Sunday, January 29, 2012

နဂါးနှစ် လာပြီ

.
ဒီဆောင်းပါးလေးကတော့ တရုတ်ရိုးရာ နှစ်သစ်ကူးပွဲတော်နေ့ (ဇန်န၀ါရီ-၂၃)ရက်နေ့ကတည်းက ရေးထားတာပါ။ ဗဟုသုတဆိုင်ရာ ဆောင်းပါးလေးပါဘဲ။ ဒါပေမယ့် ဆောင်းပါးကို နောက်နေ့ (၂၄)ရက်မှ တင်မယ်လုပ်ထားတာ (၂၄)ရက်နေ့မှာ မမျှော်လင့်ဘဲ ကျွန်တော့် ဘလော့ဂ် ဗြုန်းကနဲ ပိတ်သွားပါတယ်။

မြန်မာပြည်က ပိတ်တာမဟုတ်ပါ။ မူလ ဘလော့တင်ထားတဲ့ BlueHost Sever က ပိတ်လိုက်တာပါ။ ကျွန်တော်တင်မက ကျွန်တော့် ဆိုဒ်ပေါ်မှာ ကိုယ်ပိုင်ဝက်ဆိုဒ်ကလေးတွေ ကျွန်တော်က (Free) နေရာပေးပြီး တင်ပေးထားတဲ့သူတွေပါ ပိတ်သွားလို့ သူတို့ အတွက်လည်း စိတ်မကောင်း ဖြစ်ရပါတယ်။ BlueHost Sever က သူတို့ US Federal Law နဲ့ ညိလို့ဆိုလား ဘာလားဘဲ။ တိတိကျကျမသိပါဘူး။ မြန်မာ ၊ အီရန် ၊ မြောက်ကိုရီးယား ၊ ဆီးရီးယား ၊ ကျူးဘား . . စတဲ့နိုင်ငံတွေက US ဆာဗာမှာ တင်ထားတဲ့သူတွေကို ပိတ်ခိုင်းတာလို့ ဆိုတာဘဲ။


ပြဿနာက ကျွန်တော်က ပို့စ်တွေကို တိုက်ရိုက်ရေးတင်တဲ့ အလေ့အကျင့်ရှိနေတော့ ကျွန်တော့်ဆီမှာ ဆောင်းပါးအားလုံးရဲ့ Copy ရှိမနေတော့ တော်တော် စိတ်ဒုက္ခရောက်ခဲ့ရပါတယ်။ Data တွေ အကုန်လုံး ဆုံးရှုံးသွားပြီလားလို့တောင်မှ ထင်မိလိုက်ပါတယ်။

ဒါပေမယ့် အင်္ဂလန် နိုင်ငံမှာ နေတဲ့ အွန်လိုင်းမိတ်ဆွေ ညီငယ်လေး “ကိုတေးအေးရိပ်”က နေ နည်းပညာ တစ်ခုသုံးပြီး ပိတ်ထားတဲ့ ၀က်ဆိုဒ်ထဲက ဆောင်းပါးတွေ ပြန် ကူးယူပေးလို့ ဆောင်းပါးအားလုံး Copy ပြန်ရခဲ့ပါတယ်။ ကျွန်တော်အပါအ၀င် မြန်မာ နိုင်ငံထဲက အင်တာနက်ကို မကျွမ်းတကျွမ်း အသုံးပြုရင်းနဲ့ အခက်အခဲတွေ ကြုံလာရင် အမြဲမြဲလိုလို စိတ်အားထက်သန်စွာ ကူညီတတ်တဲ့ အင်္ဂလန် နိုင်ငံမှာ နေတဲ့ “ကိုတေးအေးရိပ်” ကို ဒီနေရာကနေ ကျေးဇူးအထူးတင်ရှိကြောင်း ပြောပါရစေ။ ဒီမှာ သူရဲ့ ဘလော့ဂ်ပါ . . http://www.mmastrology.com

