Saturday, December 27, 2008

ခင်ဗျား ဘာနေ့သားလဲ ?


“ဘာနေ့သားလေးလဲဟဲ့၊ သောကြာသားလေးလား၊ ကောင်းတယ်ဟဲ့၊ “သားဦး သောကြာ ပဒေသာ” တဲ့၊ မိဘတွေကံကောင်းတာပေါ့ဟယ်” စသည်ဖြင့် မှတ်ချက်ပြုလေ့ရှိကြပါတယ်။ မြန်မာလူမျိုးတိုင်းဟာ ကိုယ့်ရဲ့မွေးနေ့ (ရက်, လ , ခုနှစ်) ကိုသာ မေ့ချင်မေ့မယ်။ ကိုယ်ဘာနေ့ သားသမီးဆိုတာကိုတော့ သေတဲ့အထိ မှတ်မိကြပါတယ်။

“ခင်ဗျား ဘယ်နှစ်ရက်နေ့မှာ မွေးတာလဲ” လို့ကောက်ခါငင်ကာ မေးလိုက်ရင် ချက်ခြင်းပြန်ဖြေဖို့ အချိန်ယူရပေမယ့် “ခင်ဗျား ဘာနေ့သားလဲလို့ မေးကြည့်ရင်တော့ - ကျွန်တော်လား ? အင်္ဂါသားလေ (ဒါမှမဟုတ်) ဗုဒ္ဓဟူးသားဗျ လို့ ချက်ခြင်း မဆိုင်းမတွ ပြန် ဖြေကြပါလိမ့်မယ်” ။ နိုင်ငံခြားသားတစ်ဦးကို ခင်ဗျား ဘာနေ့သားလဲလို့ မေးကြည့်ပါလား။ ပြန်ဖြေနိုင်သူ အတော် ရှားပါလိမ့်မယ်။

ဘာဖြစ်လို့လဲဆိုတော့ ကမ္ဘာပေါ်မှာ ရှိတဲ့ လူမျိုးတော်တော်များများဟာ ကိုယ့်ရဲ့ မွေးနေ့ကို (ရက် , လ , ခုနှစ်) နဲ့ မှတ်သားထားတတ်ကြပေမယ့် “နေ့” အနေနဲ့ မှတ်သားတတ်ကြတဲ့ အလေ့အထ မရှိကြလို့ပါဘဲ။ သူများတွေမှာ မရှိတဲ့ အလေ့အထ တစ်ခုကို ကျွန်တော်တို့မြန်မာတွေက ပိုင်ဆိုင်ထားကြတာဟာ ဂုဏ်ယူစရာ တစ်ခု မဟုတ်ပါလားဗျာ။



ကျွန်တော်ဟာ ဗေဒင်ပညာနဲ့ ပတ်သက်ပြီး သုတေသနပြုတဲ့အခါ ကမ္ဘာပေါ်မှာ ရှိတဲ့ ထင်ပေါ်ကျော်ကြားသူတွေရဲ့ မွေးနေ့တွေကို စုဆောင်းတဲ့ နေရာမှာ ရက် , လ , ခုနှစ် ကိုသာ ရရှိပြီး နေ့ကိုတော့ ကိုယ့်ဟာကိုယ် ပြန်ရှာယူရပါတယ်။ ဘာနေ့သား သမီးဆိုတာကိုတော့ ဖော်ပြလေ့မရှိကြပါဘူး။ ကျွန်တော်ထင်ပါတယ်။ ကိုယ့်ကိုယ်ကို ဘာနေ့သားသမီးမှန်း မသိဘဲ နေသွား , သေသွားကြသူတွေအများကြီးရှိမှာဘဲလို့ (ကျွန်တော်တို့ မြန်မာလူမျိုးတွေက လွဲရင်ပေါ့လေ)။

