Tuesday, July 21, 2009


နေကြတ်ခြင်း၊ လကြတ်ခြင်းတို့ဟာ နှစ်စဉ်လိုလို ဖြစ်ပွားနေတဲ့ ကိစ္စဖြစ်ပြီး ဖြစ်တိုင်းလည်း နက္ခတ်ပညာရှင်တွေက “မကောင်းဘူး၊ မကောင်းဘူး” လို့ဘဲ ပြောနေကြတာဘဲ။ ကျမ်းစာ အစောင်စောင် ဖတ်ကြည့်တော့ လည်း နေကြတ်၊ လကြတ်ကို ကောင်းတာဟောတာ ရယ်လို့ သိပ်မတွေ့ရပေါင်။

နေကြတ်လကြတ်ခြင်းကို အပြည့်အ၀ခံစားရတဲ့ နိုင်ငံတွေမှာ ဆူပူမှု၊ အဓိကရုဏ်းတွေ ၊ နိုင်ငံရေး မငြိမ်သက် မှုတွေ၊ သဘာဝဘေးဥပဒ်တွေ၊ မတော်တဆဖြစ်မှုတွေ ဖြစ်လိမ့်မယ် ဟောကြတာဘဲ။ ဒီဟောပြောချက် တွေကို ကျွန်တော့်အနေနဲ့ ငြင်းချက်မထုတ်လိုပါဘူး။ မှန်သင့်သလောက် လဲ မှန်နေတာဘဲလေ။ 

ဒါပေမယ့် သေသေချာချာ လေ့လာကြည့်ပြန်တော့ ဒီလို ကမ္ဘာအရပ်ရပ်မှာ ဆူပူမှု၊ နိုင်ငံရေးမငြိမ်သက်မှု၊ သဘာဝဘေးဥပဒ် တွေ၊ မတော်တဆဖြစ်မှုတွေဆိုတာ မဖြစ်တဲ့နှစ်၊ မဖြစ်တဲ့ လ ရယ်လို့ကော ရှိလို့လား။
တစ်နေရာမဟုတ် တနေရာတော့ အမြဲဖြစ်နေတာဘဲမဟုတ်လား။ နိုင်ငံတကာ သတင်းများ သွားနားထောင်မိရင် စိတ်တောင်ညစ်တယ်။ ဟိုနိုင်ငံမှာ ဆူပူပြန်ပြီတဲ့။


ဒီနိုင်ငံမှာ လေယာဉ်ပျက်ကျပြန်ပြီတဲ့။ ရေကြီးပြန်ပြီတဲ့။ လေမုန်တိုင်း တိုက်ပြန်ပြီတဲ့။ လူတစ်ယောက် စိတ်ဖောက်ပြန်ပြီး လူတွေကို သေနတ်နဲ့ လိုက်ပစ်ပြန်ပြီတဲ့။ ကူးစက်ရောဂါတွေဖြစ်ပြန်ပြီတဲ့။ ငလျှင်လှုပ်ပြန်ပြီတဲ့။ အသေခံဗုံးခွဲပြန်ပြီတဲ့။ အို – မကြားချင်အဆုံး။ 
 ကမ္ဘာလောကကြီးတစ်ခုလုံး ယောက်ယက်ခတ် နေကြတာဘဲမဟုတ်လား။
.
ကမ္ဘာကြီးမှာ လူတွေ မေတ္တာတရား၊ ကိုယ်ခြင်းစာတရား ခေါင်းပါးလာပြီး အတ္တစိတ်ကြီးမားလာကြတာနဲ့အမျှ ဒီလိုဘေးဒုက္ခ တွေဟာ နေကြတ်ကြတ်၊ မကြတ်ကြတ်၊ လကြတ်ကြတ် မကြတ်ကြတ် ဖြစ်နေဦးမှာဘဲ မဟုတ် လား။ ကျွန်တော်ကတော့ ကိုယ်တိုင် ဗေဒင်ပညာနဲ့ အသက်မွေးသူဖြစ်ပေမယ့် ဗေဒင်ပညာထက်စာရင် ဘုရားဟောတဲ့ အဆုံးအမကို ပိုပြီး ယုံကြည်တယ်။လူတွေတရားပျက်လာရင် ဒုက္ခမျိုးစုံ ပိုပြီးတွေ့လာရမှာပါဘဲ။ အခု တကမ္ဘာလုံးဖြစ်နေတဲ့ ဘေးဒုက္ခတွေဟာ လူတွေ တရားပျက်လာကြလို့ ဖြစ်ကြတာချည်းဘဲလို့ ကျွန်တော်ကတော့ အခိုင်အမာယုံကြည်ပါတယ်။