ကံအားလျှော်စွာ BlueHost ရဲ့ နို့တစ်စာထဲမှာ ချွင်းချက်တစ်ခုတော့ပါတယ်။ ဒီ မြန်မာဝက်ဆိုဒ်ကို ပိုင်ဆိုင်သူဟာ နိုင်ငံခြား တိုင်းပြည်တစ်ခုမှာ နေထိုင်သူ ဖြစ်ကြောင်း အထောက်အထားပြနိုင်ရင်တော့ ပြန်ဖွင့်ပေးမယ် ဆိုပါတယ်။ ကျွန်တော် အခုသုံးနေတဲ့ ဒီ Hosting ကို ၀ယ်ပေးတာ စင်္ကာပူမှာ နေထိုင်တဲ့ ကျွန်တော့်ရဲ့ တူကလေးဖြစ်သူ “ကိုလှမင်း” က ၀ယ်ပေးထားတာဖြစ်တော့ ပိုင်ဆိုင်သူအထောက်အထား (ID)တွေက သူ့ဆီမှာ အားလုံး ရှိတယ်လေ။ အဲဒါတွေ တင်ပြလိုက်တော့ (၃)(၄)ရက်လောက် သေသေချာချာ စစ်ဆေးပြီး ဒီနေ့(၂၉)ရက်နေ့ မနက်မှာဘဲ ပြန်ဖွင့်ပေးလိုက်တာဖြစ်ပါတယ်။ စင်္ကာပူမှာ နေတဲ့ “တူ” ဖြစ်သူ “ကိုလှမင်း” လည်း ကျွန်တော့် ကိစ္စအတွက် တော်တော် အလုပ်များသွားပါတယ်။ ကိုယ့်အတွက်နဲ့ သူများတွေကို ဒုက္ခပေးသလို ဖြစ်ရတာ စိတ်မကောင်းပါဘူး။
ထားပါတော့လေ။ နောင်ကိုတော့ ကိုယ့်ဖိုင်တွေကို ကိုယ့်ရဲ့ ကွန်ပျူတာထဲမှာဘဲ Back Up  လုပ်တဲ့ အလေ့အထတစ်ခု မွေးရတော့မှာပေါ့။ ဆောင်းပါးလေးကို စ,လိုက်ကြရအောင်။
——————————————————————————-
တကယ်တော့ တရုတ်ရိုးရာ ဗေဒင်ပညာတွေကို ကျွန်တော့်အနေနဲ့ လေ့လာဖူးရုံမျှသာရှိပြီး ကျွမ်းကျွမ်းကျင်ကျင် မတတ်မြောက်ပါ။ ဒီဆောင်းပါး ဟာလည်း စာအုပ်စာတန်းတွေ နဲ့ အင်တာနက် ၀က်ဆိုဒ်တွေ မှီငြမ်းပြီး ရေးလိုက်တာပါ။ ကိုယ့်လို အချိန်ပေး ဖတ်ဖို့ အချိန်မရှိသူတွေ အတွက်ပါ။ တရုတ်လူမျိုးတွေ အထွဋ်အမြတ်ထားတဲ့ “နဂါးနှစ်” လည်းဖြစ်နေလို့ပါ။

၂၀၁၁ ခုနှစ် ဇန်န၀ါရီလ (၂၃)ရက်နေ့ဟာ တရုတ်လူမျိုးတို့ရဲ့ ရိုးရာဗေဒင် ပြက္ခဒိန်အရ “နဂါးနှစ်” ကျရောက်တဲ့ နှစ်ဖြစ်ပါတယ်။ နဂါးဟာ ကမ္ဘာပေါ်မှာ ရှိတဲ့ လူမျိုးတိုင်းရဲ့ ဒဏ္ဍာရီပုံပြင်များ နဲ့ ဘာသာရေးတွေမှာ ပါဝင်ပတ်သက်မှု ရှိနေတဲ့  စွမ်းအားရှိသတ္တ၀ါတစ်မျိုးလည်းဖြစ်ပါတယ်။
 
ဒါပေမယ့် ထေရ၀ါဒဗုဒ္ဓဘာသာ ကျမ်းစာတွေမှာပါတဲ့ နဂါး နဲ့ မဟာယာန ဗုဒ္ဓဘာသာကျမ်းစာတွေထဲက နဂါးတွေဟာ ပုံသဏ္ဍန်ခြင်း အတော်ခြားနားကြတာကို တွေ့ရပါတယ်။ ထေရ၀ါဒ ကျမ်းလာ နဂါးသတ္တ၀ါတွေက ခြေ ၊ လက် မပါဘဲ “မြွေ” လို တွားသွားသတ္တ၀ါမျိုးဖြစ်ပြီး မြေလျှိုးမိုးပျံနိုင်တာကို တွေ့ရပြီး ၊ မဟာယာန ကျမ်းလာ နဂါးတွေကတော့ ဘလော့အပေါ်က ပုံအတိုင်း ခြေတွေ လက်တွေ ပါတာကို တွေ့ရပါတယ်။ အနောက်တိုင်း ဒဏ္ဍာရီတွေထဲက နဂါးသတ္တ၀ါကတော့ ခြေ၊ လက်တွေ တွင်မက “အတောင်ပံ” ပါ ပါနေတာကို တွေ့ရပြန်ပါတယ်။
 
နောက်တစ်ခါ ဗုဒ္ဓဘာသာဝင်တွေ လက်ခံတဲ့ နဂါးဟာ “နဂါးကောင်း” ရှိသလို “နဂါးဆိုး” တွေလည်း ရှိပါတယ်။ ဥပမာ- ဗုဒ္ဓဟာ ဘုရားဖြစ်တော်မူပြီး “မုစလိန္ဒာအိုင်” အနီး ၊ ကျည်းပင်ရင်းမှာ ()ရက်ပတ်လုံး သီတင်းသုံးနေတော်မူရာမှာ ဘုရားရှင်အား အပူ၊ အအေး ၊ နှင်းမိုး မခအောင် စောင့်ရှောက်တော်မူတဲ့ “မုစလိန္ဒ” နဂါးမင်း ကတော့ နဂါးကောင်းပေါ့လေ။ တစ်ခါ အောင်ခြင်း()ပါးထဲမှာပါတဲ့ “နန္ဒောပနန္ဒ” နဂါးမင်း ကတော့ နဂါးဆိုးပေါ့။