ဒါကြောင့် ကျွန်တော်တို့ ဓလေ့က ချစ်စရာ၊ ဂုဏ်ယူစရာကောင်းတယ်လို့ ပြောတာပေါ့။ ဒါပေမယ့် ဂုဏ်ယူစရာ မကောင်းတဲ့ အချက်ကတော့ ကိုယ်ဘာနေ့သားသမီးဆိုတာကို မလွဲတမ်းမှတ်ထားနိုင်ကြတဲ့ ကျွန်တော်တို့ မြန်မာလူမျိုးအတော် များများဟာ ကိုယ့်ရဲ့ မွေးရက်၊ လ၊ ခုနှစ် ကိုတော့ တိတိကျကျမှတ်သားထားတဲ့သူ အလွန်နည်းခဲ့ကြပါတယ်။ “နည်းခဲ့ကြပါတယ်” လို့ ပြောတာက ဟိုတုန်းကနည်းခဲ့ပေမယ့် ဒီဘက်ခေတ်မှာတော့ တော်တော်လေး တိတိကျကျ မှတ်သားလာကြပါပြီ။

ဟိုတုန်းခေတ်အခါများဆီ ကတော့ မြန်မာလူမျိုးတွေ(အထူးသဖြင့် ကျေးလက်တောရွာနေသူများ)ဟာ ကိုယ့်ရဲ့ မွေးရက်၊ မွေးလ၊ မွေးခုနှစ်ကို တိတိကျကျ မှတ်သားထားကြသူ အလွန်နည်းခဲ့ကြပါတယ်။ တစ်ချို့ဆိုရင် ကိုယ်မွေးတဲ့ခုနှစ်ကို သေသေ ချာချာ မမှတ်မိတော့လို့ ကိုယ့်အသက် ဘယ်လောက်ရှိမှန်းတောင် တိတိကျကျမသိကြပါဘူး။ ကျွန်တော်ဟာ တောအရပ်ဒေသ မှာ မွေးဖွားကြီးပြင်းလာသူမို့ ဒီအချက်ကို တော်တော့်ကို သတိပြုမိပါတယ်။

ဂျပန်တက်တုန်းက မွေးတာတို့၊ တော်လှန်ရေး အစိုးရ တက်တုန်းက မွေးတာတို့၊ ရွာမှာ ရေတွေအရမ်းကြီးတုန်းက မွေးတာပေါ့တို့လို မရေမရာတွေက အများကြီးဗျ။
မွေးလ , ကျပြန်တော့လည်း မြန်မာသက္ကရာဇ်နဲ့ဘဲ မှတ်သား လေ့ရှိကြတာမို့ လဆန်း နဲ့ လဆုတ် မကွဲပြားသူ တွေကလည်း အများကြီးပါ။ ဗေဒင်မေးဖို့ရောက်လာရင် ပြောလိုက်တော့ ကြာသပတေးသား၊ နှစ်တရာပြက္ခဒိန်ထဲမှာ သူပြောတဲ့ နေ့ရက်လနဲ့ တိုက်ကြည့်တော့ စနေနေ့ ဖြစ်နေတယ်။

ဒါမျိုးတွေ ဗေဒင်ပညာလေ့လာလိုက်စားပြီး ဗေဒင် အပျော်တမ်း ဟောဘူးတဲ့သူတိုင်း ကြုံဘူးကြမှာပါ။ ဒါပေမယ့် မှားစရာရှိရင် ရက် , လ , နှစ် တို့သာ မှားချင်မှားဖို့ ရှိပြီး နေ့ကတော့ မမှားကြဘူးဗျ။ ဒါကြောင့် နေ့ကို မူသေထားပြီး ဘယ်ရက်ဘယ်လ ဖြစ်နိုင်တယ်။ လဆန်းမဟုတ်ဘဲ လဆုတ်ဖြစ်နိုင်တယ်။ စသည်ဖြင့် ရှေ့တိုး နောက်ဆုတ်လုပ်ကြရတော့တာပေါ့ဗျာ။

ကျွန်တော် စိတ်မကောင်းတဲ့အချက်ကတော့ ကမ္ဘာပေါ်မှာ ထင်ပေါ်ကျော်ကြားတဲ့ ပုဂ္ဂိုလ်တွေရဲ့ မွေးနေ့ကို ရှာရတာ ဟာ (လွန်ခဲ့တဲ့ နှစ်ပေါင်း ၅ဝဝ လောက်က ဖြစ်ရင်တောင်မှ) အင်မတန်လွယ်ကူသလောက် မြန်မာနိုင်ငံထဲက ကျော်ကြားသူတွေ ရဲ့ မွေးနေ့ကို ရှာရတာ အင်မတန် ခက်ခဲလှတဲ့ အဖြစ်ကိုပါ။ ကျွန်တော်တို့ မြန်မာလူမျိုးတွေဟာ မှတ်တမ်းမှတ်ရာနဲ့ သုတေသန အရာမှာ အင်မတန် အားနည်းကြပါတယ်။

