Sunday, September 1, 2013

စက်တင်ဘာလအတွက် (၇)ရက် သားသမီးဗေဒင်



တနင်္ဂနွေ သားသမီးများ

 

အခက်အခဲ အကြပ်အတည်းများမည်။ ပြီးစီးရမည့် အလုပ်အကိုင် များ မပြီးပြတ်ဘဲ တို့လို့တန်းလန်း ဖြစ်နေမည်။ သို့သော် အပေးအယူ အလွှဲအပြောင်း ကိစ္စများ အောင်မြင်မည်။ အိုးအိမ်  အဆောက်အဦး နှင့် ပတ်သက်ပြီး ဒုက္ခများမည်။ ပြဿနာပေါ်မည်။ ဦးခေါင်း မျက်စေ့ ဥပဒ်ပေးတတ်သည်။ ခေါင်းမကြာခဏ ကိုက်ခြင်း(သို့) မူးခြင်း ဖြစ်တတ်သည်။ လူမှုရေးကိစ္စများ ဆောင်ရွက်ရတတ်သည်။ စာပေလုပ်ငန်း ၊ သတင်း နှင့် ဆက်သွယ်ရေးလုပ်ငန်း ၊ ၀န်ဆောင်မှု လုပ်ငန်း အမျိုးမျိုး လုပ်ကိုင်သူများ အလုပ်အကိုင်တိုးတက်မည်။ 
ပညာရေး ကံကောင်းနေမည်။ သားသမီး ရှိသူများ သားသမီးများအတွက် ဂုဏ်ယူစရာ ကိစ္စရပ်များ ပေါ်ပေါက်မည်။ ဆရာသမားအကြီးအကဲ၏ အကူအညီ မ,စမှုကို ရရှိနိုင်မည့် ကာလဖြစ်သည်။ ငွေ အထွက်များနေမည်။ ငွေနှင့် ပတ်သက်ပြီး ခေါင်းခဲစရာ ကိစ္စများ ကြုံတတ်သည်။ ကျန်းမာရေး အတော်အတန် ဂရုစိုက်ရမည့် ကာလဖြစ်သည်။ အာရုံကြော နှင့် နှလုံးရောဂါ အခံရှိသူများ ရောဂါ တိုးနိုင်သော ကာလဖြစ်တတ်သည်။ ကံဇာတာ အညံ့များသော လ, တစ်လ ဖြစ်ဖွယ်ရှိသည်။

ယတြာပြုလိုပါက - မွေးနေ့တွင် အုန်းထမင်းချက်ပြီး ဘုရားတွင် ကပ်လှူလိုက်ပါ။ ညနေဖက်တွင် ကြံရည် ကပ်လှူပေးပါ။ ကြံရည်မရှိလျှင် သကြားလုံး ကပ်လှူပေးပါ။



တနင်္လာ သားသမီးများ

 

လူပင်ပန်း စိတ်ပင်ပန်းမှုများသော ကာလဖြစ်တတ်ပြီး တာဝန်ဝတ္တရားများ အလွန်အမင်း ပိနိုင်သည့် ကာလဖြစ်သည်။ အိုးအိမ် ၊ အခန်း ၊ မြေ နှင့် ပတ်သက်သော ကိစ္စများအတွက် စိတ်အနှောင့်အယှက် ဖြစ်စရာ ကြုံနိုင်သည်။ အိုးအိမ် ခြံမြေနှင့် ပတ်သက်ပြီး အမှုအခင်းဖြစ်လျှင် မိမိဘက်က နစ်နာဆုံးရှုံးနိုင်ချေ ရှိသည်။ ပညာရေးကံ ညံ့နေတတ်သည်။ မိမိ၏ ဆရာသမား အကြီးအကဲ တစ်ဦးဦး မကျန်းမာခြင်း (သို့) ဒုက္ခရောက်ခြင်း သတင်းကို ကြားရမည်။ အမြင့်မှ ခြေချော်ကျတတ်သည်။ ငွေကြေး အ၀င်/အထွက် များနေမည်။ များပြားသော တာဝန်များကြောင့် စိတ်ဖိစီးမှု များနေတတ်သည်။ တနင်္ဂနွေသားသမီး နှင့် အငြင်းပွား အချင်းများစရာ ကိစ္စမျိုး ပေါ်တတ်သည်။ ယခုလအတွင်း တစ်စုံတစ်ခုသော နစ်နာဆုံးရှုံးစရာ ကိစ္စတစ်ခု ကြုံနိုင်သည်။ လူတစ်ဦးခြင်းစီ၏ သက်ရောက်ဂြိုဟ် ပြင်းအားပေါ်တွင် လိုက်၍ အချို့မှာ အလွန်ကြီးမားသောဆုံးရှုံးမှုမျိုး ဖြစ်နိုင်သည်။ ကံဇာတာ ညံ့ဖျင်းမှုများမည့် လ,တစ်လဟု ဆိုနိုင်သည်။