ဒါပေမယ့် တရုတ်လူမျိုးတို့ရဲ့ သမိုင်းကြောင်း နဲ့ မဟာယာန ဗုဒ္ဓကျမ်းစာတွေမှာ ပါတဲ့ နဂါးကတော့ “ကောင်းသူကိုကယ် ၊ မကောင်းသူကို ဖယ်ရှားမယ့်” နဂါးကောင်းတွေသာ ဖြစ်ကြတာများသဗျ။ အနောက်တိုင်း ဒဏ္ဍာရီတွေမှာ ပါတဲ့ နဂါးတွေက တော့ အားလုံးနီးပါးလောက် နဂါးဆိုးတွေချည်းသာ လို့ဆိုရမှာ ဖြစ်ပါတယ်။
အရှေ့တိုင်းက နဂါးသတ္တ၀ါတွေကတော့ “အဟိတ်” လို့ခေါ်တဲ့ အပယ်()ပုံသား တိရိစ္ဆာန်တွေ ဖြစ်ပေမယ့် တန်ခိုး ဣဒ္ဓိပါတ်နဲ့ ပြည့်စုံတာကြောင့် လိုအပ်ရင် “လူသားအသွင်” ဖန်ဆင်းနိုင်ကြပါသတဲ့။ ဒါကြောင့် ဘုရားသာသနာမှာ ရဟန်းပြုလိုကြတဲ့ “နဂါး” တွေဟာ လူယောင်ဖန်ဆင်းပြီး ရဟန်းခံကြပါတယ်တဲ့။ ဒါပေမယ့် သူတို့ရဲ့ တန်ခိုးဣဒ္ဓိပါတ်နဲ့ ဖန်ဆင်းထားတဲ့ လူသားအသွင် ဟာ အိပ်ပျော်ချိန်ရောက်ရင် ပျောက်ကွယ်ပြီး နဂါးအသွင် ပြန်ဖြစ်သွားတော့ အတူနေ (ပုထုဇဉ်) ရဟန်းတွေ ကြောက်လန့်ပြီး ထွက်ပြေးကြရပါတယ်။ 

ဒါကိုအကြောင်းပြုပြီး ဘုရားရှင်ဟာ “လူသားစစ်စစ်မှ ရဟန်းပြုခွင့်ရှိသည်” ဆိုတဲ့ သိက္ခာပုဒ်ကို ပညတ်ခဲ့ရပါတယ်။
တရုတ်လူမျိုးတို့ရဲ့ (၁၂)ရာသီခွင်မှာ “နဂါးနှစ်” ဟာ () ခုမြောက် ရာသီခွင်ကျရောက်ရာ နှစ်ဖြစ်ပါတယ်။ လွန်ခဲ့တဲ့ နှစ်ပေါင်း (၃၅၀၀)ကျော်က သန္ဓေတည်ခဲ့တဲ့ တရုတ်ရိုးရာဗေဒင်ပညာဟာ (ယန်ဓာတ် ၊ ယင်ဓာတ် ၊ ဘုတ်ကြီးငါးပါး ၊ အကောင် (၁၂)ကောင်) တို့နဲ့ ဖွဲ့စည်း တည်ဆောက်ထားတာဖြစ်ပါတယ်။ 

