့ကို (၁၆)ခါပိုင်းပေါ့ဗျာ။ တစ်ချိန်ကို တစ်နာရီခွဲယူတယ်ဆိုတာတော့ ကိုသိန်းဖေ သိပြီးဖြစ်မှာပါ။ နောက်တစ်ခုက သာမည ဆရာတော်ကြီးရဲ့ နည်းလို့ လူသိများတဲ့ (၅)ခါပိုင်းစနစ်။ ဒါကတော့ အသုံးနည်းပါတယ်။


သိန်း။ ။ သိပါတယ်ဆရာ။ (၂၄)ခါပိုင်းကျတော့ကောဆရာ။

ကျွန်ုပ်။ ။ (၂၄)ခါပိုင်းကျတော့ အခါတစ်ခါစီကို (၁)နာရီ စီယူသွားတော့ တစ်နေ့မှာ (၂၄)နာရီ ဆိုတော့ (၂၄)ခါပိုင်းပေါ့ဗျာ။ ဒါပေမယ့် ထူးတာက (၁၆)ခါပိုင်းက နေထွက်ချိန်ဖြစ်တဲ့ နံနက် (၆)နာရီကနေစပြီး တစ်နာရီခွဲစီယူတာဖြစ်ပြီး ၊ (၂၄)နာရီပိုင်းကျတော့ ညသန်းခေါင်ယံ (၁၂)နာရီ ကျော်သွားချိန်ကနေ စပြီးယူတယ်ဗျ။ အစပြုတဲ့ အချိန်ခြင်း မတူဘူးပေါ့ဗျာ။

သိန်း။ ။ ဘယ်ဟာက ပိုမှန်သလဲဆရာ။ ဆရာ့အတွေ့အကြုံအရပေါ့။

ကျွန်ုပ်။ ။ အဲဒါ ပြဿနာပေါ့ဗျာ။ သူ့ဟာနဲ့သူ မှန်ကြတာချည်းဘဲဗျ။ တစ်ချို့ကတော့ ပြောကြတယ်။ တစ်ခုမှန်ရင် တစ်ခုမှားရမှာပေါ့တဲ့။ ဒါပေမဲ့ ကျွန်တော်မကြခဏ ပြောခဲ့သလို ဗေဒင်ပညာဆိုတာ သိပ္ပံပညာမဟုတ်ဘူးဗျ။ ဂမ္ဘီရပညာတစ်မျိုးဗျ။ ဒီတော့ မှန်ကန်မှုဆိုတာ နည်းစနစ်အပေါ်မှာ လုံးဝတည်မှီနေတာမျိုးမဟုတ်ဘူး။ ဟောပြောတဲ့သူရဲ့ ပညာပါရမီ အပေါ် မှာ ပိုတည်နေတယ်လို့တော့ ပြောချင်တယ်ဗျ။

သိန်း။ ။ ရှင်းအောင်ထပ်ပြောပါဦးဆရာ။

ကျွန်ုပ်။ ။ ဗေဒင်ပညာမှာ “လမိုင်း” ဆိုတာ ရှိတယ်ဗျ။ နည်းစနစ်တွေ ဘယ်လို မူကွဲပြားနေနေ သူနဲ့ လမိုင်းကပ်မှလည်း မှန်တယ်ဗျ။ ဥပမာ- လူတစ်ယောက်က အင်္ဂဝိဇ္ဇာကို (၈)ခါပိုင်းနဲ့ ဟောနေတယ်။ မှန်တယ်။ နောက်တစ်ယောက်ကျတော့ (၈)ခါပိုင်းမှာ သိပ်မမှန်လို့ (၂၄)ခါပိုင်းဟောကြည့်မှ မှန်လာတာလည်း ရှိတယ်ဗျ။ သူနဲ့ လမိုင်းကပ်တာကိုး။ ဒီလိုဘဲ တစ်ချို့ကြပြန်တော့ (၅)ခါပိုင်းနဲ့ ဟောပြီး မှန်ကန်အောင်မြင်နေတဲ့ သူတွေလည်း ရှိတယ်။

သိန်း။ ။ ဆရာရော။ ဘယ်နည်းတွေကို အသုံးများလဲဆရာ။

ကျွန်ုပ်။ ။ ဒါလည်း ကျွန်တော်ရဲ့ လမိုင်းပေါ့လေ။ ကျွန်တော်က အင်္ဂဝိဇ္ဇာချည်းသက်သက် နဲ့ တွက်မယ်ဆိုရင်တော့ (၈)ခါပိုင်းကို ပိုပြီးသဘောကျတယ်ဗျ။ ကျွန်တော့အတွက် ပိုပြီး အမှန်များတယ်။ ဒါပေမယ့် မဟာကာကြီးအနေနဲ့ တွက်လိုက်တော့ (၂၄)ခါပိုင်းက ကျွန်တော်နဲ့ ပိုပြီး အံဝင်ခွင်ကျဖြစ်နေပြန်တယ်ဗျ။ အဲဒီတော့ ကျွန်တော်က စစ်တုရင်ထိုးသလိုဆိုရင် “ခွချက်” ပေါ့ဗျာ။ ဟောကိန်းတစ်ခုကို တစ်ဖက်မှာ အင်္ဂဝိဇ္ဇာ(၈)ခါပိုင်းနဲ့ တွက်လိုက်ပြီး တစ်ဖက်မှာ မဟာကာလကြီးကို (၂၄)ခါပိုင်းနဲ့ တွက်လိုက်ပြီး အဖြေနှစ်ခုညှိကြည့်လိုက်ရင် တော်တော် အမှန်များတဲ့ ဟောချက်တစ်ခု ထွက်လာတာပေါ့ဗျာ။