လွန်ခဲ့တဲ့ အနှစ် (၅ဝဝ) လောက်ကို မပြောနဲ့ လွန်ခဲ့တဲ့ အနှစ်(၅ဝ)လောက်တုန်းက လျှမ်းလျှမ်းတောက် ကျော်ကြားခဲ့တဲ့ ဂီတစာဆို တစ်ယောက်ရဲ့ မွေးနေ့ကိုတောင်မှ ရှာလို့မလွယ်လှပါဘူး။ တွေ့ပြန်တော့လည်း အထက်ကပြောခဲ့သလို နှစ်တစ်ရာပြက္ခဒိန်နဲ့ တိုက်ကြည့်ရင် အလွဲလွဲ အမှားအမှားဖြစ်နေပြန်ရော။

အင်္ဂလန်နိုင်ငံသား ကမ္ဘာကျော်ပြဇာတ်စာရေးဆရာကြီး ဝီလျံရှိတ်စပီးယား ကွယ်လွန်ခဲ့တာ အခုဆို နှစ်ပေါင်း (၄ဝဝ) ပြည့်တော့မှာဖြစ်ပါတယ်။ ဒါပေမယ့် သူရဲ့ အကြောင်းဘာသိချင်လဲ။ အကုန်သိလို့ရနိုင်တယ်။ မွေးနေ့လား ? (၁၅၆၄ခု ဧပြီလ ၂၆ရက်)။ အနိစ္စရောက်တဲ့နေ့လား ? (၁၆၁၆ခု ဧပြီလ ၂၃ရက်)။ ပြဇာတ်ဘယ်နှစ်ပုဒ်ရေးခဲ့လဲ။ အဲဒီ ပြဇာတ်တွေကို ဖတ်ချင်လား။ အကုန်ရှိတယ်။ သူ့ရဲ့ အထုပ္ပတ္တိ ကကော။ အားလုံးအပြည့်အစုံဘဲ။ အင်တာနက်ပေါ်မှာ ကလစ်တစ်ချက် ခေါက်ရုံနဲ့ အကုန် သိနိုင်တယ်။


ဒါပေမယ့် မြန်မာ့စာပေသမိုင်းမှာ ထင်ရှားခဲ့တဲ့ "မြဝတီမင်းကြီးဦးစ" တို့။ "နတ်ရှင်နောင်" တို့။ အမတ်ကြီး "အနန္တသူရိယ"တို့။ သူတို့တစ်တွေ ရဲ့ မွေးနေ့တွေ။ ကွယ်လွန်ခဲ့တဲ့နေ့တွေ။ အထုပ္ပတ္တိတွေ။ ရေးခဲ့တဲ့စာတွေ။ ရှိကောင်း ရှိပေမယ့် ခက်ခက်ခဲခဲ ရှာရပါမယ်။ မရှိဖို့ နဲ့ ရှိပြန်ရင်လည်း အမှားမှား အယွင်းယွင်း ဖြစ်နေဖို့ ပိုများပါတယ်။ သမိုင်းအမွေအနှစ် ကို တန်ဖိုးထားတတ်သူ တွေအတွက်တော့ အင်မတန် နှမြောစရာကောင်းတဲ့ ကိစ္စတွေပါ။ မြဝတီမင်းကြီးတို့၊ နတ်ရှင်နောင် တို့ဟာ ရှိတ်စပီးယားထက် အများကြီးနောက်ကျပြီးမှ မွေးလာခဲ့တာပါ။ အလွန်ဆုံးရှိလှရင် နှစ် (၂ဝဝ)ပေါ့။

