Saturday, November 22, 2008

ဇမ္ဗူဒီပါ လက်ယာတောင်ကျွန်း နိမိတ်ထွန်း၏


ဗုဒ္ဓဘာသာ ကျမ်းစာတွေတွေအရ (၃၁) ဘုံကို အကြမ်းအားဖြင့် - လူ့ဘုံ၊ နတ်ဘုံ၊ ဗြမ္မာ့ဘုံဆိုပြီး သုဂတိဘုံက (၃)ဘုံ။ ငရဲ၊ တိရိစ္ဆာန်၊ ပြိတ္တာ၊ အသူရကယ်ဆိုတဲ့ ဒုက္ခတိဘုံက (၄)ဘုံ ဆိုပြီး ခွဲခြားထားပါတယ်။ အဲဒီမှာ လူသားတွေနေဖို့အတွက် မြင့်မိုရ်တောင်ဆိုတဲ့ တောင်ကြီးကို ဝန်းရံပြီး အရှေ့ကျွန်း၊ တောင်ကျွန်း၊ အနောက်ကျွန်း၊ မြောက်ကျွန်း ဆိုပြီး ကျွန်းကြီးလေးကျွန်း ရှိပါသတဲ့။ အဲဒီ ကျွန်းကြီးလေးကျွန်းပေါ်မှာ နေထိုင်ကြသူတွေဟာ လူ့ဘုံလောကသားတွေပေါ့။

အဲဒီမှာ ကျွန်တောင်တို့နေထိုင်တဲ့၊ ဘုရားအဆူဆူပွင့်တဲ့ ကျွန်းကတော့ “ဇမ္ဗူဒီပါ လက်ယာတောင်ကျွန်း” လို့ ခေါ်တဲ့ မြင့်မိုရ်တောင်ကြီးရဲ့ တောင်ဘက်မှာ တည်ရှိတဲ့ တောင်ကျွန်း လို့ဆိုပါတယ်။ ကျန်တဲ့ကျွန်းတွေမှာ ဘုရားပွင့်လေ့မရှိဘဲ လက်ယာတောင်ကျွန်းလို့ခေါ်တဲ့ တောင်ကျွန်းအရပ်သည်သာလျှင် ဘုရားရှင် အဆူဆူပွင့်တော်မူရာ မြင့်မြတ်သော ဘူမိနက်သန် နေရာတစ်ခုဖြစ်တယ်လို့ ပိဋကတ်တော်တွေမှာ အဆိုရှိပါတယ်။ (ဆရာရေ - ကျွန်တော်တော့ “ Google Map ” မှာကြည့်တာ ဒီကျွန်းတွေကို မတွေ့ပါဘူးလို့တော့ ကပ်တီးကပ်ဖဲ့မပြောနဲ့နော်။ လောကကြီးမှာ ကိုယ်မသိနိုင်သေးတာတွေ အများကြီး ရှိသေးတယ် လို့သာ ခံယူလိုက်ပါဗျာ။ တကယ်လည်း လောကကြီးအကြောင်းကို လူတွေသိတာကနည်းနည်းလေးပါ။ မသိတာက တကယ့်ကို အများကြီးပါ၊ ကိုယ့်မျက်စေ့နဲ့ မမြင်လို့သာ မရှိဘူးပြောရရင် နေ့စဉ်ရှုရှိုက်နေတဲ့ “လေ” ကိုကော မြင်ရလို့လား။ ဒါပေမယ့် “လေ” ရှိတယ်ဆိုတာတော့ လက်ခံတယ်မဟုတ်လား။ ဒီလိုဘဲပေါ့)


ဒီဆောင်းပါးမှာ ပြောချင်တာက ကျွန်တော်တို့ နေထိုင်တဲ့၊ ဘုရားအဆူဆူပွင့်တော်မူတဲ့ ဇမ္ဗူဒီပါ လက်ယာတောင်ကျွန်း ဆိုတာ ကျန်တဲ့ကျွန်းတွေနဲ့လုံးဝမတူတဲ့ အချက်က - “နိမိတ်ထွန်း” တယ်ဆိုတဲ့ အချက်ပါဘဲ။ “ဇမ္ဗူဒီပါ လက်ယာတောင်ကျွန်း နိမိတ် ထွန်း၏” လို့ ကျမ်းစာ အဆူဆူမှာ ဖော်ပြပါရှိပါတယ်။

ဒီတောင်ကျွန်းမှာ ကောင်းတာဘဲဖြစ်ဖြစ်၊ ဆိုးတာဘဲဖြစ်ဖြစ်၊ ဖြစ်မယ့်ပျက်မယ့် အရာအားလုံးအတွက် ရှေ့ပြေးနိမိတ်က အရင်လာတယ်လို့ ဆိုပါတယ်။ “ဖြစ်မယ် ဆိုရင်လည်း နိမိတ်ကအရင်လာတယ်၊ ပျက်မယ်ဆိုရင်လည်း နိမိတ်က အရင်လာတယ်” လို့ ဆိုပါတယ်။ လူတွေကသာ သတိမထားမိချင်နေမယ်။ ဖြစ်မယ့်ပျက်မယ့် ကိစ္စတွေအားလုံးဟာ နိမိတ်တစ်ခု၊ (တစ်ခါတစ်လေ တစ်ခုထက်ပိုပြီး) နိမိတ်ပြတတ်ပါတယ်။ ရှေ့ပြေး ပုဗ္ဗနိမိတ် လာပြီးမှ အဖြစ်အပျက်တွေ ဖြစ်လာတာဘဲ ဖြစ်ပါတယ်။

