Saturday, June 6, 2009

ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဦးသန့် နှင့် (4) ဂဏန်း


မြန်မာလူမျိုး၊ မြန်မာနိုင်ငံသားတွေ အတွက် အလွန်ဂုဏ်ယူစရာကောင်းတဲ့ ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် ဦးသန့်ရဲ့ မွေးနေ့ နှစ်တရာပြည့်တဲ့ ယခု (၂ဝဝ၉) ခုနှစ်မှာ ဦးသန့်နဲ့ (၄)ဂဏန်း အကျိုးပေးပုံများကို (နိုင်ငံရေး လုံးဝမပါတဲ့) ဗေဒင်ပညာ ရှုထောင့်က တင်ပြလိုက်ရပါတယ်။
ကျွန်တော်တင်တဲ့ ပို့စ်တွေထဲမှာ“(၄)ဂဏန်းသမားများအကြောင်း တစ်စေ့တစ်စောင်း” ဆောင်းပါးကို လူဖတ်အလွန်များတာကိုတွေ့ရတော့ (၄)ဂဏန်းသမားတစ်ဦးဖြစ်တဲ့ ဦးသန့်ရဲ့ အကြောင်းမှာ စိတ်ဝင်စားစရာတွေ ရှိလို့ တင်ဆက်လိုက်ရပါတယ်။

ဦးသန့်ကို ၁၉ဝ၉ ခုနှစ် ဇန်နဝါရီလ (၂၂)ရက်၊ သောကြာနေ့နေ့မှာ ဧရာဝတီတိုင်း၊ ပန်းတနော်မြို့မှာမွေးဖွားခဲ့ပါတယ်။ မြန်မာသက္ကရာဇ်အရဆိုရင် (၁၂၇ဝ) နှစ်ဆိုတော့ မဟာဘုတ်အရ (၃)ကြွင်းနှစ်မှာ မွေးဖွားတော့ ဦးသန့်ဟာ သောကြာသား(မရဏ)ဖွား ဖြစ်ပါတယ်။
မြန်မာကျေးလက်ဓလေ့အတိုင်း နာမည်ကို ရွာကျောင်းဆရာတော်ကြီးများ ဆီမှာ အပ်နှံ နာမည်ပေးလေ့ရှိတဲ့အတွက် မိဘဖြစ်သူတွေဟာ ဆရာတော်ဆီမှာ နာမည်မှည့်စေပါတယ်။ 

ဆရာတော်ဟာ ဦးသန့်ကလေးရဲ့ အလွန်သန့်ပြန့်လှတဲ့ ရုပ်ရည်ကို ကြောင့်တစ်ကြောင်း၊ ဇာတာကလည်း အလွန်ကောင်းလှတာကြောင့်တစ်ကြောင်း၊ သောကြာသားလည်းဖြစ်ပြန်တော့ “မောင်သန့်” လို့ အမည်မှည့်ခေါ်စေပါတယ်။


အမှန်မှာတော့ ရှေးခေတ်ဆရာတော်၊ သမားတော်တွေဟာ လူတွေကြည်ညိုကိုးကွယ်မှုကို ထောက်ထားပြီး လောကီပညာရပ်ကလေးတွေကို အနည်းနဲ့ အများဆိုသလို လေ့လာထားကြ ရပါတယ်။ ဒါပေမဲ့ သိပ်နက်နက်နဲနဲတော့လည်း လေ့လာထားတဲ့ ဆရာတော်တွေကနည်းပါတယ်။ သူတို့မှာလည်း လောကုတ္တရာစာပေတွေကို အပတ်တကုတ် လေ့လာကြရ သေးတယ် မဟုတ်လား။ ဒီတော့ ဗေဒင်ရှုထောင့်ကကြည့်ရင် မရဏဖွားကလေးတစ်ယောက်ကို မရဏနေ့နံတစ်ခုတည်း ပေးတာဟာ အလွန်အန္တရာယ်များပါတယ်။ မရဏဖွားတွေကို မရဏချည်း သက်သက် နာမည်ပေးတာဟာ “ဘုန်းကြီးရင် အသက်မရှည်တတ်ပါဘူး။ အသက်ရှည်ရင် ဘုန်းမကြီးတတ်ပါဘူး” ။ ဦးသန့်ဟာ တစ်ကမ္ဘာလုံးရဲ့ အခေါင်အချုပ်ဖြစ်တဲ့ ကုလသမဂ္ဂလို အဖွဲ့အစည်းကြီးမှာ နိုင်ငံငယ်လေးတစ်ခုကနေပြီး အတွင်းရေးမှူးချုပ်ဖြစ်တယ်ဆိုတာ တော်ရုံတန်ရုံ ဘုန်းတန်ခိုး မဟုတ်ပါဘူး။

