Showing posts with label မြန်မာ့ရိုးရာ ဗေဒင်. Show all posts
Showing posts with label မြန်မာ့ရိုးရာ ဗေဒင်. Show all posts

Saturday, November 2, 2013

နိုဝင်ဘာလအတွက် (၇)ရက် သားသမီး ဗေဒင်

7days Borns

တနင်္ဂနွေ သားသမီးများ

ခက်ခဲလေးလံသော တာဝန်ဝတ္တရားများ အပိခံရမည့် လ တစ်လ ဖြစ်ဖွယ်ရှိသည်။ အန္တရာယ်များသော အလုပ်အကိုင်များကို ဆောင်ရွက်ရတတ်သည်။ လူပန်း စိတ်ပန်း လွန်စွာဖြစ်နိုင်သည်။ လက်အောက်လူများ (သို့) ညီငယ်ညီမငယ်များ၏ အရှုတ်ထုတ်များကို မိမိက ဒိုင်ခံ ဖြေရှင်းရကိန်း ရှိတတ်သည်။ လူမျိုးခြားတစ်ယောက်ကြောင့် စိတ်ဒုက္ခ ဖြစ်ရဖွယ်ရှိသည်။ အိုးအိမ်အဆောက်အဦးနှင့် ပတ်သက်ပြီး ကံမကောင်းသေးပါ။ ငွေကြေးများစွာ ၀င်ကိန်း ရှိသလို လက်ထဲတွင် ဖင်ပူအောင် မနေဘဲ ပြန်ထွက်ကိန်းလည်း အသေအချာ ရှိတတ်ပါသည်။ ခြေနှစ်ချောင်း အကယ်မကောင်း၍ ကိုယ့်ကိုပြန် အမှုပတ်တတ်သည်။ ငွေကြေး ပြဿနာ အရှုတ်အရှင်း ပေါ်တတ်သည်။ ယာဉ်ကား နှင့် ပတ်သက်ပြီး ကံမကောင်း ဖြစ်မည်။ ငယ်ရွယ်သူများအတွက် ပညာရေးကံ အကောင်းဖက်တွင်ရှိသည်။ အချစ်ရေး ကိစ္စများတွင် ကံဇာတာ ဆက်လက်ညံ့ဖျင်းဦးမည်။ ဦးခေါင်းပိုင်းတွင် ဝေဒနာတစ်ခု ဖြစ်နိုင်ဖွယ် ရှိသည်။ လုပ်ငန်းကိုင်ငန်းများအနက် ပညာရေး ၊ ငွေကြေး ၊ ၀န်ဆောင်မှု ၊ သတင်း နှင့် ဆက်သွယ်ရေး လုပ်ငန်းများတွင် လုပ်ကိုင်နေသူများ ကံကောင်းမှုများ ရရှိနိုင်သည်။ ယာဉ်ကား နှင့် စက်မှုလက်မှု လုပ်ငန်းများ ကံမကောင်းဘဲ ရှိတတ်သည်။ ၀ယ်ရောင်းသမားများ လောဘသတ်ပြီး ခပ်မြန်မြန်ဝယ် ၊ ခပ်မြန်မြန် ရောင်းလုပ်လျှင် အကျိုးရှိနိုင်သော်လည်း တက်ဈေးကို အချိန်ဆွဲရောင်းသူများ ပိုက်ဘောမိတတ်သည်။ ယေဘူယျ အားဖြင့် ဆိုရလျှင် ယခုလသည် တနင်္ဂနွေသားသမီးများ အခက်အခဲများနိုင်သော လတစ်လ ဖြစ်ဖွယ်ရှိသည်။

ယခုလအတွက် Lucky Numbers - 4 , 2 , 7 , 0


Sunday, September 1, 2013

စက်တင်ဘာလအတွက် (၇)ရက် သားသမီးဗေဒင်



တနင်္ဂနွေ သားသမီးများ

 