သိန်း။ ။ အင်္ဂဝိဇ္ဇာနဲ့ မဟာကာလကြီး ကွဲပြားပုံ/ဆက်စပ်ပုံလေးကို ပြောပြပါဦးဆရာ။

ကျွန်ုပ်။ ။ အင်္ဂဝိဇ္ဇာပညာဟာ အတုလဆရာတော် ခင်ကြီးဖျော်ရဲ့နည်းလို့ လူသိများတယ်။ ဒါပေမယ့် ခင်ကြီးဖျော်မမွေးခင်က ရေးသားခဲ့တဲ့ ဟိန္ဒူဗေဒင်ကျမ်းတစ်ချို့မှာ “သူရဇ္ဇ၊ သောကြ၊ ဗုဒ္ဓ၊ စနြေ္ဒာ၊ သောရီ ၊ ဂုရု ၊ ဘောမဆိုတဲ့ (ဆပွတ်) ရိုက်သွားတဲ့ ဂြိုဟ်စဉ်ဇယားကို ကျွန်တော်တွေ့ဘူးတယ်ဗျ။ ဒါပေမယ့် သူတို့က အပေါ်တစ်လုံး၊ အောက်တစ်လုံး ရိုက်သွားတာ မဟုတ်ဘဲ “သူရဇ္ဖအချိန်ဆိုရင် သူနဲ့ဆိုင်တဲ့အဟော၊ ဘောမချိန်ဆိုရင် သူနဲ့ ဆိုင်တဲ့ အဟောမျိုးတွေဘဲ တွေ့တယ်ဗျ။ ကာယကံရှင်ရဲ့ မွေးနံကိုတောင် မယူတော့ဘူး။ ကြာသပတေးချိန်ဆိုရင် အကောင်း၊ စနေချိန်ဆိုရင် အဆိုး ဆိုတဲ့ ပုံစံမျိုးပါဘဲ။ အပေါ် (၃)လုံး အောက် (၃)လုံး ဆပွတ်ရိုက်သွားတာ ကတော့ ဆရာတော်ခင်ကြီးဖျော်က (ဟိန္ဒူမူကို ဆင့်ပွားပြီး) တီထွင်ယူလိုက်တာလို့ ကျွန်တော်ယူဆတယ်။ ဆရာတော်ခင်ကြီးဖျော်ဆိုတာကလည်း အင်မတန် ဉာဏ်ကြီးတာမဟုတ်လား။ ဒီလို အပေါ် (၃)လုံး အောက် (၃)လုံး ဆပွတ်ရိုက်သွားတဲ့ အင်္ဂဝိဇ္ဇာတိုင်ဟာ ဗေဒင်၊ ဆေး၊ အဂ္ဂိရတ်၊ ဓာတ်ရိုက်ဓာတ်ဆင်၊ အင်းပညာတို့သာမက နောက်ဆုံး “ထွက်ရပ်ပေါက်အထိ ရောက်နိုင်တယ်” လို့ ယုံကြည်ကြသူ ပညာရှင်တွေ အတော်များတယ်ဗျ။

သိန်း။ ။ အင်္ဂဝိဇ္ဇာကနေ မဟာကလကြီးဖြစ်လာပုံလေးကော ဆရာ။

ကျွန်ုပ်။ ။ ဒါကလည်း ဆရာတော် ခင်ကြီးဖျော်ရဲ့ ကြီးမားလှတဲ့ ဉာဏ်ပညာတစ်ခုလို့ဘဲယူဆတယ်။ အင်္ဂဝိဇ္ဇာ ဆပွတ်ရိုက်ပုံဟာ ဟိန္ဒူနည်းစနစ်တစ်ခု ဖြစ်ကောင်းဖြစ်ပေမဲ့ “မဟာကာလကြီး” ကတော့ ဆရာတော်ရဲ့ မူအစစ်လို့ ဆိုချင်တယ်ဗျ။ ဆရာတော်ဟာ အင်မတန်ဉာဏ်ပညာကြီးလေတော့ အင်္ဂဝိဇ္ဇာကိုလည်း ဟိန္ဒူနက္ခတ်နည်းစနစ်တစ်ခုလို ဇာတာခွင် ချပြီး ဟောလို့ရမယ့် နည်းစနစ်ကို တီထွင်ခဲ့တာ ဖြစ်လိမ့်မယ်။ မဟာကာလကြီးမှာ ပါတဲ့ ဂြိုဟ်တွေဟာ တကယ့် ကောင်းကင်ဂြိုဟ်သွားတွေ မဟုတ်ပေမဲ့ မှန်ကန်မှုမှာတော့ ကောင်းကင် ဂြိုဟ်သွားတွေနဲ့ ဟောပြောတဲ့ နည်းစနစ်တွေထက် မသာရင်သာနေမယ် ၊ အောက်ကျမှုတော့မရှိဘူးဆိုတာ လက်တွေ့မဟာကာလဇာတာပေါင်းများစွာ တွက်ချက်သုတေသနပြုနေတဲ့ ကျွန်တော်က အခိုင်အမာ ထောက်ခံပါတယ်။

