Monday, July 1, 2013

ဇူလိုင်လအတွက် (၇)ရက် သားသမီးဗေဒင်

8_ Circle & Face_01 (456 x 458)
.
ဒီလအတွက် ()ရက်သားသမီး ဗေဒင်တင်ဖို့ သိပ်နောက်ကျသွားလို့ မတင်တော့ဘူးလို့ ဆုံးဖြတ်ထားပြီးကာမှ ပုံမှန်စောင့်ဖတ်တဲ့ မိတ်တွေတွေက မရမက တောင်းဆိုမှုကြောင့် တင်ပေးလိုက်ပါတယ်။ ထုံးစံအတိုင်း ()ရက်သားသမီးဆိုတော့လည်း ယေဘူယျဘဲပေါ့နော်။ ဘာကိုမှ လေးလေးနက်နက် ခံစားပြီး မဖတ်ပါနဲ့။ အပျော်ဖတ် အပျင်းပြေဖတ်လို့ဘဲ သဘောထားပါ။ အရမ်းနောက်ကျသွားတာအတွက်တော့ ဗဲရီးဆောရီးပါ ဘော်ဒါတို့ရေ။
.
# တနင်္ဂနွေ သားသမီးများ
ရှေ့မတိုး နောက်မဆုတ်သာ အခြေအနေများ ကြုံရတတ်သည်။ အမှုအခင်း /အရှုပ်အရှင်း တစ်ခုတွင် ပါဝင် ပတ်သက်ရဖွယ် ရှိသည်။ ကောင်းသော အခြေအနေအပြောင်းအလဲ တစ်ခု ဖြစ်ဖွယ်ရှိသည်။ စိတ်ပါသည် ဖြစ်စေ မပါသည်ဖြစ်စေ မကင်းရာမကင်းကြောင်း ကူညီမှု ပြုရမည်။ လက်ဆောင်ပစ္စည်းတစ်ခု ရရှိတတ်သည်။ ရောဂါ ဝေဒနာ အသေးစားတစ်ခု ခံစားရတတ်ပြီး ရက်ကြာနေတတ်သည်။ ငွေချေးယူရန် ကိစ္စ တစ်ခုပေါ်လာပါက အလွယ်တကူ ရရှိတတ်သည်။ လုပ်ငန်းခွင်အတွင်း၌ ဖြစ်စေ ၊ မိတ်ဆွေ သူငယ်ချင်း တစ်ဦးနှင့်ဖြစ်စေ ကတောက်ကဆ ဖြစ်ရတတ်သည်။ အသေးစား ထိခိုက်မှု တစ်ခုခု ကြုံနိုင်သည်။ ပညာရေး နှင့် ပတ်သက်ပြီး ကံကောင်းမှုကြုံနိုင်သည်။ ဘာသာရေး ကိစ္စတစ်ခု ဆောင်ရွက်ရဖွယ် ရှိသည်။ မိန်းကလေး ငယ်များ ကိုယ်ဝန် စွဲကပ်ရန် လွယ်ကူသော ကာလတစ်ခုဖြစ်သည်။ အရောင်းအ၀ယ်သမားများ အရောင်းအ၀ယ်ကောင်းသော်လည်း အကျိုးအမြတ်မကျန်လှသော ကာလတစ်ခု ဖြစ်နိုင်သည်။ ယေဘူယျ ကံဇာတာ မဆိုးလှသော လ, တစ်လဖြစ်မည်။
ယတြာပြုလိုပါက - တောင်းရမ်း စားသောက်နေရသူ အချို့အား ငွေကြေး အချို့အ၀က် လှူဒါန်းလိုက်ပါ။ ငွေကြေးဒုက္ခရောက်နေသော ဆွေမျိုး/သူငယ်ချင်းတစ်ဦးအား ငွေကြေး ချေးငှားလိုက်ပါ။




.