ဒါပေမဲ့ ဦးသန့်ဟာ ကွယ်လွန်ချိန်မှာ အသက် (၆၅)နှစ် ပြည့်ပြီး (၆၆)ထဲမှာဘဲ ရှိသေးပါတယ်။ ဒီအသက်အရွယ်ဟာ ပုံမှန်သက်တမ်းမဟုတ်ဘဲ စောလွန်းလှတယ်လို့ ဆိုနိုင်ပါတယ်။ အထူးသဖြင့် ကျန်းမာရေးစောင့်ရှောက်မှု၊ ဆေးပညာ တိုးတက်မှုတွေ အလွန်တိုးတက်လှတဲ့ အမေရိကန်လို နိုင်ငံမျိုးမှာ ဒီအသက်အရွယ်မှာ သေဆုံးတာဟာ အလွန်စောလှပါတယ်။ ဒါဟာ မရဏနေ့ဖွားတစ်ယောက်ကို မရဏနေ့နံချည်းသာ မှည်ခေါ့်လိုက်တဲ့ အကျိုးသက်ရောက်မှုတစ်ခုလို့ ဆိုနိုင်သလို၊ ဒီလိုဖြစ်မှာမို့ ဒီလိုမှည့်ခေါ်ခံရတာလို့လည်း (အညမည)သဘော အားဖြင့် ဆိုနိုင်ပါတယ်။

ဦးသန့်ဟာ (၂၂)ရက်ဖွား (၄)ဂဏန်းသမားတစ်ဦးဖြစ်ပါတယ်။ ဇန်နဝါရီလ (၂၂)ရက်နေ့ဟာ ယူရေးနပ်စ်ဂြိုဟ်(၄)ဂဏန်း ပိုင်တဲ့“ကုံရာသီ” အတွင်းမှာ ဖြစ်တဲ့အတွက် အလွန်အားပြင်းတဲ့ (၄)ဂဏန်းသမားတစ်ဦးလို့ ဆိုနိုင်ပါတယ်။ ဗိုလ်ချုပ် အောင်ဆန်း ဟာလည်း ဖေဖေါ်ဝါရီ (၁၃)ရက်မှာ မွေးတဲ့အတွက် “ကုံရာသီ”ဖွား (၄)ဂဏန်းသမားတစ်ဦးပါဘဲ။ (၄)ဂဏန်းဟာ (၈)ဂဏန်းနဲ့ မတဲ့တာဟာ သင်္ချာဗေဒ လေ့လာဘူးသူတိုင်း သိကြပါတယ်။ ဒါပေမဲ့ ထူးဆန်းတာက ဒီ မတည့်တဲ့ ဂဏန်းနှစ်လုံး ဟာ မကြာခဏ အတူယှဉ်တွဲတွေ့ရတတ်ပါတယ်။ ဦးသန့်ရဲ့ ဘဝဖြစ်စဉ်တွေကို လေ့လာကြည့်ရင် (၄)ဂဏန်း နဲ့ (၈)ဂဏန်း တွေဟာ သူ့ဘဝမှာ ထူးဆန်းစွာ တိုင်ဆိုင်ပါဝင်နေတာ တွေ့ရပါတယ်။