အခက်အခဲ အကြပ်အတည်းများမည်။ ပြီးစီးရမည့် အလုပ်အကိုင် များ မပြီးပြတ်ဘဲ တို့လို့တန်းလန်း ဖြစ်နေမည်။ သို့သော် အပေးအယူ အလွှဲအပြောင်း ကိစ္စများ အောင်မြင်မည်။ အိုးအိမ်  အဆောက်အဦး နှင့် ပတ်သက်ပြီး ဒုက္ခများမည်။ ပြဿနာပေါ်မည်။ ဦးခေါင်း မျက်စေ့ ဥပဒ်ပေးတတ်သည်။ ခေါင်းမကြာခဏ ကိုက်ခြင်း(သို့) မူးခြင်း ဖြစ်တတ်သည်။ လူမှုရေးကိစ္စများ ဆောင်ရွက်ရတတ်သည်။ စာပေလုပ်ငန်း ၊ သတင်း နှင့် ဆက်သွယ်ရေးလုပ်ငန်း ၊ ၀န်ဆောင်မှု လုပ်ငန်း အမျိုးမျိုး လုပ်ကိုင်သူများ အလုပ်အကိုင်တိုးတက်မည်။ 
ပညာရေး ကံကောင်းနေမည်။ သားသမီး ရှိသူများ သားသမီးများအတွက် ဂုဏ်ယူစရာ ကိစ္စရပ်များ ပေါ်ပေါက်မည်။ ဆရာသမားအကြီးအကဲ၏ အကူအညီ မ,စမှုကို ရရှိနိုင်မည့် ကာလဖြစ်သည်။ ငွေ အထွက်များနေမည်။ ငွေနှင့် ပတ်သက်ပြီး ခေါင်းခဲစရာ ကိစ္စများ ကြုံတတ်သည်။ ကျန်းမာရေး အတော်အတန် ဂရုစိုက်ရမည့် ကာလဖြစ်သည်။ အာရုံကြော နှင့် နှလုံးရောဂါ အခံရှိသူများ ရောဂါ တိုးနိုင်သော ကာလဖြစ်တတ်သည်။ ကံဇာတာ အညံ့များသော လ, တစ်လ ဖြစ်ဖွယ်ရှိသည်။

ယတြာပြုလိုပါက - မွေးနေ့တွင် အုန်းထမင်းချက်ပြီး ဘုရားတွင် ကပ်လှူလိုက်ပါ။ ညနေဖက်တွင် ကြံရည် ကပ်လှူပေးပါ။ ကြံရည်မရှိလျှင် သကြားလုံး ကပ်လှူပေးပါ။

Wednesday, April 17, 2013

မြန်မာသက္ကရာဇ် (၁၃၇၅)ခုနှစ် (၇)ရက်သားသမီး ဟောကိန်းများ



## တနင်္ဂနွေ သားသမီးများ ကံဇာတာ

# အလုပ်/စီးပွား

ဒီနှစ်အတွက် တနင်္ဂနွေသားသမီးများ အလုပ်အကိုင် အခွင့်အလမ်းတွေ တိုးတက်ကောင်းမွန်နိုင်တဲ့ နှစ်ဖြစ်တယ်။ ရည်မှန်းချက်တွေ အောင်မြင်လာမယ်။ လူငယ်လူရွယ်တွေ ၊ လူလတ်ပိုင်း စီးပွားရေးသမားတွေအတွက် ကံကောင်းမွန်တဲ့ နှစ်ဖြစ်လိမ့်မယ်။ စပ်တူလုပ်ငန်း လုပ်ဖို့ အခွင့် အလမ်းတွေ ပေါ်ပေါက်တတ်ပြီး လုပ်ရင်လည်း အဆင်ပြေတိုးတက်ကိန်း ရှိပါတယ်။ အလုပ်အကိုင် အပြောင်းအလဲ လုပ်ချင်သူများအတွက် အပြောင်းအလဲဖြစ်နိုင်တဲ့ အခြေအနေမျိုး ရှိမယ်။ ဒီနှစ်မှာ အလုပ်အကိုင်အတွက် ကံကောင်းမှုတွေ များနိုင်ပေမယ့် အစစအရာရာ သတိရှိဖို့တော့ လိုမယ်။ အလောတကြီး အလျှင်စလို ပြုမူတာမျိုး မလုပ်သင့်ဘူး။ ချင့်ချင့်ချိန်ချိန် သတိထားလုပ်ဖို့တော့ လိုမယ်။ “အလှမ်းကျယ်လို့ အလယ်လပ်” တတ်တဲ့ အဖြစ်မျိုး ကြုံနိုင်တယ်။