# တနင်္လာ သားသမီးများ
စိတ်သောက ထွေပြားရသော လ, တစ်လဖြစ်နိုင်သည်။ ဘာလုပ်လုပ် အခက်အခဲ များနေမည်။ အလိုလို နေရင်း စိတ်တို ၊ စိတ်ရှုပ်ထွေး နေတတ်သည်။ ဒေါသစိတ် ၊ ဒေါမနဿစိတ် များရသော လ, ဖြစ်မည်။ အခြေအနေအရပ်ရပ်ကြောင့် သည်းခံစိတ်ကို မနည်းမွေးနေရတတ်သည်။ ကျန်းမာရေး ချူခြာနေမည်။ မိသားစုအတွင်း ကျန်းမာရေး ကိစ္စတစ်ခုကြောင့် ဆေးရုံဆေးခန်း ရောက်ရ တတ်သည်။ စိတ်တို စိတ်ဆတ်လွယ်သူများ အိမ်တွင်းရေး၌ဖြစ်စေ ၊ အိမ်ပြင်ပ၌ဖြစ်စေ ခိုက်ရန် ဖြစ်ပွား ရဖွယ် ရှိသည်။ ချွန်ထက်သော ကရိယာ ၊ မီး ၊ လျှပ်စစ်များ ကိုင်တွယ်ရာတွင် သတိထားပါ။ ငယ်ရွယ်သူများ အိမ်ထောင်ရှင် ယောင်္ကျားများ မိန်းမအနှောင့်အယှက်ရှိတတ်ပြီး နာမည်ပျက်ကိန်း ရှိနိုင်သည်။ အစစ အရာရာ သတိထား နေထိုင် ၊ ပြောဆို ၊ လုပ်ကိုင်နိုင်မှ အမှားနည်းမည့် လ, ဖြစ်သည်။ ယေဘူယျကံ မကောင်းတတ်သော လ, တစ်လ ဖြစ်ဖွယ်ရှိသည်။
ယတြာပြုလိုပါက - ခွေးလေခွေးလွင့်များအား အမဲရိုးဖြင့် ထမင်းများ ရောနှောကျွေးမွေးလိုက်ပါ။
.