သူတို့ရဲ့ ဘုတ်ကြီး()ပါးကတော့ မြန်မာ့ရိုးရာ ဗေဒင်ပညာမှာ သုံးတဲ့ ဘုတ်ကြီးလေးပါးနဲ့ မတူလှပါဘူး။
မြန်မာမှာက “မီး ၊ ရေ ၊ လေ ၊ မြေ” ဆိုတဲ့ ဓာတ်ကြီး ()ပါးသာ ရှိပေမယ့် တရုတ်ကတော့ “သစ်သား ၊ မီး ၊ မြေ ၊ သတ္တု နဲ့ ရေ” ဆိုတဲ့ ဓာတ်ကြီး ()ပါးနဲ့ ဖွဲ့စည်းထားပါတယ်။
ဒါကြောင့် (၁၂)နှစ်ကို တစ်ကြိမ် “နဂါးနှစ်” ကိုရောက်ပေမယ့် ဓာတ်သဘောက မတူညီတာကြောင့် ဒီနှစ်ကျရောက်မယ့် “နဂါး” နှစ်က “ရေ နဂါး” နှစ်ဖြစ်ပြီး ဓာတ်အားဖြင့် “အဖိုဓာတ်” ဖြစ်ပါတယ်။ အောက်မှာ “မတူညီတဲ့ နဂါးနှစ်တွေ” ကျရောက်တဲ့ နှစ်တွေ ကို ဖော်ပြထားပါတယ်။
.
* 16 February 1904 – 3 February 1905: Wood Dragon (သစ်သား နဂါး)
* 3 February 1916 – 22 January 1917: Fire Dragon (မီး နဂါး)
* 23 January 1928 – 9 February 1929: Earth Dragon (မြေ နဂါး)
* 8 February 1940 – 26 January 1941: Metal Dragon (သတ္တု နဂါး)
* 27 January 1952 – 13 February 1953: Water Dragon (ရေ နဂါး)
* 13 February 1964 – 1 February 1965: Wood Dragon (သစ်သား နဂါး)
* 31 January 1976 – 17 February 1977: Fire Dragon (မီး နဂါး)
* 17 February 1988 – 5 February 1989: Earth Dragon (မြေ နဂါး)
* 5 February 2000 – 23 January 2001: Metal Dragon (သတ္တုနဂါး)
* 23 January 2012 – 9 February 2013: Water Dragon (ရေ နဂါး)
.
ဒါကို ကြည့်ခြင်းအားဖြင့် ရိုးရိုးနဂါးနှစ်ဟာ (၁၂)နှစ် တစ်ကြိမ် ကျရောက်ပေမယ့် ဓာတ်ကြီး()ပါးနဲ့ ပေါင်းစပ်လိုက်တဲ့ အခါ နှစ်ပေါင်း (၆၀)ကြာမှ ရေနဂါး ၊ မီးနဂါး . . . စသည်ဖြင့် ပြန်ရောက်တာကို တွေ့ရပါမယ်။

ဒီလို ဓာတ်သဘာဝခြင်း မတူညီကြတာကြောင့် “နဂါးနှစ်” ရဲ့ အကျိုးသက်ရောက်မှုတွေဟာလည်း မတူညီကြတော့ပါဘူး။ ယခုနှစ်ဟာ “ရေနဂါး” နှစ်ဖြစ်တာကြောင့် နဂါးတို့ ကျက်စားရာ မိုးကောင်းကင်မှာ ရေဓာတ်တွေ အလွန်များနေတတ်တယ်တဲ့။ (မိုးများမယ်ပေါ့)။ 

ဒီတော့ နောက်ဆက်တွဲ ရေလွှမ်းမိုးမှုတွေ ၊ ဆည်တွေ ကျိုးပေါက်မှုတွေ ဖြစ်လာနိုင်စရာရှိတယ်လို့ ဆိုရမှာပေါ့။
နောက်ပြီး ခင်ဗျားဟာ ဘယ်နှစ်မှာ မွေးတဲ့သူဖြစ်ပါစေ . . ဓာတ်သဘာဝ တစ်ခုစီကတော့ လွှမ်းမိုးနေမှာ ဆိုတော့ ဒီနှစ်အတွက် “မီး ဓာတ် ရှိတဲ့ ဘယ်အကောင်မဆို” ရေဓာတ်နဲ့ မတည့်တာကြောင့် ကံမကောင်းတဲ့ နှစ်ဖြစ်နိုင်တယ်လို့ ဆိုပါတယ်။

နဂါးနဲ့ မိတ်ဖက်ကျတဲ့ သတ္တ၀ါတွေကတော့ “ယုန် ၊ ကြွက် ၊ မြွေ” တို့ ဖြစ်တယ်ဆိုပေမယ့် မီးယုန် ၊ မီးကြွက် ၊ မီးမြွေ တို့ဖြစ်နေ မယ်ဆိုရင်တော့ ဒီနှစ် ကံမကောင်းလှဘူးပေါ့။ (မီး နဲ့ ရေ က ဆန့်ကျင်ဘက်ဓာတ်ကိုး)
ဒါပေမယ့် ဘာဘဲဖြစ်ဖြစ် တရုတ်လူမျိုးများဟာ (၁၂)ရာသီခွင်ထဲမှာ “နဂါးနှစ်” ကို အလွန် စွမ်းအားထက်မြက်တဲ့ နှစ်တစ်နှစ်လို့ ယူဆ ထားကြတာကြောင့် အားလုံးကို အကောင်းဘက်ကသာ မျှော်လင့်ထားကြတာ များပါတယ်။

နဂါးနှစ်ဟာ စီးပွားရေးကို “အင်တိုက်အားတိုက်” ဆောင်ရွက်ဖို့ အလွန်ကောင်းမွန်တဲ့ နှစ်လို့ ယူဆထားကြတာမို့ ဒီနှစ်ဟာ တစ်ကမ္ဘာလုံး စီးပွားရေးတွေ တိုးတက်အောင်မြင်မယ့် နှစ်ဖြစ်တယ်လို့လည်း ယူဆထားကြပါတယ်။ နောက်ပြီး “ရေဓာတ်” ဟာ “ငွေကြေး ဓနဥစ္စာ” ကို ကိုယ်စားပြုတဲ့ ဓာတ်လည်း ဖြစ်တယ်လို့ ဆိုပါတယ်။ ဒါကြောင့် “ရေနဂါး” နှစ်ဟာ အခြား နဂါးနှစ်တွေထက် စီးပွားရေး နဲ့ ငွေရေးကြေးရေးကို တိုးတက်ဖွံ့ဖြိုးစေတယ်လို့ ယုံကြည်ကြပါတယ်။ (သူတို့လူမျိုး အယူအဆ နော် ၊ ကျွန်တော်ရဲ့ အယူအဆမဟုတ်ပါ)

