Tuesday, October 14, 2008

မက်ကိန်း နဲ့ အိုဘားမား ဘယ်သူနိုင်မလဲ အပိုင်း (၁)


အမေရိကန် သမ္မတ ရွေးကောက်ပွဲကြီးကတော့ နီးသထက်နီးလာပါပြီ။ ဘယ်သူနိုင်မလဲဆိုတာကလည်း စိတ်ဝင်စားစရာ ကောင်းသထက် ကောင်းလာပါပြီ။

ကမ္ဘာအရပ်ရပ်နဲ့ မြန်မာနိုင်ငံထဲက ဗေဒင်ဆရာတွေကလည်း ဟောကိန်းထုတ် နေကြပါတယ်။ ဒါပေမယ့် ဂျာနယ် နဲ့မဂ္ဂဇင်းတွေထဲမှာ အတိအလင်းရေးတာတော့ သိပ်မတွေ့ရဖူး။ ဗေဒင်ဆရာအချင်းချင်းပြောနေ ကြတာကတော့ အိုဘားမားဘက်ကဘဲ အလေးသာနေတာကို တွေ့ရပါတယ်။
 
ကျွန်တော်လည်း ဗေဒင်ပညာနဲ့ အသက်မွေးသူတစ်ယောက်ဘဲ။ စိတ်မဝင်စားဘဲ နေပါ့မလား။ ဒါကြောင့် တတ်သည့် ပညာမနေသာ ဆိုသလို ကိုယ်တတ်ထားတဲ့ ပညာနည်းပေါင်းစုံနဲ့ တွက်ချက်ကြည့်ပြန် တော့လည်း ဟုတ်တယ်ဗျ။ အိုဘားမားဘက်က အလေးသာနေတယ်။



ဗေဒင်တွက်တယ်ဆိုတာ နည်းပေါင်းစုံရှိတယ်မဟုတ်လား ။ လက်ရိုးလက်ဆန်း၊ ဂဏန်းဗေဒင်၊ တာရော့၊ အနောက်တိုင်း ထရန်းစစ်၊ အတိတ်နိမိတ် စတဲ့ နည်းပေါင်းစုံရှိ တဲ့အနက်က ဒီနေရာမှာ စိတ်ဝင်စားစရာကောင်းတဲ့ မြန်မာ့ရိုးရာ မဟာဘုတ် နဲ့ သက္ခတ်တွက်နည်းလေးကို တင်ပြချင်ပါတယ်။ ဗေဒင် ဝါသနာ ပါတဲ့သူတွေအတွက်ပေါ့။
 

ဒီလိုဗျ။ အိုဘားမား နဲ့ မက်ကိန်း မပြိုင်ကြခင်မှာ သူတို့ ဒီမိုကရက် အချင်းချင်း အိုဘားမားနဲ့ ဟီလာရီ ကလင်တန်တို့ အကြိတ်အနယ်ပြိုင်ကြတာကို မှတ်မိကြမှာပါ။ တစ်ယောက်နဲ့ တစ်ယောက် ပိန်မသာ လိန်မသာဖြစ်နေရာက နောက်ဆုံး အိုဘားမားနိုင်သွားတယ်မဟုတ်လား။ အဲဒါက ပြန်စရလိမ့်မယ်။
သူတို့နှစ်ယောက်ရဲ့ မွေးသက္ကရာဇ်တွေက -

အိုဘားမားက သြဂုတ်လ (၄)ရက် ၁၉၆၁ ဖွား ၊ သောကြာသား (အထွန်းဖွား)

ဟီလာရီကလင်တန်က အောက်တိုဘာ (၂၆) ၁၉၄၇ ဖွား၊ တနင်္ဂနွေသမီး (ပုတိဖွား)

မဲဆွယ်ပွဲလုပ်နေချိန်မှာ အိုဘားမားက အသက် (၄၇)နှစ်ထဲမှာ ဆိုတော့ သက္ခတ်ဗေဒင်အရ “ကြာသပတေး” သက္ခတ်ထဲ ရောက်နေတယ်။