# ငွေကြေး

ဒီနှစ်မှာ တနင်္ဂနွေ သားသမီးအတော်များများ ငွေကြေးကံ ကောင်းကြပါလိမ့်မယ်။ အလုပ်အကိုင်တိုးတက်ပြီး ၀င်ငွေကောင်းလာတာမျိုး ၊ မမျှော်လင့်တဲ့ ငွေကြေးလာဘ်လာဘ ၀င်လာတာမျိုးတွေ ရှိမယ်။ စိတ်ကူးစိတ်သန်းကောင်း ၊ အကြံကောင်းဉာဏ်ကောင်းတွေ ၊ တီထွင်ဖန်တီးမှုတွေကနေ ငွေကြေးဓနဥစ္စာ တိုးတက်လာကိန်းရှိတယ်။ ပြောရရင် တနင်္ဂနွေသားသမီးအတော်များများအတွက်တော့ ဒီနှစ်ဟာ ငွေကြေးအတွက် စိတ်မပူရမယ့် နှစ်လို့ ပြောနိုင်တယ်။

Sunday, October 17, 2010

အပြောင်းအလဲ များတတ်သူ

.
မြန်မာ့ရိုးရာ သက္ခတ်ဗေဒင်ပညာနဲ့ ပတ်သက်ပြီး ကျွန်တော်ရေးခဲ့တဲ့ “ဒုက္ခပေးတဲ့ အင်္ဂါ၊ ဗုဒ္ဓဟူးစနေ အပိုင်း (၁) နဲ့ အပိုင်း (၂) ကို လေ့လာ ဖတ်ရှုပြီးသူများအနေနဲ့ “အင်္ဂါ ၊ ဗုဒ္ဓဟူး၊ စနေ” သက္ခတ်များရဲ့ ဒုက္ခပေးတတ်တဲ့ သဘောတရားလေးတွေကို ပြန်ပြီးမှတ်မိကြပါလိမ့် ဦးမယ်။ အသက် (၃၅)နှစ်ကျော်ပြီးခန့် လူတစ်ယောက် ဆိုရင်တော့ “အင်္ဂါ ၊ ဗုဒ္ဓဟူး၊ စနေ” သက္ခတ်များရဲ့ အတွင်း (အနည်းဆုံး) ၃ကြိမ်လောက် ဖြတ်သန်းပြီးပြီမို့ ဒီဂြိုဟ်တွေရဲ့ ဒုက္ခပေးမှုကို အနည်းနဲ့ အများ ခံစားကြဘူးကြမှာပါ။

ဒီကနေ့ ဆောင်းပါးမှာ အဲဒီ “အင်္ဂါ ၊ ဗုဒ္ဓဟူး၊ စနေ” သက္ခတ်ဂြိုဟ်(၃)လုံးအနက် “အင်္ဂါဂြိုဟ် သက္ခတ်”အကြောင်းကို အထူးအလေးပေး တင်ပြလိုပါတယ်။ အင်္ဂါသက္ခတ်ဟာ “လောကဓံ(၈)ပါး ဗေဒင်” မှာ “လောကုတ္တရာနယ်ပယ်” ကို စ, တင် ၀င်ရောက်လာတဲ့ “စပ်ကူးမတ်ကူး” ကာလဖြစ်တယ်။
ရှေ့လာမယ့် သက္ခတ်အဆိုး (၃)ခုဖြစ်တဲ့ ဗုဒ္ဓဟူး ၊    စနေ နဲ့ ကြာသပတေး တို့ဟာ “ကောင်းမလား ၊ ဆိုးမလား” ဆိုတာကို “အင်္ဂါဂြိုဟ်သက္ခတ်” အတွင်း ကျွန်တော်တို့ ခင်ဗျားတို့ရဲ့ တွေးခေါ်ကြံစည် ၊ လုပ်ကိုင်ဆောင်ရွက် ၊ ဆုံးဖြတ်မှုတွေ ဟာ အတော်လေး အရေးပါတာကို ကျွန်တော် သတိထားမိလာပါတယ်။

Thursday, March 11, 2010

မွေးနေ့ဗေဒင် တွက်ကြမယ် (၂)