ဘုရားပွင့်တော့မယ်ဆိုရင်လည်း အနှစ်ရာနဲ့ချီပြီးကတည်းက ပုဗ္ဗနိမိတ်တွေ ပေါ်ပါတယ်။ မယ်တော်မာယာရဲ့ ဝမ်းကြာတိုက်ကို ဘုရားလောင်း ဝင်စားတော့မယ်ဆိုရင်လည်း- ငလျှင်လှုပ်ခြင်း၊ တော်လဲခြင်း၊ ပန်းနံ့သာမိုးများရွာသွန်းခြင်း၊ အလုံးစုံသော တူရိယာတို့သည် မတီးမမှုတ်ဘဲ အလိုလို မြည်ခြင်း၊ အချိန်အခါ မဟုတ်ဘဲ သစ်ပင်ပန်းမန် အားလုံး ဖူးပွင့်လာခြင်း၊ ငရဲမီးများခေတ္တငြိမ်းသက်သွားခြင်း - - စတဲ့ (၃၂) ပါးသော ပုဗ္ဗနိမိတ်တွေပြပြီးမှ ဝင်စားလာတာပါ။ ဘုရားသခင်ဖွားတော်မူမယ့် နိမိတ်၊ ဘုရားလောင်း တောထွက်တော့မယ့် “သူအိုသူနာ သူသေရဟန်း” ဆိုတဲ့ နိမိတ်ကြီး (၄)ပါး၊ ဘုရားပွင့်တော့မယ့် နိမိတ်၊ ဘုရားပရိနိဗ္ဗာန်စံတော့မယ့် နိမိတ် စသဖြင့် နိမိတ်တွေ ရှိကြတာကို ဗုဒ္ဓဘာသာဝင်တိုင်းလိုလို ကြားဘူးနားဝရှိကြမှာပါ။

အင်္ဂုလိမာလဆိုတဲ့ လက်ညှိုးပေါင်းတစ်ထောင်ဖြတ်ခဲ့တဲ့ လူဆိုးကြီးဆိုရင်လည်း သူမွေးဖွားတဲ့ အချိန်မှာ တစ်တိုင်းပြည်လုံးမှာ ရှိတဲ့ ဓါး၊ လှံ၊ လက်နက်တွေ နဲ့ ကောသလမင်းကြီးရဲ့ နန်းတော်ထဲမှာရှိတဲ့ ဓါးလှံလက်နက်တွေဟာ အရောင်တဝင်းဝင်း တောက်ပြီး၊ အသံမျိုးစုံမည်လာတယ်လို့ ဆိုပါတယ်။

မှန်နန်းရာဇဝင်ကြီးကို ဖတ်ကြည့်ရင်လည်း မင်းလောင်းပေါ်မယ့် နိမိတ်၊ ရှင်ဘုရင်တွေ နန်းကျမယ့်နိမိတ်၊ ကံတော်ကုန်မယ့် နိမိတ်၊ စစ်အောင်နိုင်မယ့် နိမိတ်၊ စစ်ရှုံးမယ့် နိမိတ်တွေကို တွေ့ရမှာပါ။

ရှေးခေတ်လူတွေကတော့ အတိတ်တို့ နိမိတ်တို့ကို ယုံကြည်ကြတယ်။ လေးစားလိုက်နာကြတယ်။ အခုခေတ် လူငယ်တွေ ကတော့ ဒါတွေကို အယုံအကြည်မရှိကြတော့ပါဘူး။ “Date Out ” သွားပြီးလို့ဘဲ ပြောကြမှာပါ။ အယူသည်းတယ်။ အစွဲအလန်းကြီးတယ်။ သိပ္ပံနည်း မကျဘူး ဆိုတာတွေနဲ့ လာကြမှာပါဘဲ။

ဒါပေမယ့် ဒီခေတ်မှာလည်း အတိတ်တို့၊ နိမိတ်တို့၊ အိပ်မက်တို့ကို ယုံကြည်ပြီး နေ့စဉ် အသုံးချနေတဲ့ လူတန်းစားတွေ ကလည်း ရှိသေးတယ်။ သူတို့ကတော့ (၂)လုံး၊ (၃)လုံး သမားတွေပေါ့။ ညက အိပ်မက်ထဲမှာ လူသေတာကို မက်တယ်ဟေ့။ ကနေ့ တော့ သုညတစ်လုံးကျိန်းသေဘဲ - - - တို့။ - - - မနက်က ဘုရားလှည့်လာတာတွေ့တယ်တော့- ဒီနေ့တော့ (၉) ပါလိမ့်မယ် ထင်တယ်တို့ နဲ့ နေ့စဉ်ကို အတိတ်နိမိတ်ကောက်နေကြတာကို ကြားကြမှာပါ။ မှန်တာလည်း ရှိ၊ မှားတာလည်း ရှိ။ များသောအားဖြင့် တော့ မှားကြပါတယ်။ နောက်ပြီးကျမှသာ “ပေါက်ဖော်” လုပ်ကြပြီး - - - ငါ့နှယ်ကွာ - - ဒီလောက်ရှင်းရှင်းကြီး ပြရက်သားနဲ့ သောက်တလွဲ ကောက်မိတယ်တို့၊ ဘာတို့ဖြစ်ကုန်ကြရော။

အမှန်ကတော့ ဒီလိုသေးသိမ်တဲ့ လောင်းကစားကိစ္စလေးတွေ ကနေစပြီး ၊ အင်မတန် အရေးကြီးလှတဲ့ တိုင်းရေးပြည်ရာ ကိစ္စအထိ အရာအားလုံးဟာ အတိတ်နိမိတ် အရင်လာပြီးမှ ဖြစ်ရ/ပျက်ရတယ်လို့ ကျွန်တော်ကတော့ အလေးအနက် ယုံကြည်ပါတယ်။ ဒါပေမယ့် ပေါ်လာတဲ့ နိမိတ်ကို ကောက်တဲ့နေရာမှာ ထက်မြက်တဲ့ ဉာဏ်ပညာလိုတယ်။ အတွေ့အကြုံ လိုတယ်။ ခပ်ပေါ့ပေါ့လေး မကောက်ယူဘဲ လေးလေးနက်နက် တွေးတောကြံဆတတ်ဖို့လိုတယ်လို့ ယူဆပါတယ်။ ဒါမှ မှန်ကန်တဲ့ နိမိတ်ကောက်ကိန်းကို ရနိုင်ပါမယ်။