ဦးသန့်ရဲ့ ဘဝအလှည့်အပြောင်းတွေကိုလေ့လာကြည့်မယ်ဆိုရင် – ၁၉၄၈ ခုနှစ်မှာ ငယ်သူငယ်ချင်းဖြစ်သူ ဦးနုဟာ ဝန်ကြီးချုပ်ဖြစ်လာတော့ ပန်းတနော်မြို့မှာ အထက်တန်း ကျောင်းအုပ်ကြီးလုပ်နေတဲ့ ဦးသန့်ကို ခေါ်ယူပြီး ပြန်ကြားရေး အတွင်းဝန် ခန့်အပ်လိုက်ပါတယ်။ အဲဒီ ၁၉၄၈ ခုနှစ်ကို ပေါင်းကြည့်ရင် – (၁+၉+၄+၈=၂၂=၄)ဂဏန်းရပါတယ်။ နောက်ပြီး သင်္ချာဗေဒင်မှာ ခရစ်သက္ကရာဇ်တွေကို ကြည့်ရင် ဂဏန်း(၄)လုံးသာမက နောက်ဂဏန်းနှစ်လုံး (ဆယ်ဂဏန်းနှစ်လုံး) ဟာလည်း အကျိုးသက်ရောက်မှု ရှိတာကို တွေ့ရပါတယ်။ နောက်ဆုံးဂဏန်း (၄၈) ဟာလည်း (၄)ဂဏန်း နဲ့ (၈) ဂဏန်း ပေါင်းစပ်ထားတဲ့အတွဲဖြစ်နေပြန်ပါတယ်။

ဒီနှစ်ဟာ သူရဲ့ ဘဝအလှည့်အပြောင်းပါ။ ဒါပေမဲ့ ဦးသန့်ဟာ ဝန်ကြီးချုပ်ဦးနုရဲ့ နိုင်ငံရေးနဲ့ ဘာသာရေး အရောရောအထွေးထွေး လုပ်နေတဲ့ လုပ်ရပ်တွေ အပေါ်မှာ ဘဝင်မကျဖြစ်လာပါတယ်။ ဦးနုနဲ့ အယူအဆချင်း မတူမညီဖြစ်လာတဲ့အတွက် သဘောထားခြင်း မတိုက်ဆိုင်ဘဲ ဖြစ်လာပါတယ်။ သူငယ်ချင်းလည်းဖြစ်တော့ မကြာခဏ ဝေဖန်ပြောဆိုလာပါတယ်။ ဒါကြောင့် ဦးနုဟာ ဦးသန့်ကို ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီးအဖြစ်ခန့်အပ်ပြီးတော့ သူနဲ့ ဝေးရာကို ပို့လိုက်ပါတယ်။ အဲဒီနှစ်ဟာ ၁၉၅၇ ခုနှစ်ဖြစ်ပြီး ပေါင်းလိုက်ရင် ၁+၉+၅+၇ = ၂၂ = (၄)ဂဏန်း ကျတဲ့ နှစ်ဘဲဖြစ်နေပြန်ပါတယ်။

ဒါပေမဲ့  ဦးနုက ဦးသန့်ကို ဘေးဖယ်လိုက်တဲ့ ဖြစ်ရပ်ဟာ ဦးသန့်အတွက် “မဟာပဒုမမင်းသားဟာ တွန်းချခံရပြီး ကျောက်ဖျာထက်ကို ကျပြီး ရှင်ဘုရင်ဖြစ်သွားတဲ့” ဖြစ်ရပ်လို ဖြစ်သွားပါတယ်။ ဦးသန့်ရဲ့ ရုပ်ဆင်း အင်္ဂါဟာ အင်မတန် ကျက်သရေရှိပြီး လူလေးစားလောက်တဲ့ ဥပတိရုပ် ရှိတယ်။ စဉ်းစားဆင်ခြင်ဉာဏ်ကြီးတယ်။ ပေါင်းသင်းဆက်ဆံရေး ပြေပြစ်တယ်။ လူတိုင်းနဲ့တဲ့အောင် ပေါင်းနိုင်တယ်။ မျှတတဲ့ အယူအဆရှိတယ်။ ဘက်မလိုက်ဘူး။ ဒါကြောင့် ကုလသမဂ္ဂ အသိုင်းအဝိုင်းကြားမှာ ဦးသန့်ဟာ အလွန်လူချစ်လူခင်များပြီး ရေပန်းစားခဲ့ပါတယ်။ ဦးသန့်ဆိုတဲ့ နာမည်နဲ့လိုက်အောင် ရုပ်ရည်သန့်ပြန့်လွန်းတာဟာ ဆန်းဗေဒင်ပညာအရ “ဗျုပ္ပတ်” မှန်ကန်ညီညွတ်လွန်းလှတယ်လို့ ဆိုရမှာပေါ့ခင်ဗျာ။