ယတြာပြုလိုပါက - မွေးနေ့နံနက်စောစောတွင် နေအိမ်ဘုရားတွင် “ဘယာကြော် နှင့် ဆွမ်း” ကပ်လှူပူဇော်ပေးပါ။ ထို့နောက် လူမှုရေးအသင်းအဖွဲ့အစည်းတစ်ခုတွင် မိမိတတ်နိုင်သလောက် ငွေကြေးလှူဒါန်းပေးလိုက်ပါ။


အင်္ဂါ သားသမီးများ

 

တိုးတက်ပြောင်းလဲခြင်း တစ်ခုနှင့်အတူ ကံဇာတာ တိုးတက် ကောင်းမွန်မှု များမည့် ကာလတစ်ခု ဖြစ်နိုင်သည်။ မိမိအနစ်နာခံ ကြိုးစားအားထုတ်ခဲ့မှုများ၏ အသီးအပွင့်ကို ခံစားရနိုင်သည့် ကာလ တစ်ခုဖြစ်လိမ့်မည်။ အနုပညာရှင်များ ၊ နိုင်ငံရေးသမားများ ၊ လူမှုရေး အကျိုးဆောင်သူများ ၊ ၀န်ဆောင်မှုလုပ်ငန်းများ ၊ ပညာသင်ကြားရေး လုပ်ငန်းများတွင် လုပ်ကိုင်နေရသော သူများအတွက် ကံကောင်းသော လ, တစ်လဖြစ်နိုင်သည်။ စီးပွားရေး လုပ်ငန်းသမားများ လုပ်ငန်း တိုးတက်ချဲ့ထွင်
နိုင်မည့် ကာလဖြစ်သည်။ စပ်တူ ဖက်စပ်လုပ်ငန်းများ လုပ်ကိုင်ရတတ်သည်။ မိသားစုအတွင်း ပျော်ရွှင်ငြိမ်းချမ်းမှု ရနိုင်သော ကာလဖြစ်မည့်။ အိုးအိမ်နေရာ/အလုပ်နေရာ အပြောင်းအလဲ ရှိနိုင်သည်။  ကောင်းသော ပြောင်းလဲခြင်းဖြစ်မည်။ အတိုက်အခံနှင့် ယှဉ်ပြိုင်အလုပ်လုပ်နေရသူများ
ယခုလတွင် မိမိက အသာစီးရမည့် လ,မျိုးဖြစ်သည်။ အလုပ်အကိုင်တိုးတက်ခြင်း နှင့်အတူ အလုပ်ထဲတွင် ကိုယ်နှစ်စိတ်နှစ် အလုပ်လုပ်နေရတတ်သည်။ သို့သော်လည်း လုပ်သလောက် အကျိုးရှိနိုင်မည့် လ,တစ်လ လည်းဖြစ်သည်။ ယေဘူယျအားဖြင့် ကံကောင်းတိုးတက်မှု များပြားမည့် လ, ဖြစ်ပေလိမ့်မည်။