ဒါပေမယ့် သူတို့အကြောင်းတွေကို နောင်လာ နောက်သားတွေ သိဖို့ မလွယ်တော့ဘူး။ ကျွန်တော် ဒီဆောင်းပါးကို ရေးနေတဲ့ အချိန်မှာကို သူတို့နာမည်တွေကို မကြားဘူးတဲ့ လူငယ်တွေ တော်တော်များမယ် ထင်ပါတယ်။
လွန်ခဲ့တဲ့ အနှစ် (၂ဝဝ)အတွင်းလောက်က ကျော်ကြားခဲ့သူတွေကို မပြောပါနဲ့ဦး။ လွန်ခဲ့တဲ့ အနှစ် (၅ဝ)လောက်က ကျော်ကြားခဲ့သူတစ်ဦးရဲ့ မွေးနေ့နဲ့ အထုပ္ပတ္တိကိုတောင် ရှာဖို့မလွယ်ပါဘူး။ ဒါပေမယ့် ကြိုးကြိုးစားစားနဲ့ ရှာဖွေ စုဆောင်းမယ် ဆိုရင်တော့ အနည်းဆုံး ကုန်းဘောင်ခေတ်ကစပြီး အဲဒီနောက်ပိုင်းလောက်မှာ ထင်ပေါ်ကျော်ကြားခဲ့သူ တွေရဲ့ အထုပ္ပတ္တိ တွေကို စုဆောင်းလို့ ရနိုင်ပါတယ်။

ဒီကိစ္စမျိုးကျတော့ တစ်ဦးကောင်း တစ်ယောက်ကောင်းနဲ့ မရနိုင်ပါဘူး။ အဖွဲ့အစည်းနဲ့လုပ်မှ ရပါလိမ့်မယ်။ သမိုင်း အရှာ ကျွမ်းကျင်သူတွေနဲ့ အဖွဲ့အစည်းဖွဲ့စည်းပြီး ငွေကြေးအထောက်အပံ့ပါ လိုပါလိမ့်မယ်။ ဒါမျိုးကိစ္စမှာ သက်ဆိုင်ရာ အစိုးရ ရဲ့ ကူညီပံ့ပိုးမှုဟာ အတော်အရေးပါ ပါလိမ့်မယ်။

ကျွန်တော်အနေနဲ့ ကိုယ်ခံစားရတဲ့ ခံစားချက်အရ ပြောနေပေမယ့် တစ်ချို့သူတွေအတွက်တော့ အရေးမပါတဲ့ ကိစ္စဖြစ်နေ မလားမသိဘူး။ ကျွန်တော်ကတော့ ဗေဒင်သမားတစ်ယောက်အနေနဲ့ နာမည်ကျော်တွေရဲ့ မွေးနေ့နဲ့ အထုပ္ပတ္တိ တွေကို ရှာဖွေ ကြည့်တဲ့အခါတိုင်း အမြဲ ဖြစ်ပေါ်လာတဲ့ ခံစားချက်တစ်ခုကို ကောက်ရေးလိုက်တာပါ။ သူများနိုင်ငံက ပုဂ္ဂိုလ်တွေရဲ့ အကြောင်းကို ရှာဖွေရတာ လွယ်သလောက် ကိုယ့်နိုင်ငံက လူတော်တွေရဲ့ အကြောင်းကို ရှာရခက်လွန်းလို့ ရေးမိလိုက်တဲ့ စာတပုဒ်ပါ။

သမိုင်းဆိုတာ လူတွေရဲ့ မှတ်တမ်းပါ။ လူတွေရဲ့ မှတ်တမ်းမရှိရင် သမိုင်းဆိုတာ မရှိနိုင်ပါဘူး။ ကိုယ့်နိုင်ငံ ကိုယ့်လူမျိုးရဲ့ သမိုင်းကို တန်ဖိုးထားတတ်မယ်ဆိုရင် လူတွေရဲ့ အကြောင်းကိုလည်း တန်ဖိုးထားရပါလိမ့်မယ်။ အထူးသဖြင့် လူတော်လူကောင်း တွေ၊ ပါရမီရှင် တွေ၊ လူ့လောကကို တည်ဆောက်သွားတဲ့သူတွေ၊ အကြင်နာ မေတ္တာတရားကြီးမားလွန်းသူတွေ၊ အနစ်နာခံခဲ့ သူတွေ၊ စွန့်လွှတ်ခဲ့သူတွေ၊ စွန့်စားခဲ့သူတွေ ---- သူတို့တွေဟာ ကမ္ဘာပေါ်မှာ ရှိခဲ့ကြသလို မြန်မာနိုင်ငံမှာလည်း ရှိခဲ့ကြပါတယ်။