နိမိတ်ကတော့ ဘယ်တော့မှ မမှားနိုင်ဘူး။ ကောက်ယူပုံလွဲလို့သာ မှားချင်မှားပါလိမ့်မယ်။ ဒါကလည်း အတွေ့အကြုံက အများဆုံးလိုပါတယ်။ နောက်တစ်ခုကတော့ “ပါရမီ” ပေါ့။ “ပါရမီ” ဆိုတာကတော့ ရှင်းပြရဖို့ တော်တော်ခက်ပါတယ်။ ဟိုး အတိတ်, အတိတ် ဘဝတွေက ပြုလုပ်ခဲ့တဲ့ အကျိုးဆက်လို့ ဆိုရပါမယ်။ ပါရမီ နဲ့ ပတ်သက်လာရင်တော့ မြန်မာ့ဗေဒင်သမိုင်းမှာ အတိတ်နိမိတ်ပညာနဲ့ ပတ်သက်ပြီး တစ်ခေတ်တစ်ယောက်လို့ ဆိုနိုင်ခဲ့တဲ့ “အယူတော်မင်္ဂလာ ဦးနိုး” ရဲ့ သမိုင်းကြောင်းက သက်သေသာဓက ဖြစ်နေပါတယ်။

အယူတော်မင်္ဂလာဦးနိုးဟာ အဲဒီခေတ်အခါက ရှင်ဘုရင်အပါးမှာ ခစားနေကြတဲ့ ပုဏ္ဏားဖြူ၊ ပုဏ္ဏားညို၊ ဟူးရား၊ ပုရောဟိတ် တွေရဲ့ နေလနက္ခတ်တွေနဲ့ တွက်ချက်ဟောပြောတဲ့ပညာတွေကို အံတုပြီး ဘာတွက်ကိန်းမှ မပါတဲ့ အတိတ်နိမိတ်ဆိုတဲ့ ပညာနဲ့ ဒက်ထိဟောပြောပြီး ကျော်ကြားခဲ့ သူတစ်ဦးပါ။ သူဟာ ဘယ်သူမှ ဘယ်သူမှ မတွေးမကြံနိုင်သလို ကြံတွေးဆပြီး အမှန်တရားတွေကို ဖော်ထုတ်ခဲ့သူတစ်ဦးဖြစ်တဲ့ အတွက် ပါရမီထူးတဲ့ ပုဂ္ဂိုလ်တစ်ဦးလို့ပြောရမှာဖြစ်ပါတယ်။ ဒါကြောင့်လည်း အတိတ်နိမိတ်ပညာကို ပိုမို လေးနက်ခန့်ငြားတဲ့ စကားလုံးဖြစ်တဲ့ “ အယူတော် မင်္ဂလာ” ဆိုတဲ့ ဘွဲ့တံဆိပ်တော် ကိုပါ ချီးမြှင့်ခံခဲ့ရသူဖြစ်ပါတယ်။ အယူတော် မင်္ဂလာဦးနိုးရဲ့ အကြောင်းတွေကိုတော့ စာအုပ်ဆိုင်တွေမှာ ဝယ်ဖတ်လို့ ရနိုင်တဲ့အတွက် ဒီအကြောင်းကို အကျယ်ချဲ့ပြီး မရေးတော့ပါဘူး။

(ဒီနေရာမှာ အတိတ်နိမိတ်ပညာနဲ့ ပတ်သက်တဲ့ စာအုပ်ကောင်းတစ်အုပ်ဖတ်ချင်ရင် “ ဝဏ္ဏကျော်ထင် သီရိပျံချီ ဦးဘသိန်း ရဲ့ ကိုယ်တွေ့ အယူတော်မင်္ဂလာ” ဆိုတဲ့ စာအုပ်ကလေးကို ပညာအလင်းပြ စာအုပ်ဆိုင်မှာ ဝယ်လို့ရပါသေးတယ်။ တစ်ချိန်က အလွန်ရှားပါး စာရင်းဝင် စာအုပ်ပါ။ အခုတစ်ခါ ပြန်ရိုက်တာပါ။ ပြောလောက်အောင် ကောင်းပါတယ်။ ကုန်သွားရင် နောက်ထပ် ပြန်ရိုက်ချင်မှ ရိုက်တော့မယ်။ မြန်မာ့ရိုးရာဗေဒင်ပညာ ဝါသနာပါသူတိုင်း ဆောင်ထားသင့်တဲ့စာအုပ်ပါ)

အယူတော်မင်္ဂလာဆိုတဲ့ အတိတ်နိမိတ်ပညာရဲ့ ဘောင်ထဲမှာ အကျုံးဝင်နေတဲ့ ဝေါဟာရတွေကတော့ “ အတိတ်၊ နိမိတ်၊ ဘဝေါ၊ တဘောင်၊ စနည်း” တို့ဖြစ်ကြပါတယ်။

“အတိတ် နဲ့ နိမိတ်” ကတော့ ပေါက်ဖော်ကြီးနဲ့တရုတ်ကြီးလိုပါဘဲ။ သဘောသွားခြင်း အတူတူပါဘဲ။ လူတစ်ဦး တစ်ယောက် အတွက်ဖြစ်စေ၊ လူအများအတွက်ဖြစ်စေ ကောက်ယူနိုင်ပါတယ်။ တစ်ဦးချင်းနဲ့ပိုပြီး သက်ဆိုင်တဲ့ သဘော ရှိပါတယ်။ “ဘဝေါ” ကတော့ တိုင်းရေးပြည်ရာနဲ့ ပိုပြီး သက်ဆိုင်ပါတယ်။ တိုင်းရေးပြည်ရေးအတွက် သီးသန့် ကောက်ယူရတာမျိုးဖြစ်ပါတယ်။ ငလျှင်လှုပ်တာ၊ ဘုရားရောင်ခြည်တော်လွှတ်တာ၊ ရုပ်ပွားတော်တွေကနေ ချွေးထွက်တာ၊ လကိုကြယ်ဖောက်တာ၊ ကြယ်ကြွေတာ စတာတွေဟာ “ဘဝေါ” အမျိုးအစားတွေထဲမှာ ပါပါတယ်။