သိန်း။ ။ မဟာကလကြီးဟာ ဇာတာခွင်တစ်ခုအသွင် ယူထားတယ်ဆိုတော့ သူ့ရဲ့ဗေဒင်ဥပဒေသတွေက လက်ရိုးအပေါ်မှာ အခြေခံမလား။ လက်ဆန်းအပေါ်မှာ အခြေခံမလား။ သူ့ကို တတ်မြောက်ဖို့အတွက် လက်ရိုးပညာတတ်ထားဖို့လိုမလား။

ကျွန်ုပ်။ ။ ဒါဟာ အလွန်မေးထိုက်တဲ့ မေးခွန်းပါဘဲ။ မဟာကာလပြီးကို ဟောပြောနိုင်ဖို့ လက်ဆန်းအခြေခံရှိဖို့လိုသလို၊ လက်ရိုးအခြေခံလည်း ရှိဖို့လိုတယ်ဗျ။ ဒါပေမဲ့ လက်ရိုးက သိပ်ကျွမ်းကျွမ်းကျင်ကျင်ကြီး မဟုတ်ဘဲ- ကသစ်ဂြိုဟ်၊ ဥုစ်ဂြိုဟ်၊ ရန်ဂြိုဟ်၊ မိတ်ဂြိုဟ်၊ ကိန်း၊ တြိဂေါဏ၊ ရာဇယုဂ်၊ ဂြိုဟ်မြင်၊ ဂြိုဟ်ယှဉ်၊ ရာသီတို့ရဲ့သဘော၊ ဘာဝ သဘော၊ ဂြိုဟ် ပရိယာယ်၊ ပါပသောမ စတဲ့ အခြေခံအချက်တွေလောက် သိရင်ဘဲ ရပါပြီ။ ရန်ဂြိုဟ် ၊ မိတ်ဂြိုဟ် ယူပုံတွေကတော့ လက်ရိုးအတိုင်းယူတာ ပိုမှန်တယ်ဗျ။ ဥပမာ- လက်ဆန်းမှာ “ဥဿာ၊ စိန်ပန်း၊ ဒါန်းလှ၊ ကိုရှာ” ဆိုပြီး တနင်္ဂနွေနဲ့ သောကြာဟာ မိတ်ဂြိုဟ်ဖြစ်ပေမယ့် မဟာကာလဇာတာမှာတော့ တနင်္ဂနွေအိမ်မှာ ရပ်တည်တဲ့ သောကြာဟာ ရန်ဂြိုဟ်အိမ်မှာ ရပ်လို့ အခက်အခဲ ပြဿနာ ရှိမယ်ဗျ။ ပြီးခဲ့တဲ့ ရက်က “မန်ယူ နဲ့ ဘာကာ” ဘယ်သူနိုင်မလဲ ဇာတာမှာ ဆန္ဒပြည့်ဝမှုကို ပေးနိုင်တဲ့ (၁၁)တန့်သခင် သောကြာဟာ ရန်အိမ် သိဂ်ရာသီမှာ ရပ်တည် တာလေးကို ပြန်လေ့လာနိုင်ပါတယ်။

သိန်း။ ။ ဟုတ်ပါပြီဆရာ။ ဆရာလည်း အချိန်တော်တော်ပေးလိုက်ရပြီ။ ကျွန်တော်ပြန်လိုက်ပါဦးမယ်။ နောက်တစ်ပတ် တနင်္ဂနွေနေ့ကျရင် မဟာကာကြီးဇာတာချပုံကို ပြောပြပေး ပါဦးဆရာ။

ကျွန်ုပ်။ ။ ဟုတ်ကဲ့ပါဗျာ။ မဟာကလကြီးကို ခွင်ချပုံ အမျိုးမျိုးနဲ့ ဟောပြောနိုင်တဲ့ အဆင့်ထိရောက်အောင် နမူနာပုံတွေနဲ့ ပြောပြသွားမှာပါ။ ကဲ အဆုံးသတ်လိုက်ကြရအောင်။

ဖတ်ရှုသူအားလုံး ကျန်းမာချမ်းသာကြပါစေသော်။

ဒေါက်တာတင်ဗိုလ်ဗိုလ် (ကွန်ပျူဗေဒသုခုမ)

No comments:

Post a Comment