ယတြာပြုလုပ်လိုပါက - မိမိမွေးနေ့အင်္ဂါနေ့တစ်နေ့တွင် “စံပယ်ပန်း (၈)ကုံး” ကို ဘုရားတွင်
ကပ်လှူပူဇော်ပေးလိုက်ပါ။


ဗုဒ္ဓဟူး သားသမီးများ

 

စိုင်ကော်၍ ခြုံပေါ်ရောက်ကိန်း ရှိတတ်သည်။ ဆုံးရှုံးသွားပြီ-ဟု (သို့) မဖြစ်နိုင်တော့ပြီ-ဟု ထင်မှတ်ထားသော ကိစ္စတစ်ခု (သို့) ရပိုင်ခွင့်တစ်ခုမှ အကျိုးကျေးဇူး ပြန်လည်ရရှိနိုင်သော ကာလဖြစ်သည်။ ထင်မှတ်ထားသော ကိစ္စသည် မအောင်မြင်ဘဲ မထင်မှတ်ထားသော ကိစ္စမှ အောင်မြင်တတ်သည်။ မိမိအတတ်ပညာ ၊ ကျွမ်းကျင်မှု ၊ အရည်အချင်းကို လူအများက အသိအမှတ်ပြု လေးစားခံရမည့် ကာလဖြစ်သည်။ အလုပ်အကိုင်သစ် (သို့) စီမံကိန်းသစ် တစ်ခုကို အစပြုရတတ်ပြီး မိမိထင်မှတ်ထားသည်ထက် ပိုမိုအောင်မြင်တတ်သည်။ ရည်မှန်းချက်တစ်ခုကို ဇောက်ချလုပ်ကိုင်နေသူများ အောင်မြင်မှု ကြီးကြီးမားမား ရရှိနိုင်သည့် ကာလဖြစ်သည်။
လက်အောက်ငယ်သား၏ ဒုက္ခပေးမှုကို ခံရဖွယ်ရှိသည်။ မတော်တဆထိခိုက်မှု တစ်ခုခုကို သတိထားပါ။ ခရီးတို ခရီးရှည်များ သွားရတတ်သည်။ နိုင်ငံရပ်ခြားသို့ သွားရန်ကြံရွယ်နေသူများ အထမြောက်အောင်မြင်မည့် ကာလဖြစ်သည်။ မိမိ အမြဲသုံးစွဲနေသော စက်ပစ္စည်းတစ်ခုခု ပျက်စီးတတ်သည်။ အိုးအိမ်ခြံမြေနှင့် ပတ်သက်ပြီး အလွန်ကံကောင်းနိုင်သော ကာလဖြစ်ပြီး အိုးအိမ်ဝယ်ရန် ကြံရွယ်ထားသူများ အထမြောက် တတ်မည်။ ယေဘူယျပြောရလျှင် ယခုလသည်  ဗုဒ္ဓဟူး သားသမီးများအတွက် ကံကောင်းတိုးတက်မှု များမည့် လ,တစ်လဖြစ်သည်ဟု ဆိုရမည်။

ယတြာပြုလိုပါက - အခမဲ့ ဆေးရုံ ဆေးပေးခန်းတစ်ခုတွင် လိုအပ်နေသော စက်ပစ္စည်း ကရိယာတစ်ခုခု လှူဒါန်းလိုက်ပါ။ သို့မဟုတ်ပါကလည်း ငွေကြေးအချို့ လှူဒါန်းလိုက်ပါ။