ဒီတော့ ခင်ဗျားဟာ တရုတ်နှစ်ဖွား ဘယ်အကောင်ဘဲဖြစ်နေနေ “ဓာတ်တစ်ခုစီ” တော့ ရှိနေမှာဘဲ။ (အောက်ဖက်က ဇယားကိုကြည့်ပါ)။ ဒီ ခင်ဗျားပိုင်ဆိုင်တဲ့ ဓာတ်အပေါ်မှာမူတည်ပြီး နဂါးနှစ်မှာ တွေ့ကြုံရမယ့် ကံကြမ္မာ အဆိုးအကောင်းအပေါ်မှာ တရုတ်ရိုးရာဗေဒင်ပညာရှင်တွေရဲ့ အယူအဆတွေက ဒီလိုပါ။
.
= အထူးသဖြင့် ခင်ဗျားဟာ “ရေဓာတ်ဖွား” ဖြစ်မယ်ဆိုရင် ဒီနှစ်ဟာ အင်မတန် “ရေဓာတ် ရေဓာတ်ခြင်း” တွေ့တဲ့နှစ်မို့ အလွန် ကံကောင်းတဲ့ နှစ်ဖြစ်လိမ့်မယ်လို့ ဆိုပါတယ်။ အလွန် စီးပွားတက်လိမ့်မယ် ဆိုပါတယ်။ (အလွန့် အလွန်ကောင်း)

= တကယ်လို့ “သစ်သား” ဓာတ်ဖြစ်မယ် ဆိုရင်လည်း “သစ်သား” ဟာ “သစ်ပင်” ကိုလည်း ရည်ညွှန်းတာကြောင့် ရေဓာတ်အပြည့် အ၀ရတဲ့ သစ်ပင်ဟာ ကြီးပွားစည်ပင် ဖွံ့ဖြိုးလာသလို ခင်ဗျားလည်း ကံကောင်းတိုးတက်လာမယ်လို့ ဆိုပြန်ပါတယ်။ (အလွန်ကောင်း)

= ခင်ဗျားဟာ “သတ္တု” ဓာတ်ဖွား ဖြစ်မယ်ဆိုရင်တော့ “သတ္တု” ဟာ ရေထဲမှာ နစ်မြုတ်တာမို့ ရေဓာတ်ရဲ့ လွှမ်းခြံမှုကို ရရှိပြီး သူနဲ့ မတည့်တဲ့ “မီးဓာတ်” ရဲ့ အကာအကွယ်ကို ရရှိနေမှာဖြစ်လို့ ဒီနှစ်ဟာ အပူသောကကင်းပြီး ၊ လုံခြံဘေးကင်းတဲ့ နှစ်ဖြစ်လိမ့်မယ် လို့ ဆိုပါတယ်။ (ကောင်း)

= မြေဓာတ်ဖွားကျပြန်တော့ ရေဓာတ်ဟာ မြေကို တစ်စစီ ပျံ့ကြဲလွင့်ပါးမသွားအောင် “ဖွဲ့စည်း” ပေးထားနိုင်ခြင်း ၊ မြေတာတမံ တို့ဟာ ရေကို သိုလှောင်ထားနိုင်ခြင်းတို့ကြောင့် သူတို့လည်း အနည်းနဲ့အများကောင်းကျိုး ခံစားကြရမယ် ဆိုပါတယ်။ ဒါပေမယ့် ရေဟာ မြေတွေ့ထိကြရင် ရေဓာတ်ဟာ နောက်ကျိသွားနိုင်လို့ ဒါကို တစ်ချို့ပညာရှင်တွေက “မြေဓာတ်” ဖွားတွေအတွက် စိတ်နှလုံး နောက်ကျိစရာကိစ္စတွေ ကြုံတတ်တယ်လို့လည်း ယူဆကြပြန်ပါတယ်။ (အကောင်း/အညံ့ရော)

= မီးဓာတ်ဖြစ်ရင်တော့ ပဋိပက္ခဓာတ်ဖြစ်တာကြောင့် ဒီနှစ်အတွက် မီးဓာတ်ဖွားပိုင်ရှင်တွေဟာ ငွေကြေးပြဿနာ ၊ တရားဥပဒေ ပြဿနာ ၊ အိမ်ထောင်ရေး ပဋိပက္ခ နဲ့ ကျန်းမာရေး ညံ့ဖျင်းမှုတွေကို ကြုံတွေ့နိုင်တယ် ဆိုပါတယ်။ (အတော်ညံ့နိုင်)