“စနည်း” ဆိုတာကတော့ ပြဿနာတစ်ခုခုအတွက် အဖြေရှာချင်လို့ အပြင်ကိုထွက်ပြီး ဘာမြင်ရလဲ၊ ဘာကြားရလဲဆိုတာကို လေ့လာပြီး ကိုယ်သိချင်တဲ့ ပြဿနာကို အဖြေရှာတာဖြစ်ပါတယ်။ အတိတ်နိမိတ်ပညာကို တတ်ကျွမ်းသူတွေ အဖြေရှာလေ့ရှိတဲ့ နည်းစနစ်တခု ဖြစ်ပါတယ်။

“အပြင်ထွက်ပြီး စနည်းနာ လိုက်ဦးမယ်” ဆိုတာမျိုး ကြားဘူးကြမှာပါ။ စာရေးသူ ကိုယ်တိုင်လည်း ပြဿနာတစ်ခုကို တွက်ချက်မှုတွေမလုပ်ဘဲ - အဖြေရှာချင်တဲ့အခါမှာ လမ်းလျှောက်ထွက်ရင်းနဲ့ စနည်းနာလေ့ရှိပါတယ်။ ကိုယ်သိချင်တဲ့ ကိစ္စကို တိုင်တည်ထားပြီး တွေ့သမျှ မြင်သမျှတွေဟာ ကိုယ့်အတွက် နိမိတ်ဖြစ်ပါစေလို့ စိတ်ထဲက ရည်စူးထားရတာပေါ့။ မကြာပါဘူး။ တိုက်ဆိုင်တဲ့ ကိစ္စတစ်တစ်ခုခုတော့ တွေ့လာရတာပါဘဲ။

ဥပမာ- စနည်းနာပုံလေးတစ်ခုကို ပြောပြပါဦးမယ် - ယောင်္ကျားလေးတိုင်းလိုလို စိတ်ဝင်စားတဲ့ ဘောလုံးပွဲလေး တစ်ခုအကြောင်းကို ကိုယ်တွေ့စနည်းနာ ခဲ့ပုံလေး တင်ပြပါဦးမယ်။ မန်ယူ နဲ့ အာစင်နယ် ကန်မယ့်ပွဲတုန်းကပေါ့။

ညနေခင်းလောက်မှာ ကျွန်တော် လမ်းလျှောက်ထွက်ပြီး စနည်းနာကြည့်တော့ မကြာပါဘူး။ တွေ့တော့တာပါဘဲ။ လူတစ်ယောက် ကုန်းကုန်းကွကွနဲ့ လုပ်နေတာတွေ့လို့ မယောင်မလည်နဲ့ အနားကပ်ပြီး စနည်းနာကြည့်တော့ ဖိနပ်ပြတ်နေတာ ခင်ဗျ။ သူ့ပါးစပ်ကလည်း ပြောသေးတယ်။ ဒီ ဖိနပ်နှယ်ကွာ၊ အိမ်တုန်းက မပြတ်ဘဲ အပြင်ရောက်မှ ပြတ်ရသလားကွာ တဲ့။ ကျွန်တော် အဖြေရလိုက်ပါပြီ။ “ဖိနပ်” နဲ့ “မန်ချက်စတာယူနိုက်တက်” က ရှေ့ဆုံးနေ့နံ နဲ့ နောက်ဆုံးနေ့နံ (ကြာသပတေး နဲ့ စနေ) ဓာတ်တူနံတူ။ “ပြတ်” နေတယ်ဆိုကတည်းက မန်ယူ အတွက် သိပ်မကောင်းတော့ဘူး။ ဒီကြားထဲပြောလိုက်တာက “အိမ်မှာတုန်းက မပြတ်ဘဲနဲ့အပြင်ရောက်မှပြတ်တယ်” ဆိုတာက - အဲဒီနေ့ကန်မယ့်ပွဲမှာ အာစင်နယ်က အိမ်ကွင်း၊ မန်ယူက အဝေးကွင်း (အပြင်ကွင်း)။ အဲဒီတော့ ကောက်ချက်ချလိုက်ရင် မန်ယူဟာ အိမ်ကွင်းမှာဆိုရင်တော့ မရှုံးနိုင်ဘဲ အဝေးကွင်း (အပြင်ကွင်း) မှာ ရှုံးလိမ့်မယ်ဆိုတဲ့ အဖြေထုတ်လို့ရလိုက်ပါတယ်။ တကယ်လည်း (၂-၁)နဲ့ မန်ယူရှုံးခဲ့တယ် မဟုတ်လား။ ဟို ပြီးခဲ့တဲ့ (၂)ပတ်က ပွဲနော်။

“တဘောင်” ဆိုတာကတော့ ကလေးတွေ၊ လူငယ်တွေ သူတို့ဟာသူတို့ လုပ်ပြီး သီဆိုကြတဲ့ ကဗျာတိုလေးတွေ နဲ့ သီချင်းမျိုး တွေဖြစ်ပါတယ်။ လူတစ်ဦး တစ်ယောက်နဲ့သာမက တိုင်းပြည်တစ်ခုလုံး၊ ကမ္ဘာကြီးတစ်ခုလုံးနဲ့ပါ သက်ဆိုင်နေတတ် ပါတယ်။ မြန်မာနိုင်ငံမှာ သီပေါမင်း နန်းတက် လာတော့ ဒီလို တဘောင်ပေါ်ခဲ့ဘူးပါတယ်။