ဒါပေမယ့် မှတ်တမ်းမှတ်ရာနည်းပါးမှု၊ ပြန်လည် ဖော်ထုတ်နိုင်စွမ်း နည်းပါးမှုတို့ကြောင့် မြန်မာ့နိုင်ငံရဲ့ လူတော် လူကောင်းတွေ ရဲ့ အကြောင်းကို နောင်လာနောက်သားတွေ သိပ်မသိကြဘူးဖြစ်နေကြတာပါ။

မာသာထရီဇာ ကို ပုဂ္ဂိုလ်မျိုး မြန်မာနိုင်ငံမှာ ရှိခဲ့လား။ ရှိတာပေါ့။ နှင်းဆီကုန်းဘိုးဘွားရပ်သာကို တည်ထောင်ပြီး ဒုက္ခရောက်နေတဲ့ အဘိုးအဘွားတွေကို ပြုစုခဲ့တဲ့ ဒေါ်ဦးဇွန်း။ ကိုင်ရိုလို ထူးချွန်ထက်မြက်တဲ့ ဗေဒင်ပညာရှင်မျိုးရှိခဲ့လား။ ရှိတာပေါ့။ အတုလဆရာတော် ခင်ကြီးပျော်။ အလက်ဇန်းဒါးသဂရိတ်လို အင်ပါယာကြီးတွေချဲ့ထွင်နိုင်ခဲ့တဲ့ ဘုရင်တွေကော ရှိခဲ့လား။ ရှိတာပေါ။ ဘုရင့်နောင် နဲ့ အလောင်းဘုရားတို့ပေါ့။ တစ်ဦးချင်းထူးချွန်တဲ့ စစ်သူရဲကောင်းတွေကော ရှိခဲ့လား။ ရှိတာပေါ့။ နာမည်ကြီး တရုပ်သူရဲကောင်း “ဂါမဏိ” ကို စီးချင်းထိုးပြီး ခေါင်းဖြတ်ယူခဲ့တဲ့ “သမိန်ဗရမ်း” ဆိုတဲ့ မွန်မြန်မာ သူရဲကောင်းပေါ့။ ဖော်ထုတ်ရှာဖွေကြမယ်ဆိုရင် အများကြီးပါ။

“ဂျော့ဘားနတ်ရှော” နဲ့ “အလက်ဇန်းဒါး ဒူးမား” တို့လို စာပေတွေကို ရေးနိုင်တဲ့ စာရေးဆရာ ကြီးမျိုးရှိခဲ့လား။ ရှိတာပေါ့။ ဆရာကြီးရွှေဥဒေါင်း ပေါ့။ ကမ္ဘာပေါ်မှာ အမြင့်ဆုံး အဖွဲ့အစည်းဖြစ်တဲ့ ကုလသမဂ္ဂလို အဖွဲ့အစည်းမှာ အတွင်းရေးမှူးချုပ်ဖြစ်ဘူးသူ ရှိရဲ့လား။ ရှိတာပေါ့။ မြန်မာ့ “ဦးသန့်” လေ။

ဒီလိုလူတွေရဲ့ အကြောင်းတွေကို ဖော်ထုတ်ပြုစုပြီး စာသင်ကျောင်းတွေရဲ့ သင်ရိုးညွှန်းတမ်းတွေထဲမှာ ထည့်သွင်းပေး သွားမယ် ဆိုရင် ဘယ်လောက်ကောင်းမလဲလို့ ................... ။ တွေးကြည့်တာပါ။ ပို့စ် အသစ်တွေ မတင်တာကြပြီဖြစ်လို့ တောက်လျှောက် တင်သွားပါဦးမယ်။ နောက်တစ်ရက် နှစ်ရက်အတွင်း ဒီပို့စ် နဲ့ ဆက်စပ်နေတဲ့ "ပုတိ၊ ဘင်္ဂ၊ မရဏ" ဆိုတဲ့ ဆောင်းပါးကို ဆက်ပြီး တင်သွားပါမယ်။