# အင်္ဂါ သားသမီးများ
ရန်အတိုက်အခိုက် များနိုင်သော ကာလဖြစ်သည်။ မိမိကို အပုပ်ချ ၊ သွားပုတ်လေလွင့် ပြောဆိုမှုများ ခံရမည်။ သည်းခံစိတ်မွေးပြီး လစ်လျူရှုလိုက်ပါလေ။ အချိန်တန်လျှင် အပြောရပ်သွားပါလိမ့်မည်။ မိမိ၏ ဉာဏ်ပညာ ၊ ကိုယ်ပိုင်စွမ်းရည်ကို အသုံးပြု၍ ရန်သူများအပေါ် အနိုင်ယူနိုင်လိမ့်မည်။ ဉာဏ်ပညာ ထက်မြက်နေသော ကာလဖြစ်မည်။ တီထွင်ဖန်တီးမှုများကို ပြုလုပ်နိုင်လိမ့်မည်။ လောင်းကစားကိစ္စများ ရှောင်ပါ။ ငွေဆုံးရှုံးလျှင် တော်ပါသေးသည်။ အဆင်မသင့်လျှင် အမှုအခင်းဖြစ်ပွားတတ်သည်။ မတော်တဆ ထိခိုက်မှုများ သတိထားပါ။ မှန်ကန်သော ဆုံးဖြတ်ချက်တစ်ခုကို ချမှတ်နိုင်ပြီး အကောင်အထည်ဖော်နိုင်ခြင်းကြောင့် လူအများ၏ လေးစားမှုကို ခံရမည်။ မိသားစု ၊ ဆွေမျိုးများအတွင်း နာရေး ကိစ္စ ပေါ်နိုင်သည်။ ကံညံ့ ၊ ကံကောင်း ရောနှော နေသော ကာလတစ်ခုဖြစ်နိုင်သည်။
ယတြာပြုလိုပါက - မီးဘေး ရေဘေးသင့်ပြီး ကယ်ဆယ်ရေးစခန်းများသို့ရောက်နေသော ဒုက္ခသည်အချို့ကို မိမိတတ်အားသလောက် အကူအညီ ပေးလိုက်ပါ။
.
# ဗုဒ္ဓဟူး သားသမီးများ
မတော်တဆ ထိခိုက်ခြင်း ၊ နာဖျားမကျန်း ရှိခြင်း ၊ ငွေကုန်ကြေးကျ များခြင်း ၊ ငွေကြေး ဆုံးရှုံးခြင်း တစ်ခုမဟုတ် တစ်ခု ကြုံရမည့် ကာလဖြစ်သည်။ ကျန်းမာရေးကို အထူးဂရုစိုက်ပါလေ။ ထိခိုက် ဒဏ်ရာ နှင့် အသေးစား ခွဲစိတ်ကုသမှုမျိုး ခံရဖွယ် ရှိသည်။ အလုပ်အကိုင် အဆင်ပြေလှသော ကာလမဟုတ်ပါ။ ၀န်ထမ်းများ စုံစမ်းစစ်ဆေးမှုများ ခံရဖွယ်ရှိသည်။ အဆင်မသင့်လျှင် ဥပဒေနှင့် ညိစွန်းနိုင်သည်။ မိမိကို အနီးကပ်လုပ်ကြံသူ ရှိတတ်သည်။ ဂျောက်တွန်းမှု ၊ အတို့အရှို့လုပ်မှု ခံရဖွယ် ရှိသည်။ အခက်အခဲ ပြဿနာများရှိလျှင် စိတ်လိုက်မာန်ပါ မဖြေရှင်းဘဲ “ညှိနှိုင်းယူခြင်း” ဖြင့် ပြေလည်အောင် လုပ်ယူ၍ ရနိုင်ပါသည်။ ကျန်းမာရေး အညံ့ရှိလျှင် စိတ်ဓာတ်မကျရန် နှင့် ကိုယ်လက်လှုပ်ရှားမှုများကို