Happy Birthday2

မွေးနေ့ဗေဒင်တွက်ကြမယ် အပိုင်း ()ကို ၂၀၁၀ ခုနှစ် မတ်လထဲမှာ စ, တင်ပေးလိုက်တဲ့ အချိန်ကစပြီး ယနေ့အချိန်အထိ အဖတ်အများဆုံး ဆောင်းပါးထဲမှာ နံပါတ်()နေရာ ကို ချိတ်နိုင်ခဲ့ပါတယ်။ ၀င်ရောက်ဖတ်ရှုသူဦးရေ သုံးသောင်းနီးပါး ရှိခဲ့တယ်။ တိုက်ဆိုင်မှု အတော်ရှိတယ်လို့လည်း အကြောင်းပြန်ကြားချက်တွေ ကြားရပါတယ်။ ဒါပေမယ့် ခက်တာက ယနေ့အချိန်အထိ အဲဒီတွက်နည်းကို ကောင်းကောင်း မတွက်တတ်ကြတဲ့ သူတွေ ရှိနေသေးတယ်။ တစ်ချို့ကြပြန်တော့လည်း မှန်အောင်တော့ တွက်တတ်ပါတယ် - ဒါပေမယ့် အဖြေကို ကောင်းကောင်းမထုတ်တတ်ဘူး။ ဘာဖြစ်လို့လည်းဆိုတော့ ထည့်သွင်းတွက်ချက်ရတဲ့ ဂြိုဟ်တွေက မွေးနံဂြိုဟ်အပါအ၀င် ()လုံးတောင် ဖြစ်နေတော့ အပေါ်အောက် ဂြိုဟ်တွေ ပြန့်ကျဲနေရင် အကောင်းအဆိုး ဘာပြောရမှန်း မသိကြတော့ဘူး ဆိုတာတွေလည်း ရှိပါတယ်။ 

Wednesday, March 10, 2010

မွေးနေ့ဗေဒင် တွက်ကြမယ် (၁)

.
ဒီဇင်ဘာလထဲ တုန်းက “မွေးနေ့ဗေဒင်” ကို နေ့စဉ် တင်ပေးမယ်ဆိုပြီး လုပ်လိုက်ပေမယ့် အကြောင်းကြောင်းကြောင့် အစီအစဉ် ရပ်ဆိုင်း သွားရပါတယ်။ အခု လောလောဆယ် လူတိုင်း ကိုယ့်မွေးနေ့ကို ရောက်လာရင် တနှစ်တာရဲ့ အကောင်းအဆိုးကို ကြိုတင်သိနိုင်အောင် ပရိုဂရမ်လေးတစ်ခု ရေးဆွဲနေပါတယ်။
ဒါပေမယ့် ပရိုဂရမ်က ထင်ထားတာထက် ပိုပြီး ကြာနေပါတယ်။ ဒါကြောင့် ဒီပရိုဂရမ်လေးကို တင်မပေးမှီ လောလောဆယ် “မဟာဘုတ်” နည်းနဲ့ ကိုယ်တိုင်ကိုယ်တွက်လို့ရမယ့် “မွေးနေ့ဗေဒင်တွက်နည်း” လေးတစ်ခု တင်ဆက်ပေးလိုက်ပါတယ်။
ဒီ မဟာဘုတ် တွက်နည်းလေးက အင်မတန် ရိုးရှင်းပါတယ်။ “တွက်နည်း” လို့သာ ပြောရတာ ဘာမှ သိပ်တွက်စရာ မလိုပါဘူး။ လွယ်သမှ သိပ်လွယ်ပါတယ်။ ဒါပေမယ့် မှန်ကန်မှု ရာနှုံးကတော့ မနည်းလှဘူးခင်ဗျ။ ကိုယ့်ဟာကိုယ် ပြန်ပြီးတွက်ကြည့်လေ။ ပြီးခဲ့တဲ့ နှစ်တွေကို ပြန်ပြီး လက်တွေ့တွက်ကြည့်။ ဘ၀မှာ မှတ်မှတ်ထင်ထင်ဖြစ်ခဲ့တဲ့ “ကောင်းတဲ့နှစ် နဲ့ ဆိုးတဲ့နှစ်” တွေကို တွက်ကြည့်။ အနည်းဆုံး (၇၅-၈၀) % မှန်ဖို့ များပါတယ်။