ကြာသပတေး သားသမီးများ

ယခုလအတွက် ကြာသပတေးသားသမီးများ ကျန်းမာရေး တစ်ခုကိုသာ အထူးဂရုစိုက်ရန် လိုပြီး ကျန်သော ကိစ္စများတွင် ကံညံ့မှု အလွန်အမင်းမရှိနိုင်ပါ။ အိုးအိမ်ကိစ္စ ၊ အလုပ်အကိုင် တိုးတက်မှု ကိစ္စ ၊ လစာ အခွင့်အလမ်းတိုးတက်မှု ကိစ္စများတွင် ကံကောင်းနိုင်သည်။ အစိုးရ နှင့် ဆက်ဆံ လုပ်ကိုင်နေရသော လုပ်ငန်းများ တိုးတက်ကံကောင်းမည်။ သတ္တုလုပ်ငန်း ၊ လှောင်ကုန်လုပ်ငန်း ၊ ဓာတုဗေဒ ဓာတ်ဆေးလုပ်ငန်း များလုပ်ကိုင်နေသူများ လုပ်ငန်းတိုးတက်မှု အထူးရရှိမည်။
ကျောင်းသူကျောင်းသားများ ပညာရေးကံ အားနည်း နေတတ်သည်။ ၀မ်းဗိုက်ပိုင်းတစ်ဝိုက်တွင်
ရောဂါခံစားရမှု ဖြစ်နိုင်သည်။ ထီနှင့် အမွေ ကိစ္စများ ကံကောင်းနိုင်သည်။ အစိုးရ၀န်ထမ်းများ အတွက် မိမိကိုးကွယ် ဆည်းကပ်နေသော ဆရာသမား ၊ အကြီးအကဲများ ဒုက္ခရောက်ကိန်းရှိတတ်ပြီး မိမိပါ ကြားညပ် တတ်သည်ကို အထူးသတိပြုပါ။ လက်အောက်ငယ်သား ၊ တပည့်တပန်းများ၏ ကြိုးစားအားထုတ်မှုကြောင့် မိမိလုပ်ငန်း တိုးတက်မြင့်မားမှု တစ်ခုခုရရှိနိုင်သည်။ ယေဘူယျအားဖြင့် ဆိုရလျှင် ကြာသပတေး သားသမီးများအတွက် ကံကောင်း/ကံညံ့ ရောနှောနေသော လ,တစ်လ ဖြစ်နိုင်ဖွယ် ရှိသည်။

ယတြာပြုလုပ်လိုပါက - မွေးနေ့နံနက်တိုင်းတွင် “ကျီးငှက်” များအား ပေါင်မုန့်ကျွေးပြီး ဒါနပြုပေးပါ။ ကြာသပတေးနေ့တိုင်း ပြုလုပ်ပါ။


သောကြာ သားသမီးများ

 

ယခုလတွင် သောကြာသားသမီးများ အားလုံးနီးနီး မိမိ လုပ်ကိုင်သော အလုပ်နှင့် ပတ်သက်ပြီး ကံကောင်း တိုးတက်မှုကို အနည်းနှင့် အများ ခံစားရဖွယ် ရှိသည်။ သက္ခတ်ကောင်းလျှင် အလွန်မြင့်မား တိုးတက်နိုင်ပြီး သက္ခတ်ညံ့လျှင် အနည်းအကျဉ်းခံစားရမည်။ ၀န်ထမ်းအလုပ် လုပ်ကိုင်သူများ ပိုမို ကောင်းကျိုးခံစားခွင့် ရရှိနိုင်သည်။ ပညာရဲရင့် ပွဲလယ်တင့်မည်။ မိမိ ဆုံးဖြတ်ဆောင်ရွက်မှုများ မှန်ကန်မည်။ နာမည်ကျော်ကြားကိန်း ရှိသည်။ သို့သော် ယခုလတွင် ကျန်းမာရေး ခြူခြာနေမည်။ ခရီးသွားလာရင်း မတော်တဆဖြစ်မှု ရှိနိုင်သော်လည်း အားပြင်းထန်မှု မရှိနိုင်ပါ။ ယခုလတွင် စကားပြော ဆင်ခြင်ပါ။ စကားအပြောမှားတတ်သည်။ အကြီးအကဲနေရာတွင် နေသူဖြစ်လျှင် ပိုမိုသတိထားပါ။ အလုပ်ရာထူး တိုးတက်ရန် ကြာမြင့်နေသူများ ယခုလတွင်
ရာထူးတိုးတက်ရန် အလွန်အခွင့်အလမ်းများသည်။ ငွေကြေးကိစ္စတွင်လည်း အထူးကံကောင်းနေတတ်သည်။ ခြုံ၍ ပြောရလျှင် ယခုလသည် သောကြာသားသမီးများအတွက် ကျန်းမာရေးတစ်ခုသာ ဂရုစိုက်ရန် လိုပြီး ကျန်သော အရေးကိစ္စ များတွင် ကံကောင်းမှုများကို ရရှိရန် အခွင့်အလမ်း အလွန်များသည့် လ,တစ်လဖြစ်သည်ဟု ဆိုရမည်။