များများလုပ်ပေးရန် လိုသည်။ အလိုလိုနေရင်း စိတ်ဓာတ်ကျ ၊ အားငယ်နေတတ်သည်။ ခရီးတို ခရီးရှည် သွားလာရကိန်း ရှိသည်။ ခရီးသွားလာခြင်းဖြင့် စိတ်ဖိစီးမှုများ ပြေပျောက်နိုင်သည်။ ယေဘူယျ ပြောရလျှင် ယခုလသည် ဗုဒ္ဓဟူး သားသမီး အတော်များများ အညံ့ တစ်ခုမဟုတ် တစ်ခု ကြုံရဖွယ် ရှိသည့် လ, ဖြစ်လေသတည်း။
ယတြာပြုလိုပါက - ခရီးသွားရန် အခက်အခဲဖြစ်နေသော သံဃာတော်တပါးကို ခရီးစားရိတ်ငွေကြေး လှူဒါန်း လိုက်ပါ။
.
# ကြာသပတေး သားသမီးများ
လူမှုဆက်ဆံရေး နယ်ပယ် ၊ စာပေ အနုပညာနယ်ပယ် ၊ နိုင်ငံရေးနယ်ပယ်များနှင့် ဆက်စပ် လုပ်ကိုင် နေသူများ အောင်မြင် ကံကောင်းမည့် လ, တစ်လဖြစ်နိုင်သည်။ မိမိကြိုးပမ်းအားထုတ်မှုများ၏ အသီးအပွင့် များကို ခံစားရရှိနိုင်မည်။ ငွေကြေးကံ ကောင်းနေတတ်သည်။ အချို့သော ကြာသပတေး သားသမီးများ (ကောင်းသော) ဘ၀အလှည့်အပြောင်းတစ်ခု ကြုံနိုင်သည်။ သို့သော် အကောင်းမြင်ဝါဒ အလွန်အမင်း မထားပါနှင့်။ လောဘကြီးလွန်းလျှင် ဒုက္ခရောက်တတ်သည်။ သဘာဝ ဘေးဥပဒ် တစ်ခုခု သတိထားပါ။ ဆရာမှားနှင့် ကြုံတတ်ပြီး မကောင်းသော ကိစ္စများကို ပါဝင်ဆောင်ရွက်မိတတ်သည်။ မိမိကိုယ်ပိုင်ဉာဏ်ကို အသုံးချပါ။ စပ်တူလုပ်ငန်းများ ပေါ်ပေါက်တတ်သည်။ (သို့) စပ်တူလုပ်ငန်း လုပ်ကိုင်နေသူများ လုပ်ငန်းမှ အကျိုးကျေးဇူး ခံစားရတတ်သည်။ သူ့ဖက်ကိုယ့်ဖက် မျှတအောင် ဆောင်ရွက်တတ်သော အလေ့အထ ရှိသူများ ၊ ကိုယ်ခြင်းစာတရား လက်ကိုင်ထားခြင်းတတ်သူများ ယခုလတွင် ကံကောင်းမှုများ ပိုမိုခံစား ရရှိနိုင်သည်။ တစ်ကိုယ်ကောင်းဆန်လွန်းသူများအတွက်မူ ယခုလတွင် ကံကောင်းတော့မလိုလိုနှင့် အီလည်လည် ဖြစ်နေတတ်သည်။ ယေဘူယျ ကံကောင်းမှု များနိုင်သော လ, တစ်လဖြစ်ဖို့များပါသည်။
ယတြာပြုလိုပါက - ရပ်ကွက်ထဲမှ ကလေးငယ်များအား “ဘောလုံး” အကောင်းစား တစ်လုံး ၀ယ်ပေးလိုက်ပါ။
.