“တုန်းအောက်က သီတွန်၊ လူလွန်မသား၊ မုန့်ဆီကြော် အလယ်အက်၊ ပြည်ဖျက်မယ့်သား” တဲ့။ တုန်းအောက်က သီတွန် ဆိုတာ “သီပေါမင်းဟာ မင်းတုန်းမင်းရဲ့ သားတော်တစ်ပါးမဟုတ်လား။ “တုန်း” က “မင်းတုန်း” ၊ “သီ” က “သီပေါ” ။ လူလွန်မသား ဆိုတာ သီပေါမင်းရဲ့ မယ်တော်ဟာ လူ့ဘောင်လောကကို လွန်မြောက်ပြီး သီလရှင်ဝတ်သွားလို့ “လူလွန်မ,သား” လို့ တင်စားပြောတာဖြစ်ပါတယ်။ “မုန့်ဆီကြော်အလယ်အက်” ဆိုတာကတော့ ကျွန်တော် အသေအချာ မသိပါဘူး။ ကာရံညီအောင် ညှိထားတာလို့ ထင်ပါတယ်။ “ ပြည်ဖျက်မယ့်သား” ဆိုတာကတော့ ရှင်းပါတယ်။ သူရဲ့ အုပ်ချုပ်ရေး ညံ့ဖျင်းလို့ တိုင်းပြည်ပျက်ပြီး အင်္ဂလိပ်လက်အောက်ကို ရောက်သွားတာပေါ့။

နောက်တစ်ခါ အင်္ဂလိပ်ပြေးပြီးခါနီးတော့ ကျွန်တော့်တို့ အမေရဲ့ ဇာတိဖြစ်တဲ့ ရေနံချောင်းမြို့မှာ အရူးမတစ်ယောက်က သူ့ဟာသူ သဲပုံစေတီ တစ်ဆူတည်တယ်လို့ ဆိုပါတယ်။ အဲဒီမှာ “အရူးမ ဘုရားတည်၊ တန်ခူးလ ကုလားကွယ်” ဆိုတဲ့ တဘောင်တစ်ခု ဖြစ်လာပါတယ်။ တကယ်လည်း တန်ခူးလလောက်မှာ ဂျပန်တွေဝင်လာပြီး ကုလားလို့ခေါ်တဲ့ အင်္ဂလိပ်တွေ အိန္ဒိယ ကို ဆုတ်ခွာပြေးရပါတယ်။

တစ်ခါ ဂျပန်တွေ ဝင်လာတော့လည်း လ ကို သောကြာကြယ်ဖောက်သွားတဲ့ အဖြစ်အပျက်တစ်ခုဖြစ်လာပြီး - “ လ ကို ကြယ်ဖောက် ဂျပန်ရောက်၊ ရောက်သည့်ဂျပန် (၃)နှစ်ခံ” ဆိုတဲ့ တဘောင်ပေါ်လာပါတယ်။ ဂျပန်ဟာ မြန်မာပြည်ကို ၁၉၄၂ ခုနှစ်မှာ ဝင်လာပြီး ၁၉၄၅ ခုမှာ စစ်ရှုံးလို့ ဂျပန်အုပ်ချုပ်ရေး ပြီးသွားတဲ့အတွက် ဒီတဘောင်ဟာလည်း မှန်တယ်လို့ ဆိုရမှာပါ။

ဖ.ဆ.ပ.လ ခေတ်မှာ တည်မြဲပါတီနဲ့ သန့်ရှင်းပါတီတို့ အပြိုင်အဆိုင်မဲဆွယ်နေကြတဲ့ အချိန်မှာ စာရေးဆရာ ဒါရိုက်တာကြီး ဦးသုခရဲ့ “ဘဝသံသရာ” ဇာတ်ကားကြီးပေါ်ထွက်လာပြီး အဲဒီဇာတ်ကားထဲမှာပါတဲ့ “ ဘဝသံသရာ၊ ရှည်လျားထွေပြား၊ မနေမနား တစ်သွားတည်းသွားကြတာ - - - ဘယ်ဟာ မတည်မြဲ၊ ဖောက်လွဲဖောက်ပြန်၊ အကြောင်းမှန် ကမ္မသကာ - - -) ဆိုတဲ့ သီချင်းဟာ လူတိုင်းရဲ့ ပါးစပ်ဖျားမှာ ရေပန်းစားခဲ့ပါတယ်။ ဒါကိုတော့ တေးသီချင်း “ဘဝေါ” အမျိုးအစားထဲမှာ ပါလိမ့်မယ်။ “ဘယ်ဟာ မတည်မြဲ” ဆိုတဲ့ အတိုင်း - တည်မြဲ ပါတီဟာ မတည်မြဲတော့ဘဲ သန့်ရှင်းပါတီကို မဲအပြတ်အသတ်နဲ့ ရှုံးနိမ့်ခဲ့ရပါတယ်။

ဒါကိုအကြောင်းပြုပြီး တစ်ချို့သော နိုင်ငံရေးသမားတွေဟာ တဘောင်အတုတွေ ဖန်တီးပြီး ပြည်သူ့ကြားထဲမှာ ဖြန့်ဝေတာ မျိုးလည်း ရှိလာပါတယ်။ ဥပမာ - ဦးနေဝင်းရဲ့ (မ.ဆ.လ)အစိုးရ လက်ထက်မှာ “ဆန်တပြည် (၁ဝ)ပြား၊ ဦးနုလာမှစား” ဆိုပြီး ဦးနုရဲ့ နောက်ပါ အပေါင်း အပါတွေကနေ ဖြန့်ဝေခဲ့တာမျိုးဖြစ်ပါတယ်။ ဆိုလိုချင်တာက တဘောင်ဆိုတာ သူ့အလိုလိုပေါ်လာတတ်တာပါ။ ကြံရွယ်ချက်နဲ့ တမင်ဖန်တီးယူလို့ မရပါဘူး။ ဒါကြောင့် ဒီတဘောင်ဟာလည်း “တဘောင်အတု” ဖြစ်တဲ့အတွက် ဘာမှဖြစ်မလာ ခဲ့ပါဘူး။

အတိတ်၊ နိမိတ်၊ တဘောင်တွေကို ဖြစ်လာတဲ့ နေရာမှာ “ကလေးရယ်၊ သူရူးရယ်၊ သဘင်သည်” တွေရယ်ဟာ တော်တော် အရေးကြီးတဲ့ ကဏ္ဍမှာ ပါနေပါတယ်။ ကလေးတွေပြောတဲ့စကားနဲ့ သီချင်းတွေရယ် - အရူးတွေပြောတဲ့စကားနဲ့ အပြုအမူတွေရယ် - သဘင်သည်လို့ခေါ်တဲ့ အခုခေတ် ရုပ်ရှင်၊ ဗွီဒီယို၊ ဂီတပညာရှင်တွေရဲ့ သရုပ်ဆောင်မှုနဲ့ သီချင်းတွေဟာ “အတိတ်နိမိတ်” သဘောသာမက “ တဘောင်၊ ဘဝေါ ” လို့ခေါ်တဲ့ တိုင်းပြည်ရဲ့ အရေးကိစ္စတွေမှာ အကျိုးသက်ရောက်မှု ရှိနေတာကို ကျွန်တော် သတိထားမိပါတယ်။