ဟီလာရီကလင်တန်က (၆၁)နှစ် ထဲမှာဆိုတော့“ဗုဒ္ဓဟူး” သက္ခတ်ထဲမှာ ရောက်နေတယ်။

သက္ခတ်ဗေဒင်ပညာအရ “အင်္ဂါ၊ ဗုဒ္ဓဟူး နဲ့ စနေ” ဂြိုဟ်တွေဆိုတာ မကောင်းဂြိုဟ် သက္ခတ်တွေ ဖြစ်တယ်မဟုတ်လား။ အိုဘားမားကတော့ “ကြာသပတေး” သက္ခတ်ဆိုတော့ အကောင်းအဆိုး ရောနေတဲ့ သက္ခတ်ဖြစ်ပေမယ့် ဟီလာရီရဲ့ “ဗုဒ္ဓဟူး” သက္ခတ်ထက်တော့ အားများတဲ့အတွက် အိုဘားမားက သမ္မတလောင်းဖြစ်သွားတဲ့ သာဓက ရှိခဲ့ဘူးပါတယ်။

အဲဒီရှေးထုံးကို နှလုံးမူရရင် အခု သမ္မတ ရွေးကောက်ပွဲမှာ အိုဘားမားက (၄၈)နှစ်ထဲကို ရောက်သွားပြီး
“ရာဟုသက္ခတ်”ထဲကို ရောက်သွားမယ်။ သက္ခတ်ကောင်းဘဲဗျ။ ရာဟုသက္ခတ်ဟာ အင်မတန် “စန်း” ပွင့် တယ်။ လူထုထောက်ခံမှုကို ရတတ်တယ်။

ဂျွန်မက်ကိန်းက သြဂုတ်လ(၂၉)ရက်၊ ၁၉၃၆ ဖွား ဆိုတော့ စနေသား၊ အဓိပတိဖွားဗျ။ အသက်က (၇၃)နှစ် ထဲမှာဆိုတော့ “စနေ” သက္ခတ်ထဲမှာ ရောက်နေတယ်။ “စနေ”ဟာ ဂြိုဟ်ဆိုးတစ်ခုဖြစ်တဲ့အတွက် မက်ကိန်း အတွက် ကံတရားဘက်က အခွင့်မသာဘူးလို့ ဆိုရမှာပေါ့။

ဟီလာရီ နဲ့ အိုဘားမား ပုံစံအတိုင်းသာ “ခွင်” ဝင်သွားရင် ဒီပွဲမှာ အိုဘားမား နိုင်ပြီပေါ့ဗျာ။ ဒါက ဗေဒင် တွက်နည်းပေါင်းများစွာရှိတဲ့ အထဲက မြန်မာ့ရိုးရာသက္ခတ်ပညာနဲ့ အလွယ်တွက်လိုက်တာပါ။
ဒါပေမယ့် တစ်ချက်စဉ်းစားရမှာက မက်ကိန်းဟာ စနေဂြိုဟ်ထဲမှာနော်။ စနေဂြိုဟ်ထဲမှာ လူတစ်ချို့ဟာ ထီပေါက်တာ၊ ရာထူးတက်တာ၊ ဂုဏ်ထူးဘွဲ့ထူးတွေရတာမျိုးလည်း ဖြစ်တတ်တယ်။ ဒါပေမယ့် စနေဂြိုဟ် ထဲမှာ အဲသည်လို ဖြစ်ပြီဆိုရင် ကံဆိုးချင်လို့သာမှတ်ပေတော့။ စနေဂြိုဟ်ဆိုတာ “အမင်္ဂလာဂြိုဟ်” ဒီဂြိုဟ်ထဲမှာ မင်္ဂလာရှိတဲ့ကိစ္စတွေဖြစ်လာရင် “ဆန်းကျဉ်” သွားတဲ့အတွက် နောက်ဆက်တွဲ မကောင်းတဲ့ အကျိုးဆက်တွေ ဖြစ်လာတတ်တယ်။