ဒီလိုနဲ့ ၁၉၆၁ ခုနှစ်မှာ လက်ရှိ ကုလသမဂ္ဂအတွင်းရေးမှူးချုပ် “ဒက် ဟမ္မားရှိုး” ဟာ လေယာဉ်ပျက်ကျပြီး ရုတ်တရက် ကွယ်လွန်သွားတဲ့အခါ သူ့နေရာကို အစားထိုးဖို့လူ လိုအပ် လာပါတယ်။ အဲဒီအချိန်မှာ ကုလ သံတမန်တွေကြားမှာ အလွန် လူကြိုက်များနေတဲ့ ဦးသန့်ကို ဒက်ဟမ္မားရှိုး ရဲ့နေရာကို ယာယီဆက်ခံဖို့ တင်မြှောက်လိုက် ကြပါတော့တယ်။ အာရှတိုက်သား တစ်ယောက် ပထမဦးဆုံး ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဖြစ်လာခြင်းဘဲဖြစ်ပါတယ်။ အဲဒီနှစ်ဟာ ၁၉၆၁ ခုနှစ်ဖြစ်တဲ့အတွက် ပေါင်းလိုက်ရင် (၈)ဂဏန်းရတဲ့ နှစ်ပါ။ ဒါကိုကြည့်ရင် (၄)ဂဏန်းသမား တွေဟာ (၈)ဂဏန်းရတဲ့နှစ်မှာ အဆိုးချည်း သက်သက်ဖြစ်ရမယ်လို့ မဆိုနိုင်ပါဘူး။ အကောင်း၊အဆိုး နှစ်ခုလုံးဖြစ်နိုင်ပါတယ်။

၁၉၆၆ခုနှစ်မှာ ဦးသန့်ရဲ့အထွေထွေအတွင်းရေးမှူးချုပ်ရာထူး ပထမသက်တမ်းကုန်ဆုံးတဲ့အတွက် ဒုတိယသက်တမ်းအတွက် ထပ်မံဆန္ဒကောက်ခံကြတဲ့အခါမှာ အားလုံးက တစ်ညီတစ်ညွတ်တည်း ဦးသန့် ကိုသာ တင်မြှောက်လိုက်ကြပါတော့တယ်။ ဦးသန့်ရဲ ဒုတိယသက်တမ်းရဲ့ထူးခြားချက်ကတော့ ကန့်ကွက်မဲ၊ ကြားနေမဲ လုံးဝမရှိဘဲ ထောက်ခံမဲ အပြည့် အဝနဲ့ တင်မြှောက်ခံရတာဘဲဖြစ်ပါတယ် ။ အဲဒီနှစ်ဟာ (၁၉၆၆)ခုနှစ်ဆိုတော့ ပေါင်းလိုက်ရင် (၁+၉+၆+၆=၂၂= ၄) ဂဏန်းဘဲ ရပါတယ်။

၁၉၇၁ ခုနှစ် ဒီဇင်ဘာလ (၃၁)ရက်နေ့မှာ ဦးသန့်ဟာ အငြိမ်းစားယူခဲ့ပါတယ်။ ဆယ်ဂဏန်း ဖြစ်တဲ့ (၇၁)ကို ပေါင်းလိုက်ရင် (၈)ဂဏန်းဖြစ်ပြီး၊ ဒီဇင်ဘာ (၃၁)ရက်နေ့ကတော့ (၄)ဂဏန်းကျတဲ့နေ့ပါ။