ဗေဒင်မိတ်ဆွေကလေး ကိုရန်းဂန်းလေးက မေးဘူးတယ်။ “ဆရာ- ဗေဒင်ဟောမှာလား၊ တရားဟောမှာလား” တဲ့။ အမှန်အတိုင်းပြောရရင် ဗေဒင်ပညာကို အသက်မွေးဝမ်းကျောင်းနဲ့ ၀ါသနာ ကြောင့်သာ လုပ်နေရတာ။ ဗေဒင်ဟောချင်စိတ်ကို လုံးဝမရှိဘူး။ တရားကိုဘဲ ပိုဟောချင်တယ်။ တစ်ချိန်ကျရင် “ကျော်ဟိန်း” လိုတောင် ဘုန်းကြီးဝတ်ချင်ဝတ်ဦးမှာ။ (ရယ်စရာပြောတာပါ)

ဒီတော့ နေလနက္ခတ်တွေ ဘာဘဲဖြစ်နေဖြစ်နေ လူသားတွေအနေနဲ့ တရားကို စောင့်ရှောက်ကြဖို့ဘဲ တိုက်တွန်းချင်တယ်။ ငယ်ငယ်ကတည်းက ကြားဖူးတဲ့ “ဘယ်သူတရားပျက်ပျက်၊ ကိုယ်မပျက်စေနဲ့” ဆိုတဲ့ စကားဟာ အခုမှ ပိုပြီးမှန်မှန်လာတယ်လို့ ခံစားရတယ်။ ကိုယ်တရားပျက်ရင် ကိုယ်ဘဲခံရမှာဘဲ။ မြန်တာနဲ့ နှေးတာဘဲကွာမယ်။ သူများတွေ တရားပျက်တာကို လက်ညှိုးထိုးမနေဘဲ လူတိုင်းလူတိုင်း ကိုယ့်တရားကိုသာ ကိုယ်စောင့်ရှောက်နေကြရင် လူ့ဘောင်လူ့လောကကြီးတစ်ခု သာယာလာမှာ မြေကြီးလက်ခေတ်မလွဲပါ။ တရားလုပ်ရမယ်ဆိုလို့ ပုတီးထိုင်စိတ်ရမှာလား။ အဓိဌာန်ဝင်ရမှာလား။ တရားရိပ်သာထဲ ပြေးရတော့မှာလားလို့တော့ မထင်ကြပါနဲ့။

တရားဆိုတာလွယ်လွယ်လေးပါ။ မတရားတာ မလုပ်ရင် တရားပေါ့။ တရားဆိုတာ မတရားရဲ့ ဆန့်ကျင်ဘက်။ ဓမ္မဆိုတာ အဓမ္မရဲ့ဆန့်ကျင်ဘက်။ ဒီတော့ သူများအပေါ်မှာ မတရားတာကို မလုပ်ကြရင် အလိုလို တရားစောင့်ပြီးသားပါ။ (ဒါ ကျွန်တော့် ရဲ့ ဖီလိုဆိုဖီပေါ့ဗျာ)။

ဒါလေးများ ငါလည်း သိသားဘဲဆိုရင်လည်း — – - မပြောတော့ပါဘူးဗျာ။ ဒါပေမယ့် လူတွေဟာ မသိကြလို့မဟုတ်ဘူး။ သိရက်နဲ့ မပြင်နိုင်ကြတာ၊ သိရက်နဲ့ လုပ်နေတာက ပိုများပါတယ်။ လူတွေဟာ ကိုယ်ကျိုးစီးပွားနဲ့ ယှဉ်လာကြတဲ့အခါ တရားတာ၊ မတရားတာ မစဉ်းစားကြတော့ဘူးလေ။ ဘာသာတရားတွေအားလုံးက ဘယ်လိုဘဲ ဆုံးမဆုံးမ “ဒီဘ၀ ဒီကိုယ်စံမယ်၊ နောင်ဘ၀ နောင်ကိုယ်ခံမယ် ” ဆိုတဲ့ သဘောထားမျိုးတွေ ထားလာ ကြတော့တာပါဘဲဗျာ။