အထူးသဖြင့် မြန်မာနိုင်ငံမှာ အဆိုတော်လို့ခေါ်တဲ့ သီချင်းသည်တွေရဲ့ သီချင်းတွေဟာ တိုင်းပြည်ရဲ့ တဘောင်၊ ဘဝေါတွေ ဖြစ်နေတာကို သတိထားမိပါတယ်။ ၂ဝဝ၃-၂ဝဝ၄ ခုနှစ်လောက်မှာ Iron Cross တေးဂီတအဖွဲ့တွေရဲ့ သီချင်းတစ်ပုဒ်ဟာ တိုင်းပြည့်အနှံ့ အတော်ရေပန်းစားခဲ့ပါတယ်။ အဲဒါကတော့ “ရောဂါ” ဆိုတဲ့ သီချင်းဖြစ်ပါတယ်။ သီချင်းရဲ့သံစဉ်လေးကလည်း အင်မတန်ကောင်းပါတယ်။ လူငယ်တိုင်းရဲ့ ပါးစပ်ဖျားမှာလဲ “ရောဂါ - ရောဂါ” နဲ့ပေါ့ ။ သိပ်မကြာပါဘူး၊ တစ်ချိန်တည်းလိုပါဘဲ။ ကမ္ဘာ့လူသားအားလုံးကို တုန်လှုပ်ချောက်ခြားသွားစေတဲ့ “ဆားစ်” ရောဂါတို့၊ “ကြက်ငှက်တုပ်ကွေး” ရောဂါတို့ ပေါ်လာပါတော့တယ်။

အခု ၂ဝဝ၈ ခုနှစ် သင်္ကြန်ကာလတုန်းက နေရာတိုင်းမှာ ကလေး၊ လူကြီး အားလုံး သီဆိုနေတဲ့ သီချင်းတစ်ပုဒ်ကို လူတိုင်း သတိထားမိကြမှာပါ။ အဲဒါကတော့ “အိုးလေးလှုပ်ပါဟေ့၊ အိုးလေးလှုပ်ပါဟေ့” ဆိုတဲ့ သီချင်းပါ။ တစ်ချို့က “အိုးလေးတွင် အားမရဘဲ အိုးကြီးလှုပ်ပါဟေ့၊ အိုးကြီးလှုပ်ပါဟေ့” ပါ ဖြစ်ကုန်ကြရော။

အဲဒီတုန်းက ကျွန်တော့်ရဲ့ မိတ်ဆွေလည်းဖြစ်၊ ဆရာလည်းဖြစ်တဲ့ “မဟာဘုတ်သက္ခတ်ပညာရှင် ဆရာဦးအောင်ကြင်” က “ဆရာရေ - - ဒီသီချင်း ဒီလောက်ရေပန်းစားနေတာ ကျွန်တော်တော့ သိပ်ဘဝင်မကျလှဘူး။ “အိုး” ဆိုတာ ရေထည့်တာကို ပြောသလို အိမ်တစ်အိမ်ရဲ့ စီးပွားရေးကိုလည်းပြောတာဗျ။ အိုးလေးရော အိုးကြီးရော ဆိုတော့ နဲနဲရှိတဲ့လူကော၊ များများရှိတဲ့ လူကော လှုပ်ခတ်ပြီး ဒုက္ခရောက်ကြမယ့် ကိန်းခန်း ဘဲဗျ။ နောက်ပြီး “အိုးအိမ်ဦးစီး ဌာနတို့၊ အသက်အိုးအိမ်စည်းစိမ်တို့ - စသဖြင့် အိုး နဲ့ အိမ် နဲ့ တွဲခေါ်ကြတယ်မဟုတ်လား” “အိုး” ဆိုရင် “အိမ်” လည်းပါတယ်ဗျ။ “စည်းစိမ်(စီးပွား)လည်း ပါလိမ့်မယ်ဗျ” လို့ ကြိုတင် နိမိတ်ဖတ်ထားဘူးတယ်ဗျ။

သိပ်မကြာပါဘူးဗျာ။ “နာဂစ်” နှိပ်စက်လိုက်တာ မြန်မာနိုင်ငံသား တော်တော်များများရဲ့ အိုးအိမ်စည်းစိမ်တွေသာမက အသက်တွေပါ ဆုံးရှုံးသွားကြရတယ်မဟုတ်လား။ (အဲဒီနေ့က လေတွေတဝုန်းဝုန်း တိုက်နေတဲ့ မနက် (၄)နာရီလောက်မှာ ဆရာဦးအောင်ကြင်ဆီကို “ဆရာရေ - ဆရာ နိမိတ်ကောက်တာ မှန်လှချည့်လား” လို့တောင် လှမ်းပြီးဖုန်းဆက်မိသေးတယ်)