ဦးသန့်ဟာ သူတာဝန်ထမ်းဆောင်နေစဉ်အတွင်းမှာ အလွန်ကြီးမားတဲ့ ကမ္ဘာ့ပြဿနာကြီးများကို ရင်ဆိုင်ရပြီး အောင် အောင်မြင်မြင် ကိုင်တွယ်ဖြေရှင်းနိုင်ခဲ့ပါတယ်။ ကျူးဘား ဒုံးပျံအရေးအခင်းဟာဆိုရင် အမေရိကန် နဲ့ ဆိုဗီယက်ယူနီယံတို့ဟာ တတိယကမ္ဘာစစ်ကြီးဆီကို ဦးတည်နေကြတဲ့ အချိန်မှာ ဦးသန့်ဟာ နှစ်ဘက်ခေါင်းဆောင်နှစ်ဦးလုံးကို ဖြောင်းဖြပြီး တတိယ ကမ္ဘာစစ်ကြီးဖြစ်မယ့်ဘေးကနေ ကာကွယ်ပေးနိုင်ခဲ့ပါတယ်။ ဒါဟာ (၄)ဂဏန်းသမားတွေရပ် ထက်မြက်တဲ့ စွမ်းဆောင်ရည် တွေဘဲ ဖြစ်ပါတယ်။

အာရပ်အစ္စရေးစစ်ပွဲ၊ ချက်ကိုစလိုဗက်ကီးယားကို ဆိုဗီယက်ကျူးကျော်ဝင်ရောက်မှု၊ အိန္ဒိယ ပါကစ္စတန်စစ်ပွဲ နှင့် ဘင်္ဂလားဒေ့ရှ် နိုင်ငံပေါ်ထွန်းလာခြင်းတို့ဟာ သူ့ရဲ့ လက်ထက်မှာ ကိုင်တွယ်ဖြေရှင်းခဲ့ရတဲ့ ပြဿနာကြီးတွေဖြစ်ပါတယ်။ (၄)ဂဏန်းသမား တွေဟာ အကောင်ကြီးကြီး/ငယ်ငယ် ဘဝမှာ ပြဿနာအကြီးကြီးတွေနဲ့ အမြဲရင်ဆိုင်ရတာ သဘာဝပါ။ စကားမစပ် (၄)ဂဏန်း သမားတစ်ဦးဖြစ်တဲ့ “အိုဘားမား” ဟာ ငါမင်းသားဖြစ်တဲ့နှစ်မှ သီချင်းဆန်းပေါ်ဆိုတာလို ၊ သူသမ္မတဖြစ်တဲ့နှစ်မှာဘဲ အင်မတန် ချမ်းသာကြွယ်ဝလှပါတယ်ဆိုတဲ့ အမေရိကန်နိုင်ငံကြီးဟာ စီးပွားပျက်ကပ်နဲ့ ထိပ်တိုက်တိုးရတာကိုသာ ကြည့်ပါတော့။ ဒါဟာ (၄)ဂဏန်းတွေရဲ့ ဘဝကံကြမ္မာပါဘဲ။

ဦးသန့်ဟာ ၁၉၇၁ ခုနှစ်မှာ အငြိမ်းစားယူပြီး စာရေးဆရာဘဝနဲ့ အသက်မွေးဝမ်းကျောင်းပြုပြီး သူ့ရဲ့ တတိယအရွယ်ကို ကုန်ဆုံး စေဖို့ ရည်ရွယ်ခဲ့ပေမဲ့ သူ့ဆန္ဒဟာ မပြည့်ဝခဲ့ပါဘူး။ သူ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်အဖြစ် တာဝန်ယူနေစဉ်က အဖြစ်အပျက် တွေနဲ့ ဖြတ်သန်းခဲ့ရတဲ့ အကြောင်းအရာတွေကို စာအုပ် တစ်အုပ်ရေးနေစဉ်မှာဘဲ (၁၉၇၄)ခုနှစ်မှာ ခံတွင်းကင်ဆာ ရောဂါ နဲ့ (အချို့ကလည်း အဆုတ်ကင်ဆာဟုပြော) ကွယ်လွန်ခဲ့ရပါတယ်။ 