ဒါကြောင့် ဒီနှစ်ဟာ မီးဓာတ်ဖွားများအတွက်သာ သတိထားရမယ့် နှစ်တစ်နှစ်လို့ ဆိုရမှာဖြစ်ပြီး ကျန် “ဓာတ်ဖွား” များအတွက် အနည်း နဲ့ အများ ကောင်းကျိုးခံစားကြရမယ်လို့ တရုတ်ရိုးရာ ဗေဒင်ပညာရှင်များက ဟောကိန်းထုတ်ထားကြတာကို တွေ့ရပါတယ်။
ဒီတော့ ကိုယ်က တရုတ်လို ဘာအကောင်ဖွားလဲ ၊ ဘာဓာတ်ဖွားလည်း ဆိုတာ သိချင်ရင် အောက်က လင့်ခ် အတိုင်းသွားလိုက်ပါ။ Wikipedia ဆိုဒ်ပါ။ http://en.wikipedia.org/wiki/Chinese_zodiac
အဲဒီ ဆိုဒ်ကို ရောက်ရင် Mouse Scroll ကို (၂)ချက် (၃)ချက်လောက် ဆွဲလိုက်ရင် အောက်က ဇယားမျိုးတစ်ခုတွေ့မယ်။ ဒီဇယားကတော့ နမူနာ Crop လုပ်ထားတာဖြစ်ပြီး ဇယားအပြည့်အစုံကိုတော့ http://en.wikipedia.org/wiki/Chinese_zodiac ထဲကို ၀င်ကြည့်မှ ရပါလိမ့်မယ်။
.
.
 အဲဒီဇယားမှာ ကိုယ်မွေးတဲ့ အင်္ဂလိပ်ခုနှစ်ကို ရှာကြည့်။ ဥပမာ – ခင်ဗျားမွေးတဲ့နှစ်ဟာ နံပါတ် (၁) လက်ယာဘက်ဆုံး အခြမ်းမှာဖြစ်တဲ့ 1984 ဖေဖေါ်ဝါရီလ(2)ရက် နောက်ပိုင်းဖြစ်မယ်ဆိုရင် အနီရောင် စက်ဝိုင်းနေရာတွေကို ကြည့်လိုက် ။ ခင်ဗျားဟာ “ကြွက်” နှစ်ဖွားဖြစ်မယ်။ ဓာတ်အရ “သစ်သား” ဓာတ်ဖြစ်မယ်ပေါ့။ အပြာရောင် စက်ဝိုင်းနေရာတွေက အဖိုဓာတ် နဲ့ အမဓာတ်ကို ပြတာ။ (Yang ဆိုရင် နေဓာတ်=အဖိုဓာတ်ဖြစ်ပြီး Yin ဆိုရင် လ,ဓာတ်=အမဓာတ်) ကိုပြောတာဖြစ်တယ်။ ဒီနှစ်ဟာ နဂါးနှစ် (အဖိုဓာတ် -Yang ဓာတ်) ဖြစ်တဲ့အတွက် အမဓာတ် Yin နဲ့ မွေးဖွား လာသူများအတွက် (အဖို နဲ့ အမတွေ့မယ့်နှစ်မို့) ဒီနှစ်မှာ အချစ်ရေး ၊ အိမ်ထောင်ရေးတွေ အဆင်ပြေတတ်တယ် ဆိုပါတယ်။ အိမ်ထောင်ပြုဖို့ ကြံရွယ်သူများ အိမ်ထောင်ကျတတ်ပါတယ်။
.
ယခုနှစ်တွင် မွေးဖွားကြမည့် ကလေးငယ်များ
.
နဂါးနှစ်ဟာ စွမ်းအားထက်မြက်တဲ့ နှစ်ဖြစ်ပြီး အကောင်းဆုံး ၊ အမွန်မြတ်ဆုံး နှစ်တစ်နှစ်လည်း ဖြစ်တာမို့ တရုတ်လူမျိုး အတော်များများဟာ နဂါးနှစ်မှာ ကလေးရရှိအောင် ကြိုးစားကြလေ့ရှိကြပါတယ်။ 
 သူတို့လူမျိုးတွေရဲ့ အယူအဆအရ “မိုးနတ်မင်း” ကြီးဟာ “အိမ်တစ်အိမ် ၊ မိသားစုတစ်ခု” ကို ကောင်းချီးမင်္ဂလာပေးပြီး မ,စ လိုစိတ် ရှိတဲ့အခါမှာ ဒီမိသားစုထဲကို “နဂါးနှစ်ဖွား ကလေးငယ်တစ်ယောက်” ကို လက်ဆောင်အဖြစ် ပေးကမ်းချီးမြှင့်တတ်တယ်လို့ ယုံကြည်ကြပါတယ်။