ဖတ်ရှုသူအားလုံးကျန်းမာချမ်းသာကြပါစေ။

ဒေါက်တာတင်ဗိုလ်ဗိုလ်(ကွန်ပျူဗေဒသုခုမ)

2 comments:

  1. ကိုယ့်နိုင်ငံ ကိုယ့်လူမျိုးရဲ့ သမိုင်းကို တန်ဖိုးထားတတ်မယ်ဆိုရင် ကိုယ့်နိုင်ငံက လူတော်တွေရဲ့ အကြောင်းကို သက်ဆိုင်ရာ အစိုးရ ရဲ့ ကူညီပံ့ပိုးမှုဟာ အရေးပါ ပါလိမ့်မယ်။

    ReplyDelete
  2. မှန်ပါတယ် ဆရာတင်ဗိုလ်ဗိုလ် ခင်ဗျား။
    ရှေးခေတ် မြန်မာ ထင်ရှားကျော်ကြားသူ တွေရဲ့ အကြောင်း အချက်၊ မွေးနေ့၊ မွေးချိန် ကိစ္စတွေကို ရနိုင်ဘို့ ခဲယဉ်းပါတယ်။ နောက်တစ်ခုက- မြန်မာပြက္ခဒိန် စနစ် အပြောင်းအလဲတွေကြောင့် - သက္ကရာဇ် ၁၈၀၀ ရှေ့ပိုင်းက လူတွေအတွက် ခရစ်သက္ကရာဇ်နဲ့ ပြန်တိုက်ဆိုင်ဘို့လည်း ခက်ပါတယ်။ ကျွန်တော့် အနေနဲ့တော့- သက္ကရာဇ် ၁၈၀၀ နောက်ပိုင်းက မြန်မာရက်တွေကို တိုက်ဆိုင်နိုင်ပေမယ့်- သူ့ရှေ့ပိုင်းကိုတော့ ခက်ခဲ နေတုန်းပါပဲ။
    နောက်တစ်ခုက- ယခုခေတ် လူတွေ အနေနဲ့- မြန်မာ ပြက္ခဒိန် တစ်ရက်တာ က စချိန် ဆုံးချိန် နဲ့၊ ခရစ် ပြက္ခဒိန် တစ်နေ့တာ စချိန် ဆုံးချိန် မတူတဲ့ ကိစ္စဖြစ်ပါတယ်။ မြန်မာ နေ့ရက် တစ်ရက်ရဲ့ ကာလဟာ- နံနက် နေထွက်ချိန်က နောက်နေ့ နေထွက်ချိန်ကို တစ်ရက်လို့ ယူပြီး၊ ခရစ် ပြက္ခဒိန် ရဲ့ တစ်ရက်တာ ကာလက- ညသန်းခေါင်က နေ နောက်နေ့ ညသန်းခေါင် ကို တစ်ရက်လို့ ယူတဲ့ အတွက်.. နှစ်တစ်ရာ ပြက္ခဒိန် ကြည့်တာတောင်မှ - ည ၁၂-ကျော်ကနေ နောက်နေ့ နေမထွက်ခင် မွေးသူများ အတွက် ဆိုယင်- ပြက္ခဒိန်က ဖေါ်ပြတဲ့ နေ့ (တနင်္လာလား၊ တနင်္ဂနွေလား) ဆိုတာက - မြန်မာ နေ့ အမှန်နဲ့ မကိုက်နိုင်ပါဘူး။ တနင်္လာ နေ့ ည ၁၂-ကျော် လို့ ခရစ် ပြက္ခဒိန်မှာ တွေ့ရပေမယ့်။ မြန်မာ အရ ဆိုယင် နောက်နေ့ကို မကူးသေးတဲ့ အတွက် တနင်္ဂနွေနေ့ ညမှာပဲ ရှိနေပါသေးတယ်။ ကျွန်တော့် အမြင်လေးကို ပြောပြတာပါ ခင်ဗျား။

    နျူမာန် (မိုးတား)

    ReplyDelete