ဒါတောင်မှ ဒီနိမိတ်က မပြီးသေးဘူး ။ အခု အမေရိကန်နိုင်ငံက စလိုက်တဲ့ ဘဏ်ပျက်၊ စီးပွားပျက်ကပ်ဟာ ကမ္ဘာအနှံ့ထိအောင် နဲနဲရှိသူရော များများရှိသူရောပါ လှုပ်ခတ်နေပြီ မဟုတ်ပါလား။ ဒါကြောင့် တစ်ချို့ နိမိတ်၊ တဘောင် နဲ့ ဘဝေါတွေဟာ နိုင်ငံတစ်ခုအတွက်သာမက တစ်ကမ္ဘာလုံးနဲ့ပါ သက်ဆိုင်နေတတ်တယ်။ ဆက်သွယ်ရေးစနစ်တွေ သိပ်ကောင်းလာတဲ့ ခေတ်ကြီးမှာ ကမ္ဘာကြီးဟာ ရွာကြီးတစ်ခုလိုဖြစ်လာပြီး “ကမ္ဘာ့ရွာကြီး” လို့တောင် တင်စားခေါ်ဝေါ်နေကြပြီ မဟုတ်လား။ ရွာအရှေ့ပိုင်းက ဖြစ်တဲ့ အဖြစ်အပျက်ဟာ ရွာအနောက်ပိုင်းက ချက်ခြင်းသိရသလိုဘဲ ကမ္ဘာ့တစ်နေရာက အဖြစ်အပျက်ဟာ မိနစ်ပိုင်း၊ စက္ကန့်ပိုင်းအတွင်း တစ်ကမ္ဘာလုံးက သိနိုင်ကြတဲ့ အချိန်ကို ရောက်လာပါပြီ။ ဒါကြောင့် “အတိတ်၊ နိမိတ်၊ တဘောင်၊ ဘဝေါ” တစ်ခုဟာ မြို့ရွာတစ်ခု၊ နိုင်ငံတစ်ခုနဲ့သာမက တကမ္ဘာလုံးနဲ့ပါ သက်ဆိုင်လာပါပြီ။

ဒါကြောင့် အယူတော်မင်္ဂလာ လို့ ခေါ်တဲ့ “အတိတ်၊ နိမိတ်၊ ဘဝေါ၊ တဘောင်၊ စနည်း” ဆိုတဲ့ ပညာတွေဟာ ခေတ်နောက်ကျတဲ့ အယူသည်းတဲ့ ပညာတွေမဟုတ်ဘဲ အကယ်ရှိ၊ အဟုတ်ရှိ၊ လက်တွေ့မှန်တဲ့ပညာများဖြစ်တယ်လို့ ကျွန်တော်ကတော့ လေးလေးနက်နက်ယုံကြည်ပါတယ်။ ဒါကြောင့် ရှေးလူကြီးတွေဟာ “နိမိတ်မရှိတဲ့ စကားများ မပြောကြနဲ့၊ မနက် စောစောစီးစီး ကျက်သရေမရှိတဲ့ စကားများ မပြောကြနဲ့” လို့ ဆိုဆုံးမလေ့ရှိကြပါတယ်။

အခုခေတ်လူငယ်တွေဟာ အဝတ်အစားကို ဖရိုဖရဲဝတ်လာကြပါတယ်။ အနက်ရောင်တွေ၊ အရိုးခေါင်းပါတဲ့တီရှပ်တွေ၊ တမင်တကာ စုတ်ပြဲအောင်လုပ်ထားတဲ့ အင်္ကျီဘောင်းဘီတွေ ခေတ်စားနေကြတာဟာ ဘယ်လိုမှ နိမိတ်ကောင်း မဖြစ်နိုင်ပါဘူး။ အနက်ရောင်ဟာ တကယ်တော့ စနေဂြိုဟ်ရဲ့အရောင်၊ ဒုက္ခ နဲ့ မရဏ ရဲ့ အရောင်။ ဝမ်းနည်းကြေကွဲမှုရဲ့အရောင်ပါ။ အရိုးခေါင်း ဆိုတာကလည်း သေခြင်းတရားကို တိုက်ရိုက်ရည်ညွှန်းနေတာပါ။ အစုတ်အပြဲတွေ တမင်ဖြစ်အောင်လုပ်ဝတ်နေကြတာလည်း အစုတ်စုတ် အပြတ်ပြတ် ဖြစ်တော့မလားလို့ စဉ်းစားစရာပါ။ ရှာထိုးဦးထုပ်တွေကို နောက်ပြန်ဆောင်းနေကြတာဟာလည်း ရှေ့ကို တက်လှမ်းဖို့ မညွှန်ပြတော့ဘဲ နောက်ပြန်ဆုတ်ဖို့ ညွှန်ပြနေတဲ့ နိမိတ်လို့ ယူဆစရာပါ။ ဒါကြောင့် ဒီလိုဝတ်စား နေတာတွေကို မြင်ရတာ လုံးဝ စိတ်မချမ်းသာ စရာပါဘဲ။

နောက်တစ်ခုလူငယ်တွေစကားပြောလိုက်ရင် “သေ” စကားက အမြဲပါတာကို သတိထားမိပါတယ်။ “အသေမုန်းတယ်” တို့ ၊ “အသေကြိုက်တယ်” တို့၊ “အသေမိုက်တယ်” တို့၊ “သေပြီဆရာ” တို့။ ဒါတွေကလည်း လုံးဝမကောင်းပါဘူး။ “စကားနောက်၊ တရားပါ” ဆိုတာမျိုး ဖြစ်တတ်ပါတယ်။ အခုခေတ်မှာ နာရေးကြော်ငြာကို ကြည့်လိုက်ရင် အသက်ငယ်ငယ် ရွယ်ရွယ်နဲ့ သေတဲ့သူတွေ ပိုများလာတာကို သတိပြုမိကြမှာပါ။ ဒါကြောင့် “သီးမှည့် တဝင်းဝင်း၊ သီးကင်းတဖြုတ်ဖြူတ်” ဆိုတဲ့ စကားပုံပေါ်လာတာပါ။ အသက်ကြီးတဲ့လူတွေက အသေနည်းပြီး အသက်ငယ်တဲ့သူတွေ အသေပိုများ လာတဲ့ခေတ် ဖြစ်နေပါတယ်။