လက်တွေ့အားဖြင့်လည်း နဂါးနှစ်ဖွားတွေဟာ ထက်မြက်တယ်။ သွက်လက်ဖျတ်လတ်ကြတယ်။ မိမိကိုယ်ကို ယုံကြည်မှု ရှိတယ်။ သံလိုက်ဓာတ်လို ဆွဲဆောင်မှုရှိတယ်။ ကျန်းမာရေး ကောင်းတတ်ကြတယ်။ ဘွင်းဘွင်းရှင်းရှင်း သမားတွေဖြစ်တယ်။ အသိဉာဏ်မြင့်မားတယ်။ စူးစမ်းလိုစိတ် ၊ တီထွင်ဖန်တီးလိုစိတ်များ နှင့် ပြည့်စုံတယ်။ အလုပ်လုပ်ရာမှ သေသပ်ကျနစွာ လုပ်ကိုင်တတ်တယ်။

ဒါပေမယ့် ခေါင်းမာတယ်။ စိုးရိမ်သောက ကြီးမားတတ်တယ်။ အစွဲအလန်းကြီးတတ်တယ်။ တစ်ခါတစ်ရံ အလွန်ရက်ရောပြီး တစ်ခါတစ်ရံ အလွန် ကပ်စေးနဲတတ်တယ် (ကပ်စေးနဲတာက ပိုများပါတယ်)။ လူမှုဆက်ဆံရေးမှာ အလွန်ပါးနပ်တယ်။ ဘယ်သူ့ကို ဘယ်လို ဆက်ဆံရမယ် ဆိုတာ ကောင်းကောင်းသိတယ်။ အကြီးအကဲ ခေါင်းဆောင်တွေ ဖြစ်တတ်သလို ခေါင်းဆောင်နေရာတွေနဲ့ ထိုက်တန်တဲ့ အရည်အချင်းရှိသူတွေလည်း ဖြစ်တယ်။

အိမ်ထောင်စောစော ကျတတ်တယ် (သို့) အချစ်ရေး နဲ့ လိင်ကိစ္စတွေကို စောစောစီးစီး ကြုံတွေ့ရတတ်တယ်။ တစ်ချို့ နဂါးနှစ်ဖွားတွေမှာ မာနထောင်လွှားမှု ၊ အဆင့်အတန်းခွဲခြားလိုမှု ၊ လိင်စိတ်ဆန္ဒပြင်းထန်မှု ၊ တစ်ကိုယ်ကောင်း ဆန်လွန်းမှု စတဲ့ မကောင်းတဲ့ အချက်တွေလည်း ရှိနိုင်ပါတယ်။
တရုတ်လူမျိုးများဟာ နဂါးနှစ်မှာ “သားယောင်္ကျားလေး” ကိုသာ ပိုလိုချင်တတ်ကြပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ 
နဂါးနှစ်ဖွား မိန်းကလေးဟာ “လင်ရှာရတာ ခက်တယ်” လို့ ဆိုကြပါတယ်။ နဂါးနှစ်ဖွား မိန်းကလေးတစ်ယောက်ကို အိမ်ထောင်ချပေးဖို့နေရာမှာ မိဘများ အတော် ခေါင်းစားစေတယ်လို့ ဆိုပါတယ်။ နဂါးနှစ်ဖွား မိန်းကလေးတွေဟာ အိမ်ထောင်ပြုတဲ့နေရာမှာ အခက်အခဲများတတ်တယ်လို့ ဆိုပါတယ်။