နောက်ဆုံးပြောချင်တာက (၄)ဂဏန်းသမားတွေဟာ ထူးချွန်တယ်။ ကောင်းတဲ့နေရာမှာ ဖြစ်ချင်ဖြစ်မယ်။ ဆိုးတဲ့နေရာမှာ ဖြစ်ချင် ဖြစ်မယ်။ ထူးချွန်တာတော့ အမှန်ဘဲ။ ဘဝမှာ အခက် အခဲကြီးတွေကြုံရမယ်။ မရွယ်ဘဲနဲ့ စော်ကဲမင်းဖြစ်တာမျိုး ကြုံရမယ်။ မိမိမွေးရပ်မြေနဲ့ အလွန်ဝေးကွာတဲ့ အရပ်ဒေသတွေမှာ ကြီးပွားတတ်တယ်။ နာမည်အလွန်မှားနေရင် အသက်ကြီး ချိန်မှာ ကံဇာတာ နိမ့်ပါးတတ်တယ်။ ဒါမှမဟုတ် အသက်တိုတတ်တယ်။ (၄)ဂဏန်းသမားတွေအကြောင်းပြောရရင် ပြောမကုန် နိုင်အောင် ရှိတာမို့ နောက်မှ အလျှင်းသင့်သလို ထပ်မံ တင်ပြပေးသွားပါဦးမယ်။

ဖြည့်စွက်ချက်။ ။ ပုတိ၊ ဘင်္ဂ၊ မရဏ နေ့ဖွားတွေကို “အောက်တန်းဖွား၊ အညံ့ဖွား” တွေလို့ သတ်မှတ်တာ မမှန်ပါဘူး။ ကျွန်တော်ဟာ မဟာဘုတ် ဇာတာပေါင်းများစွာကို လေ့လာကြည့်တဲ့အခါ “ပုတိ၊ ဘင်္ဂ၊ မရဏ” တွေဟာ ဘဝမှာ အခက်အခဲများတာ၊ ပိုပြီးရုန်းကန်ရတာက လွဲရင် အောင်မြင်ရေး၊ ကြီးပွားရေးပိုင်းတွေမှာ “အထွန်း၊ သိုက်၊ ရာဇ၊ အဓိပတိ” တွေထက် ပိုပြီး ညံ့တာမျိုး မတွေ့ရပါဘူး။

နောက်ပြီး ပုတိ၊ ဘင်္ဂ၊ မရဏ ထူးချွန်မိရင် အထွန်း၊ ရာဇ၊ အဓိပတိတွေတောင် လိုက်မမှီပါဘူး။ ဗုဒ္ဓမြတ်စွာဘုရားဟာ သောကြာသား၊ ပုတိဖွားဘဲမဟုတ်လား။ ပုတိ၊ ဘင်္ဂ၊ မရဏ ဖြစ်တာက အရေးမကြီးဘူး။ ဒါပေမယ့် နာမည်မှည့်ရင်တော့ ဘင်္ဂ နဲ့ မရဏ နဲ့တော့ အစပြု၊ အဆုံးပြု မမှည့်သင့်ဘူး။ အဲဒါကတော့ ဘဝ အောင်မြင်ရေး၊ ကြီးပွားရေးနဲ့ သက်တမ်းတွေကို ထိခိုက်နိုင်တယ်။

ဦးသန့်ဟာလည်း ကမ္ဘာကျော်တဲ့ “မရဏဖွား”တစ်ယောက်ဘဲ မဟုတ်လား။ သူ အသက်တိုရတာတော့ မရဏဖွားဖြစ်လို့ မဟုတ်ဘူး။ နာမည်မှည့်တဲ့နေရာမှာ မရဏနေ့နံ တစ်ခုတည်း မှည့်မိတဲ့ အတွက်ဖြစ်တယ်လို့ ကောက်ချက်ပြုချင်ပါတယ်။ မရဏနေ့နံတစ်ခုတည်း ၊ ဘင်္ဂနေ့နံတစ်ခုတည်း မှည့်မိရင် ဘုန်းကြီးပြီး အသက်မရှည်တာ၊ အသက်ရှည်ပြီး ဘုန်းမကြီး တတ်တာမျိုး ဖြစ်တတ်တာကို လက်တွေ့မှတ်တမ်းတွေအရ ဖြည့်စွက်တင်ပြလိုက်ရပါတယ်။)

ဖတ်ရှုသူအားလုံးကျန်းမာချမ်းသာကြပါစေသော်။

ဒေါက်တာတင်ဗိုလ်ဗိုလ် (ကွန်ပျူဗေဒ သုခုမ)

No comments:

Post a Comment