ယတြာပြုလိုပါက - မွေးနေ့တစ်နေ့နေ့တွင် မိမိမွေးနံဖြစ်သော သီဟိုစေ့ကို ဘုရားတွင် ဆွမ်းဟင်း နှင့် အတူကပ်လှူပေးပါ။ ထို့နောက် ပျက်နေသော လမ်းတစ်ခုကို ပြုပြင်ပေးပါ (သို့) ပြုပြင်ရာတွင် အလှူငွေ ထည့်ဝင်လိုက်ပါ။ သို့မဟုတ် - ခရီးသွားရန် အခက်အခဲဖြစ်နေသော သူတစ်ဦးကို ခရီးစားရိတ် ထောက်ပံ့လိုက်ပါ။



စနေ သားသမီးများ

 

မိမိ ယခင် လ,များက ပြုလုပ်ခဲ့သော ကုသိုလ်/အကုသိုလ် တို့၏ အကျိုးကို ခံစားရမည့် လ, တစ်လ ဖြစ်နိုင်သည်။ ကုသိုလ်ကံ များသောသူများပင် အခက်အခဲ အကြပ်အတည်းများကို ခံစားရနိုင်ပြီး နောက်မှ မိမိ ကုသိုလ်ကံအလျှောက် ကံကောင်းမှုကို ပြန်လည်ရရှိနိုင်သည်။ အကုသိုလ်များသော သူများအတွက်မူ အလွန်ကံနိမ့်နိုင်သော လ,တစ်လ ဖြစ်နိုင်သည်။ ၀န်ထမ်းများ မိမိရာထူး နေရာကို ထိခိုက်နိုင်ပြီး စီးပွားရေး လုပ်ငန်းရှင်များ ငွေကြေးအဆုံးအရှုံးများနိုင်သော ကာလဖြစ်တတ်သည်။ အလုပ်အကိုင်ကို “မနိုင်ဝန်” ထမ်းမိသော လုပ်ငန်းကြီးသမားများ မနိုင်ဝန် ပိပြီး ဒုက္ခရောက်တတ်သည်။ ဆောက်လုပ်ရေး လုပ်ငန်းများ လုပ်ကိုင်သူများ ကံဇာတာ အထူးညံ့နိုင်သည့် ကာလဖြစ်ဖွယ် ရှိသည်။ ကံကြမ္မာ ရုတ်ချည်းပြောင်းလဲ သွားတတ်သည်။ ငွေကြေးအရှုတ်အရှင်းများ ဖြေရှင်းရဖွယ် ရှိသည်။ ယခုလတွင် စနေသားသမီးများ အများဆုံးဂရုပြုရမည့် ကိစ္စမှာ ငွေကြေးကိစ္စ ပင်ဖြစ်သည်။ ငွေကြောင့် တနည်းနည်းဖြင့် ဒုက္ခကြုံရနိုင်သည်။ ကုသိုလ်ကောင်းမှုများသူများ ငွေကြေးအကျဉ်းအကြပ် ကြုံခဲ့သော်လည်း လွတ်မြောက်နိုင်သည်။ လာဘ်ရခြင်း (သို့) ထီပေါက်ခြင်းကဲ့သို့သော ၀င်ငွေရကိန်းများ ရှိတတ်သော်လည်း နောက်ဆက်တွဲ ပြဿနာ ပိုမိုရှုတ်ထွေး လာတတ်သော လ,တစ်လဖြစ်နိုင်သည်။ ယေဘူယျအားဖြင့် ဆိုသော် ယခုလ သည် စနေသားသမီးများအတွက် အပြစ် (သို့) ဆုလာဘ် တစ်ခုခု ရရှိရန် အစစ်အဆေးခံရမည့် လ, တစ်လဖြစ်သည်ဟု ဆိုနိုသည်။ ကံ လုံးလုံးညံ့မည် ဟုကား မဆိုနိုင်ပါ။ မိမိပြုခဲ့သမျှပေါ်တွင် တည်လိမ့်မည်။