အိမ်တစ်အိမ်မှာ မိသားစုတစ်စုမှာ နဂါးနှစ်ဖွားတစ်ယောက် နဲ့ ကျားနှစ်ဖွား တစ်ယောက်ပါမယ်ဆိုရင် ဒီအိမ်ဟာ မုချ ကြီးပွား တိုးတက်မယ့်အိမ် ၊ ချမ်းချမ်းသာသာနဲ့ နေရမယ့် အိမ်လို့လည်း ဆိုကြပြန်ပါတယ်(တိုက်တိုက်ဆိုင်ဆိုင် ကျွန်တော်တို့ မိသားစု မှာ အငယ်ဆုံး နှစ်ယောက်က တစ်ယောက်က “ကျား” ၊ တစ်ယောက်က “နဂါး” ဖြစ်နေပါတယ်။ ဒီ ကိစ္စကို သေသေချာချာ သုတေသန မပြုဘူးပေမယ့် သူတို့နှစ်ယောက် မွေးပြီးမှ ကျွန်တော်တို့ မိသားစုဟာ ချောင်ချောင်လည်လည် နဲ့ လူတန်းစေ့အောင် နေနိုင်လာတာကတော့ လက်တွေ့ပါဘဲ၊ အထူးသဖြင့် အငယ်ဆုံး နဂါးနှစ်ဖွား သမီးလေးကို မွေးပြီး သိသိသာသာ စီးပွားတက်လာတာကို သတိပြုမိပါတယ်။ တခြား မိသားစုတွေမှာ ဒီအတိုင်း ဖြစ်မဖြစ်ကိုတော့ မလေ့လာဘူးပါ)
.
နဂါး နှစ်ဖွားတွေ နဲ့ ကျန်တဲ့ နှစ်ဖွားတွေ Match ဖြစ်မှုကို လေ့လာကြည့်ရင် -
.
= ကြွက် နှစ်ဖွား – လက်ထပ်ထိမ်းမြားဖို့ရော ၊ စီးပွားဖက်အနေနဲ့ရော သင့်မြတ်တယ်။
= နွား နှစ်ဖွား – စီးပွားရေး ပါတနာအနေနဲ့ သင့်ပါတယ်။ ဒါပေမယ့် နဲနဲ ခေါင်းရှုတ်ရတတ်တယ်။ မကြာခဏ ကတောက်ကဆဖြစ်ရတတ်တယ်။
= ကျား နှစ်ဖွား – တစ်ယောက်နဲ့ တစ်ယောက် နားလည်မှု အပြည့်အ၀ ရှိကြတယ်။ တိုင်ပင်ဆွေးနွေးလို့ ရတယ်လို့ ဆိုပါတယ်။ ဒါပေမယ့် ဆုံစည်းဖို့ ခဲယဉ်းတယ်လို့ ဆိုပါတယ်။
= ယုန် နှစ်ဖွား- စီးပွားရေး မှာအကောင်းဆုံး အတွဲအဖက်လို့ ပြောပါတယ်။ အိမ်ထောင်ရေးမှာ Sexual Desire ခြင်း သိပ်ညှိလို့ မရဘူးလို့လည်း ဆိုပါတယ်။
= နဂါး နှစ်ဖွား – နဂါး/နဂါးခြင်း ဆိုရင် အလွန် စီးပွားတက်တတ်တဲ့ စီးပွားဖက်တွေဖြစ်နိုင်တယ်လို့ ဆိုပေမယ့် အိမ်ထောင်ဘက်အဖြစ်တော့ သိပ်မညွှန်းပါဘူး။
= မြွေ နှစ်ဖွား – အချစ်ရေး ၊ အိမ်ထောင်ရေး ၊ မိတ်ဆွေ ၊ စီးပွားဖက် အားလုံးကောင်းပါတယ်။
= မြင်း နှစ်ဖွား – စီးပွားရေး ၊ အချစ်ရေးတွေမှာ အားကိုးအားထားပြုနိုင်လောက်တဲ့ အဖော်ဖြစ်နိုင်ပါတယ်။
= ဆိတ်(သိုး) နှစ်ဖွား – စီးပွားရေး ၊ အချစ်ရေး အားလုံး မသင့်မြတ်ဘူးလို့ ဆိုတယ်။
= မျောက်နှစ်ဖွား – အိမ်ထောင်ရေး ရော ၊ စီးပွားရေးရော ကောင်းမွန်တဲ့ လက်တွဲဖော်ဖြစ်နိုင်ပါတယ်တဲ့။
= ကြက်နှစ်ဖွား – မသင့်မြတ်ပါဘူး။ ရေရှည်မှာ မတည့်နိုင်ဘူးလို့ ဆိုတယ်။
= ခွေး နှစ်ဖွား – အိမ်ထောင်ရေး ရော ၊ စီးပွားရေးမှာပါ အဖော်ကောင်း ဖြစ်ပါလိမ့်မယ်။
= ၀က် နှစ်ဖွား – အိမ်ထောင်ဘက်အဖြစ် ရေရှည်မှာ ပျော်ရွှင်မှု မရနိုင်ဘူးလို့ ဆိုထားပါတယ်။ သိပ်မသင့်မြတ်လှဘူးပေါ့။

ဒါတွေကတော့ နဂါးနှစ်နဲ့ ပတ်သက်ပြီး ဗဟုသုတဖြစ်ဖွယ်လေးတွေကို စုဆောင်းတင်ပြထားတာဖြစ်ပါတယ်။ ကျွန်တော့်ရဲ့ အာဘော်တော့ မဟုတ်ပါ။

ဒီနှစ် နဂါးနှစ်မှာ “ဓာတ်” သဘောအနေနဲ့ ကံကောင်း / ကံညံ့ကိုတော့ အထက်မှာ ဖော်ပြခဲ့ပါပြီ။ အကောင် တစ်ကောင်ခြင်းစီ အတွက်ရော ? ။ ၂၀၁၂ နဂါးနှစ်အတွက် အကောင်တစ်ကောင်ခြင်းစီရဲ့ ကံကြမ္မာအကျဉ်းချုပ်ကို ဆက်လက်ဖော်ပြပါမယ်။
.
လာရောက်ဖတ်ရှုသူ ညီအစ်ကို မောင်နှမအားလုံး နဂါးနှစ်သစ်မှာ ကျန်းမာပျော်ရွှင်နိုင်ကြပါစေ။
.
ဒေါက်တာတင်ဗိုလ်ဗိုလ် (ကွန်ပျူ-ဗေဒသုခုမ)

No comments:

Post a Comment