# သောကြာ သားသမီးများ
အကောင်း နှင့် အဆိုး ဒွန်တွဲ အားပြိုင်နိုင်သည့် ကာလဖြစ်သည်။ ကောင်းသော ကိစ္စမှာ မိမိ ပညာ ၊ ကျွမ်းကျင်မှု ၊ အတတ်ပညာတို့ကြောင့် နာမည်ကျော်ကြားတတ်သော ကာလဖြစ်သည်။ အချစ်ရေး ကိစ္စများ အဆင်ပြေ ချောမွေ့နိုင်သည်။ ဆရာတစ်ဆူအဖြစ် အသိအမှတ်ပြုခံရတတ်သည်။ ဂုဏ်ပြုချီးမွမ်းမှုများကို ခံရဖွယ်ရှိသည်။ မကောင်းသော ကိစ္စများမှာ ကျန်းမာရေး နှင့် မတော်တဆ ထိခိုက်မှုများ သတိထားရမည်။ နာတာရှည်ရောဂါရှိသူများ ပိုမိုသတိထားပါ။ ရောဂါတိုးတတ်သည်။ အိမ်ထောင်ရှင်များအတွက်မူ အိမ်ထောင်ရေး ကတောက်ကဆ ဖြစ်နိုင်သော ကာလဖြစ်သည်။ ဥပဒေ မကင်းသော အလုပ်များဖြင့် အသက်မွေးသူများ တရားဥပဒေဖြင့် ရင်ဆိုင်ရဖွယ် ရှိသည်။ ရုတ်တရက် ပေါက်ကွဲတတ်သော လက်နက်ခဲယမ်းဘေးဥပဒ်မျိုး ရှိနိုင်သည်ကို အထူးသတိပြုပါ။ အနီးကပ် ယုံကြည်စိတ်ချရသော သူ၏ သစ္စာ ဖောက် နောက်ကျောဓားနှင့်ထိုးခံရခြင်းမျိုးကို ယခုလတွင် ကံညံ့သော သောကြာသားသမီးများ ခံရဖွယ်ရှိသည်ကို သတိပေးလိုပါသည်။
ယတြာပြုလိုပါက - မွေးနံ သောကြာနံဘုရားကို သောက်တော်ရေချမ်း (၁၃)ခွက် တိတိ ပူဇော်ကပ်လှူပေးပါ။ ယခုလအတွင်း အနက်ရောင် အ၀တ်အစားများ ၀တ်ဆင်ခြင်း မပြုပါနှင့်။
.
# စနေ သားသမီးများ
ယခုလတွင် ကံဇာတာ အကောင်းဖက်တွင် များနိုင်ဖွယ် ရှိသည်။ လူမှုဆက်ဆံရေးပိုင်း အထူးအောင်မြင်တတ်သည်။ လူအများ၏ ထောက်ခံမှု အားပေးမှုကို ခံရနိုင်သည်။ မိမိယုံကြည်ချက် အတိုင်း ခိုင်မာစွာ ဆောင်ရွက်ပါလေ။ ဝေဖန်မှုများရှိသော်လည်း နောက်ဆုံးတွင် မိမိကို ထောက်ခံအားပေးမည့်သူများ ပိုများနိုင်သည်။ ဆရာတစ်ဆူအဖြစ် အသိအမှတ်ပြု ခံရတတ်သည်။ အချို့ စနေသားသမီးများ ဘ၀အလှည့် အပြောင်းတစ်ခုဖြစ်လောက်အောင် ကံကောင်းမှုများ ရရှိနိုင်သည်။ ၀န်ထမ်းများ ရာထူးတက်ရန် ရှိလျှင် ယခုလမျိုးသည် ရာထူးတက်ရန် အကောင်းဆုံးလ ဖြစ်တတ်သည်။ ယခင် လပေါင်းများစွာက ကံညံ့လာခဲ့သူများပင် ယခုလအတွက် ကံကောင်းမှု တစ်ခုခုကို ရရှိခံစားရနိုင်ပါသည်။ သို့သော် ချွင်းချက် အနေဖြင့် “အင်္ဂါသက္ခတ်” နှင့် “စနေသက္ခတ်” များအတွင်း ရောက်နေသူ စနေသားသမီးများ မတော်တဆ ထိခိုက်မှု ၊ ကျန်းမာရေး ဆိုးရွားစွာ ထိခိုက်မှု ၊ သစ္စာဖောက်ခံရမှု နှင့် ရန်သူမျိုးငါးပါး ဘေးဥပဒ်များ ကြုံဆုံ နိုင်သည်ကို သတိပြုပါ။
ယတြာပြုလိုပါက - နံနက် အာရုဏ်တက်ချိန်တွင် “မောရသုတ်” ပရိတ်တော်ကို ကိုယ်တိုင်ရွတ်ဖက်တတ်လျှင် ရွတ် ၊ မရွတ်တတ်လျှင် MP3 ဖြင့် မကြာခဏ ဖွင့်ပေးပါ။
.
# ရာဟု သားသမီးများ
ယခုလအတွက် ရာဟုသားသမီးများသည် ဗုဒ္ဓဟူးသားသမီးများထက် ကံဇာတာ ပိုမိုကောင်းမွန်နိုင် ပါသည်။ အလုပ်သစ် အကိုင်သစ် များ (သို့) အခွင့်အလမ်းသစ်များ ရရှိနိုင်သည်။ သို့သော် တက်ကြွလှုပ်ရှား စိတ်ဝင်စားမှု နည်းလျှင် အခွင့်အလမ်းကောင်းများ လက်လွတ် ဆုံးရှုံးနိုင်သည်။ ပညာရေးကံ အထူးကောင်းမွန်နိုင်သည်။ ကာလရှည်ကြာစွာ လုပ်ကိုင်နေရသော လုပ်ငန်းတစ်ခုကို အောင်မြင်အောင် အပြီးသတ်နိုင်လိမ့်မည်။ လူအများ နှင့် ဆက်ဆံလုပ်ကိုင်နေရသူများ လူမှုဆက်ဆံရေး အဆင်ပြေမည်။ ထောက်ခံမှု ရရှိမည်။ ကူညီ အားပေးမည့်သူ များပြားမည်။ မိမိ၏ အသိပညာ ၊ အတတ်ပညာ ၊ အရည်အချင်း များကို လူအများက အသိအမှတ်ပြုခံရတတ်သည့် လ, တစ်လဖြစ်ပေလိမ့်မည်။
ယတြာပြုလိုပါက - ဆင်းရဲနွမ်းပါးနေသော မိမိ ဆရာသမားတစ်ဦးကို မိမိတတ်နိုင်သလောက် ထောက်ပံ့ကူညီ ပေးကမ်းလိုက်ပါ။

()ရက်သားသမီးအားလုံး ဘေးရန်ကင်းကွာ ချမ်းသာကြပါစေသော်။

ဒေါက်တာတင်ဗိုလ်ဗိုလ်
(ကွန်ပျူဗေဒသုခုမ)

No comments:

Post a Comment