နေလနက္ခတ်တွေဖောက်ပြန်လို့ လူတွေ ကပ်ဘေးတွေကြုံရတာမဟုတ်ဘူး။ လူတွေ တရားမစောင့်ကြလို့နေလနက္ခတ်တွေ ဖောက်ပြန်နေရတာ။ ဒါကြောင့် အလွန်ဖြစ်ခဲလှတဲ့ တစ်လတည်း လနှစ်ခါကြတ်တာတို့၊ တစ်လတည်း နေလနှစ်ခုလုံး ကြတ်တာတို့ဖြစ်လာရတာဖြစ်တယ်။ အခုနေကြတ်တဲ့ ကိစ္စကိုလည်း ကျွန်တော့်ထက် အများကြီးတော်တဲ့ တတ်တဲ့ ပညာရှင်ကြီး တွေက ဟောပြောကြပြီး ဖြစ်တာမို့ ကျွန်တော်လို ပါမွှားက ဘာမှ ထပ်ပြောစရာမရှိတော့ပါဘူး။ တွက်လည်း တွက်မကြည့်တော့ ပါဘူး။ စိတ်ညစ်လို့။

ဒါပေမယ့် ၀ါသနာက မနေနိုင်တော့ ငယ်ငယ်ကတည်းက စုဆောင်းလာခဲ့တဲ့ မှတ်စုတွေကို လျှောက်လှန်လှောကြည့်ရင်းနဲ့ မှတ်စုတစ်အုပ်ထဲမှာ ဘာသွားတွေ့လည်းဆိုတော့ – နေကြတ်ပြီး နောက်ထပ် (၂)ပတ်ခန့်အကြာတွင် လကြတ် ခြင်းဖြစ်ပါက တိုင်းသူပြည်သားအပေါင်းတို့သည် အလွန်ဝမ်းမြောက်ပျော်ရွှင်စရာများနှင့် ကြုံတွေ့ရသည် ဖြစ်၍ ပျော်ပွဲရွှင်ပွဲကြီးများကို ကျင်းပကြလတ္တံ ဆိုတာလေး ကို သွားတွေ့လိုက်တယ်။ ဘယ်ကျမ်းထဲပါတယ်တော့ မမှတ်မိတော့ပါ။

အခုနေကြတ်မှာက ဇူလိုင်လ (၂၂)ရက်ဆိုတော့ သြဂုတ်လ (၆)ရက်နေ့မှာ လကြတ်ခြင်းဟာ (၂)ပတ်အကွာမှာဖြစ်နေတော့ ဒီဥပဒေသလေးသာမှန်ခဲ့ရင် တိုင်းသူပြည်သားတွေ ပျော်ရွှင်ကြရဦးမှာပေါ့။ သူများတွေက ဘာ မကောင်းဘူး၊ ညာ မကောင်းဘူး ပြောနေကြလို့ ကျွန်တော်က အကောင်းရှာပြီး ပြောကြည့် တာပါ။ ဟုတ်တယ်လေ။ တိုင်းသူပြည်သားတွေ ပျော်ရွှင်ကြရ ပါတယ်ဆိုမှ မကောင်းတဲ့ ကိစ္စဖြစ်မလား။ ကောင်းတဲ့ ကိစ္စမို့ပေါ့။

ဘယ်နိုင်ငံက တိုင်းသူပြည်သားတွေဆိုတာတော့ မပြောတတ်ဘူး။ နေကြတ်တဲ့ ဧရိယာကြီးက အကျယ်ကြီးဘဲဆိုတော့ ဘယ်နိုင်ငံလို့ပြောလို့ရမလဲ။ ဒါပေမယ့် ဘယ်နိုင်ငံဖြစ်ဖြစ် မုဒိတာ ပွားရမှာပါဘဲလေ။ မဟုတ်ဘူးလား။ တိုင်းသူပြည်သားတွေ လည်း ပျော်ရွှင်ကြ၊ အုပ်ချုပ်သူမင်းအစိုးရတွေလည်း ပျော်ရွှင်ကြဆိုရင်တော့ ပျော်စရာ အတိပေါ့ဗျာ။
ဘယ်နိုင်ငံဘဲဖြစ်ဖြစ် “မင်းနှင့်ပြည်သူ ချစ်ကြည်ဖြူကြရင် အကောင်းဆုံးမဟုတ်လားဗျာ” ။ နေကြတ်လကြတ်တာနဲ့ ပတ်သတ်ပြီး ပြောချင်တာလေးကတော့ ဒါပါဘဲ။
.
အားလုံးကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာကြပါစေသော်။
.
ဒေါက်တာတင်ဗိုလ်ဗိုလ် (ကွန်ပျူဗေဒသုခုမ)

No comments:

Post a Comment