ဒီတော့ သက္ခတ်ဗေဒင်အဟောကို နိဂုံးချုပ်ရမယ်ဆိုရင် အမေရိကန် သမ္မတရွေးပွဲမှာ “ဘာရတ်အိုဘားမား” က နိုင်ဖို့ ရာနှုန်း (၇ဝ)လောက်ရှိတယ်လို့ဆိုရမယ်။
တကယ်လို့ အိုဗားမား မနိုင်ဘဲ မက်ကိန်းနိုင်သွားရင်တော့ စနေဂြိုဟ်ထဲ မှာ ဖြစ်တဲ့အတွက် သူ့အတွက်သော်၎င်း၊ အမေရိကန်နိုင်ငံအတွက်သော် ၄င်း မကောင်းနိုင်တော့ဘူး။

အိုဘားမားနိုင်ရင်တော့ သူ့အတွက် ရှေ့လာမည့်နှစ်တွေဟာ “သောကြာ၊ တနင်္ဂနွေ၊ တနင်္လာ” ဆိုတဲ့ ကောင်းတဲ့ သက္ခတ်တွေဖြစ်တဲ့အတွက် သူ့အတွက်သော်၎င်း၊ အမေရိကန်နိုင်ငံအတွက်သော်၎င်း ကောင်းလိမ့်မယ်လို့ ယူဆရမှာပါခင်ဗျား။ ဒါက “သက္ခတ်” ဗေဒင်နည်းနဲ့ တွက်တာနော်။ တခြားနည်းတွေနဲ့လည်း ကျွန်တော် တွက်ပြပါဦးမယ်။ စောင့်ကြည့်ပေးကြပါ။ ဝါသနာ ပါရင်ပေါ့။

လေးစားစွာဖြင့်

ဒေါက်တာတင်ဗိုလ်ဗိုလ် (ကွန်ပျူဗေဒသုခုမ)

2 comments:

  1. ဆရာရေ တကယ်တော့ ဆရာက ကျနော့် မြင်ဆရာပါပဲ။ ဆရာ့ရဲ့ နာမည်အကြောင်း စာအုပ်ကို စာပေလောက 5 ကနေ ၀ယ်ယူဖတ်ရှုခဲ့ပါတယ်။ အပြင်မှာလည်း လက်တွေ့လေ့လာပါတယ်။ မသိသေးတာတွေလည်း သိလာရပါတယ်။ ကျေးဇူးတင်ပါတယ်။ ဆရာ့ရဲ့ ရွေးကောက်ပွဲဟောကိန်းကို စောဒက မတက်လိုပါဘူး။ ကျနော်က သာမန်လေ့လာသူ လူငယ်တစ်ဦးမို့ပါ။ ဒါပေမယ့် ဆရာ့အနေနဲ့ ဆရာဘဲလားလေဘာတီရဲ့ ဆိုဒ်ဆီတစ်ချက်လောက် အချိန်ရရင် သွားကြည့်ပါ။ ဆရာဘဲလားကိုသိမယ် ထင်ပါတယ်။ သူ့ရဲ့ နေကြတ်၊ လကြတ်ဟောကိန်းတွေဆီ သွားကြည့်စေချင်ပါတယ်။ စိတ်ဝင်စားမယ်လို့ ယူဆပါတယ်။ လက်ဆန်းသမားတွေအမြင်နဲ့ လက်ရိုးသမားအမြင် ဖလှယ်ကြည့်တဲ့ သဘောပါပဲ။ ဆရာဘဲလားလေဘာတီဆိုဒ်ကို ကျနော့်ဆီမှာ လင့်ထားပါတယ်။ သွားကြည့်ပါနော်။ မြန်မာ နတ်ခတ်ပညာရှင်တစ်ဦးဆိုတဲ့ လင်ခ့်မှာပါ။

    ReplyDelete
  2. ကျနော်က အဲဒါမျိုးတွေ ဘယ်သူနိုင်မလဲ ကြိုသိချင်တာ... ဒါပေမယ့် ဗေဒင်မတတ်တော့ ဒီလိုပဲကြည့်ပြီး ရမ်းတုတ်ခန့်မှန်းတာပေါ့...

    ကျနော် Tarot ကတ်လေးတွေ နည်းနည်းလေ့လာနေတယ်ဗျာ... အဲဒီအကြောင်းလေးတွေပါရေးပါလား...
    ဆရာတို့လို စနစ်တကျ သိတဲ့သူတွေ ညွှန်ပြတော့ပိုကောင်းတာပေါ့

    ReplyDelete