ကျွန်တော်တို့ ငယ်ငယ်တုန်းကဆိုရင် ဇာတိမြို့ကလေးမှာ “နာရေး” ဖြစ်ပြီ ဆိုရင် အဖိုးကြီး အဖွားကြီး တွေဘဲများပါတယ်။ ငယ်ငယ်ရွယ်ရွယ်နဲ့များ သေတယ်ကြားရင် အထူးအဆန်းလုပ်ပြီး သွားကြည့်ရပါတယ်။ ပြီးခဲ့တဲ့ သီတင်းကျွတ်လတုန်းက မိဘဘိုးဘွားတွေကို ကန်တော့ဖို့ အညာကို ပြန်သွားတဲ့အခါ ဟိုလူငယ်လေးကို မတွေ့လို့မေးကြည့် - သေသွားပြီ (AIDS နဲ့) ။ ဒီကလေးကို မတွေ့လို့ မေးကြည့် သေသွားပြန်ပြီ - (အရက် နဲ့) ။ ဟိုချာတိတ် မတွေ့ပြန်လို့ မေးကြည့်၊ ရွှေသွားတူးရင်း သေသွားပြီ (ငှက်ဖျား နဲ့) ။ လူငယ်လေးတွေ သိပ်သေကြတယ်ဗျာ။ ကျွန်တော်တို့ ငယ်ငယ်တုန်းကတော့ လူငယ်ဘဝ နဲ့ သေခြင်းတရားနဲ့ဟာ ဘာမှ မဆိုင်သလိုပါဘဲ။

“စကားနောက် တရားပါ” ဆိုတာနဲ့ ပတ်သတ်ပြီး ပြောရဦးမယ်။ ကျွန်တော်တို့ ဇာတိမြို့လေးက ရပ်ကွက်ထဲမှာ အပျိုကြီး တစ်ယောက် ရှိတယ်။ အပျိုကြီးဆိုတော့ သုံးစွဲမယ့် လင်သား၊ သားသမီးကလည်းမရှိ၊ ကပ်စေးကလည်း အလွန်နဲတော့ အသက် (၅ဝ)လောက် ဆိုရင်ဘဲ ရွှေငွေပစ္စည်းက တော်တော်လေး စုမိနေပြီ။ အဲဒီတော့ ဆွေမျိုးမိတ်ဆွေတွေက အဆင်မပြေလို့ သူ့ဆီလာပြီး ချေးငှားရင် ဘယ်တော့မှ ချေးလို့မရပါဘူး။ “ပိုက်ဆံများ - - မရှိပါဘူးတော်” ဆိုတာ သူ့လက်သုံးစကား။ အမြဲတမ်း မရှိကြောင်း ပြောတတ်တယ်။ ဒီလိုနဲ့ အသက်(၆ဝ)ကျော်လာတဲ့အချိန်မှာ အကြောင်းအမျိုးမျိုးနဲ့ လက်ထဲရှိတဲ့ ရွှေငွေတွေဟာ တတိတိနဲ့ ကုန်ဆုံးလာလိုက်တာ ကွယ်လွန်ချိန်မှာ သူပြောသလို “ဘာဆို ဘာမှ မရှိတော့ဘဲ” ဆင်းဆင်းရဲရဲနဲ့ ကွယ်လွန်သွားရရှာပါတယ်။

ဒါကြောင့် တတ်သိနားလည်းတဲ့ ရှေးလူကြီးသူမတွေဟာ “ကိုယ့်မှာ ဘယ်လောက်အဆင်မပြေပြေ၊ မရှိစကားတော့ မပြောကြနဲ့ ဟေ့” လို့မှာသွားကြတာပါ။ မရှိတာကို ရှိချင်ယောင်ဆောင်ပြီး၊ ကြွားဖို့ မဟုတ်ပါ။ မရှိသေးပေမယ့်၊ တညည်းညည်း တညူညူ လုပ်မနေဘဲ အနာဂါတ်မျှော်လင့်ချက်တွေနဲ့ ရှင်သန်နေကြဖို့ ပြောတာပါ။

စဉ်းစားစရာ ရှိတာက ဖြစ်ပေါ်လာတဲ့ အကောင်း/အဆိုး ကိစ္စတွေဟာ - တကယ် ဖြစ်ကို ဖြစ်ရမှာမို့ အတိတ်နိမိတ်က ပေါ်လာတာလား။ အတိတ်နိမိတ်မကောင်းတာတွေကို ပြောဆိုလုပ်ကိုင်မှုတွေကြောင့် မကောင်းတာတွေဖြစ်လာကြသလား ဆိုတာတော့ အတော်ပြောဖို့ ခက်ပါတယ်။ နောက်ဆုံးတော့ တစ်ခုတစ်ခုဟာ “ အညမည” သဘော ၊ “ပဌာန်း” သဘော နဲ့ အပြန်အလှန် အထောက်အကူပေးပြီး အကျိုးပြု နေကြတယ်လို့သာ ကောက်ချက်ချမိ ပါတော့တယ်ဗျာ။

ဒါကြောင့် ဒီဆောင်းပါးလေးကို ဖတ်ပြီး မိမိရဲ့အိမ်၊ မိမိရဲ့မြို့၊ မိမိရဲ့ နိုင်ငံ တတ်နိုင်သရွေ့ကောင်းစားကြရအောင် ကျက်သရေ မင်္ဂလာရှိတဲ့ အပြောအဆို နဲ့ ဝတ်စားဆင်ယင်မှုလေးတွေကို ကိုယ်တိုင်လည်းလုပ်၊ မိမိသားသမီး၊ ညီငယ် ညီမငယ်တွေ၊ ခင်မင်ရင်းနှီး တဲ့ မိတ်ဆွေတွေ (အထူးသဖြင့် ဆယ်ကျော်သက်များ) ကိုလည်း စည်းရုံး ပြောဆို ပေးနိုင်ကြမယ် ဆိုရင် “အညမည” သဘော၊ “ ပဌာန်း” သဘောအရ အချင်းချင်း အပြန်အလှန်အထောက်အကူဖြစ်ပြီး ကောင်းမြတ်သာယာ မင်္ဂလာရှိတဲ့ ကိစ္စတွေ ဖြစ်ထွန်းပေါ်ပေါက်လာလိမ့်မယ်လို့ မျှော်လင့်မိကြောင်းပါ ခင်ဗျား။


ဖတ်ရှုသူအားလုံး ကျန်းမာချမ်းသာကြပါစေကုန်သော်။


ဒေါက်တာတင်ဗိုလ်ဗိုလ် (ကွန်ပျူဗေဒသုခု)

No comments:

Post a Comment