ယတြာပြုလုပ်လိုပါက - ဈေးထဲမှ ဂဏန်းအရှင်များကို မိမိတတ်နိုင်သလောက် ၀ယ်ယူပြီး  မြစ်ချောင်းများအတွင်းသို့ သွားရောက် လွှတ်ပေးပြီး ဇီဝိတဒါနပြုလိုက်ပါ။


ရာဟု သားသမီးများ

 

ယခုလအတွက် ရာဟုသားသမီးများအတွက် ကံ ညံ့မလိုလို နှင့် ကံကောင်းတတ်သော လ, မျိုး ဖြစ်နိုင်သည်။ အကျဉ်းအကြပ် အခက်အခဲထဲ ရောက်ပြီးမှ ကြံကြံဖန်ဖန် လွတ်မြောက်တတ်သည်။ ထို့ပြင် ကံကောင်းလျှင် မူလအခြေအနေထက် ပိုမိုကောင်းစားသွားနိုင်သည်။ ဗုဒ္ဓဟူးသားများကဲ့သို့ပင် စိုင်ကော်၍ ခြုံပေါ်ရောက်ကိန်း ရှိသည်။ ကျန်းမာရေးကိုမူ ဗုဒ္ဓဟူးသားသမီးများထက် ပိုမို ဂရုပြုပါ။ မမျှော်လင့်ဘဲ ရှောင်တခင် ရောဂါရကိန်း ၊ ထိခိုက်ရှနာကိန်းများ ရှိနိုင်သည်။ အိမ်ထောင်ရှုတ်သူများ အိမ်ထောင်ရေး ပြဿနာ အကြီးအကျယ်တက်ကိန်း ရှိနိုင်သည်။ သို့သော် ကြံဖန် ပြေလည်သွားတတ်သည်။ အိုးအိမ်ကိစ္စ ၊ အမွေကိစ္စများ ဖြစ်ပွားနေသူများ မိမိဘက်မှ
ရှုံးနိမ့်တော့မလိုလို အခြေအနေမှ ပြန်လည် အနိုင်ရရှိတတ်သည်။ ပညာရေးကံ အားနည်းနေတတ်သည်။ ၀န်ထမ်းများ အလုပ်နေရာ ပြောင်းရွှေ့ခံရတတ်သော်လည်း နောက်ရောက်မည့်နေရာသည် မမျှော်လင့်ဘဲ နေရာကောင်းဖြစ်နေတတ်ခြင်းမျိုး ကြုံရဖွယ် ရှိသည်။ ယေဘူယျဆိုရလျှင် ယခုလသည် ဗုဒ္ဓဟူးနေ့မွန်းလွဲပိုင်း မွေးသူများအတွက် ကံညံ့မလိုလို နှင့် ကံကောင်းလာနိုင်စရာ ရှိသော လ, တစ်ခုဟုသာ ဆိုရလိမ့်မည်။

ယတြာပြုလုပ်လိုပါက - ရှေ့ဆုံးမှ “ရွှေ” ပါသော ဘုရားတစ်ဆူဆူတွင် နံနက်စောစော အာရုဏ်ဆွမ်းကို ၀က်အူချောင်းကြော် နှင့် ကပ်လှူပေးပါ။ နိုင်ငံရပ်ခြားတွင်နေသူများ မိမိနေအိမ် ဘုရား၌ပင် ကပ်လှူပေးပါ။

(၇)ရက်သားသမီးအားလုံး ကျန်းမာချမ်းသာကြပါစေကုန်သော်။

ဒေါက်တာတင်ဗိုလ်ဗိုလ် (ကွန်ပျူဗေဒသုခုမ)

No comments:

Post a Comment