Thursday, January 7, 2010

(၀)ကြွင်း မဟာဘုတ်များ၏ ယေဘူယျ ၀ိသေသလက္ခဏာများ


(၀)ကြွင်းသမားတွေဟာ အကြမ်းဖျဉ်းပြောရရင် ရုပ်ပိုင်းရော၊ စိတ်ပိုင်းပါ အားနည်းပျော့ညံ့ ကြသူတွေ များပါတယ်။ ကိုယ်ခန္ဓာ ကျန်းမာကြံ့ခိုင် မှုဘက်မှာလည်း အားနည်းတတ်တာ များတယ်။ စိတ်ဓာတ်ပိုင်း ကြံ့ခိုင်မှု မှာလည်း အားနည်းတတ်တာ များတယ်။ စိတ်နုတယ်။ စိတ်ထိခိုက် လွယ်တယ်။ ၀မ်းနည်းလွယ်တယ်။ မျက်ရည် ကျလွယ်တယ်။ ကိုယ့်ကို မကောင်းပြောခံရရင် တနုံ့နုံ့ တွေးပြီး စိတ်ဆင်းရဲ နေတတ်တယ်။ လောကဓံ တရားကို သိပ်ခံနိုင်ရည် မရှိတတ်ကြဘူး။ စိတ်ဆတ်ပြီး ကိုယ့်ကိုယ်ထိပါး ပုတ်ခတ်လာရင် ချက်ခြင်း တုန့်ပြန်တတ်ကြသူများ ဖြစ်ကြတယ်။ 

တစ်ချို့ (၀)ကြွင်းဖွား တွေဟာ ဒေါသသိပ်ကြီးတတ်ကြပြီး အမှားတွေ လုပ်မိကာ နောက်မှ နောင်တ ရတတ် ကြတာမျိုး တွေ ဖြစ်တတ်ပါတယ်။
(၀)ကြွင်းတွေဟာ များသောအားဖြင့် စိတ်ထားကောင်းပြီး သူတစ်ပါးအပေါ်မှာ သနားကြင်နာ လွယ်သူတွေ ဖြစ်ကြပေမယ့် စိတ်နုတာ၊ မခံချင်စိတ် ကြီးမားလွယ်တာ၊ အထင်လွဲလွယ်တာ၊ သဘောထားမကြီးတာ တွေဟာ အားနည်းချက်တွေ ဖြစ်နေတတ်တယ်။

Wednesday, January 6, 2010

(၆)ကြွင်း မဟာဘုတ်ဖွားများ၏ ယေဘူယျဝိသေသ လက္ခဏာများ


ကိုယ့်ရဲ့ မြန်မာသက္ကရာဇ်ကို (၇) နဲ့ စားပြီး ကြွင်းသော ဂဏန်းသည် (၆) ဖြစ်ပါက (၆)ကြွင်းဖွားများဟု သတ်မှတ်ပါသည်။ မြန်မာသက္ကရာဇ် မသိပါက ကိုယ်မွေးတဲ့ ခရစ်နှစ်ထဲမှ (၆၃၈)ဂဏန်းကို နုတ်လိုက်လျှင် မြန်မာသက္ကရာဇ် ရပါသည်။ အကယ်၍ ကိုယ်မွေးရက် မွေးလသည် မြန်မာနှစ်ဆန်း တစ်ရက်နေ့ မတိုင်မှီ ဖြစ်ပါက (၆၃၉) ဂဏန်းကို နုတ်ရပါမယ်။ မြန်မာနှစ်ဆန်း တစ်ရက်နေ့ မှ ဒီဇင်ဘာ (၃၁)အတွင်း မွေးလျှင် (၆၃၈)ဂဏန်းကို နုတ်ရပါမယ်။

(၆)ကြွင်းဟာ အကြွင်း (၇)ခုထဲမှာ ဘဝလောကဓံလှိုင်း အများဆုံးရိုတ်ခတ်ခံရတဲ့ အကြွင်းတစ်ခု ဖြစ်တယ်လို့ ဆိုနိုင်ပါတယ်။ (၆)ကြွင်းတွေဟာ မွေးလာပြီဆိုကတည်းက ဘဝလောကဓံနဲ့ ရင်ဆိုင်ကြရပါတော့တယ်။ တစ်ချို့ဆိုရင် ကိုယ်ဝန်ရှိစဉ် အခါကတည်းက မိခင်၊ ဖခင်ဖြစ်သူများမှာ အိမ်ထောင်ရေး၊ စီးပွားရေး တွေ အဆင်မပြေကြပါဘူး။ သူတို့ မွေးဖွားလာတဲ့အချိန် (သို့မဟုတ်) မွေးဖွားပြီး မကြာချိန်မှာဘဲ မိဘတွေမှာ လောကဓံလှိုင်းနဲ့ တွေ့ရတတ်ပါတယ်။ အိမ်ထောင်ရေး အဆင်မပြေဖြစ်မယ်။ စီးပွားကျ၊ ရာထူးကျမယ်၊ အိမ်ထောင်ကွဲမယ်။ ကိုယ်ကိုယ်တိုင် ကျန်းမာရေး ထိခိုက်ကြမယ်။ အရွယ် ရောက်လာရင် ရန်သူများမယ်။ အတိုက်အခံများမယ်။ လုပ်ကြံချောက်တွန်းမယ့်သူများမယ်။ ဒါတွေဟာ (၆)ကြွင်းဖွားတွေမှာ အများဆုံးတွေ့ရတတ်ပါတယ်။

Tuesday, January 5, 2010

(၅)ကြွင်း မဟာဘုတ်ဖွားများ၏ ယေဘူယျဝိသေသ လက္ခဏာများ


ကိုယ့်ရဲ့ မြန်မာသက္ကရာဇ်ကို (၇) နဲ့ စားပြီး ကြွင်းသော ဂဏန်းသည် (၅) ဖြစ်ပါက (၅)ကြွင်းဖွားများဟု သတ်မှတ်ပါသည်။ မြန်မာသက္ကရာဇ်မသိပါက ကိုယ်မွေးတဲ့ ခရစ်နှစ်ထဲမှ (၆၃၈)ဂဏန်းကို နုတ်လိုက်လျှင် မြန်မာသက္ကရာဇ် ရပါသည်။ အကယ်၍ ကိုယ်မွေးရက်မွေးလသည် မြန်မာနှစ်ဆန်း တစ်ရက်နေ့ မတိုင်မှီဖြစ်ပါက (၆၃၉) ဂဏန်းကို နုတ်ရပါမယ်။ မြန်မာနှစ်ဆန်း တစ်ရက်နေ့မှ ဒီဇင်ဘာ (၃၁) အတွင်း မွေးလျှင် (၆၃၈)ဂဏန်းကို နုတ်ရပါမယ်။ 

(၅)ကြွင်းဖွားတွေကတော့ အကြွင်းအားလုံးထဲမှာ နဲနဲ ထူးခြားတဲ့သူတွေ ဖြစ်ပါတယ်။ သူတို့ဟာ ကိုယ်ခန္ဓာတည်ဆောက်ပုံအရ အရပ်အမောင်း သိပ်မြင့်မား တာ မတွေ့ရတတ်ဘူး။ အသက် (၄ဝ) ကျော်လာရင် ကိုယ်ခန္ဓာ ဝဖြိုးလာတတ် တယ်။ များသောအားဖြင့် ဥပတိရုပ် ကောင်းကြတယ်။ ရုပ်ချောတာ၊ မချောတာ ထက် ခန့်ညားမှုရှိပြီး လူအထင်ကြီးလွယ်တတ်တဲ့ ဥပတိရုပ်မျိုးတွေ ရှိတတ်တယ်။ (ချွင်းချက်= အသက် (၄ဝ)ကျော်လို့မှ ဝဖြိုးမှု ရှိမလာတဲ့ (၅)ကြွင်းဖွားများဟာ ကျန်းမာရေးထိခိုက်မှုသော်၎င်း ၊ စီးပွားရေး အဆင်မပြေမှုသော်၎င်း ဖြစ်နေကြတာကို အတွေ့ရများတတ်ပါတယ်)

Monday, January 4, 2010

(၄)ကြွင်း မဟာဘုတ်ဖွားများ၏ ယေဘူယျဝိသေသ လက္ခဏာများ


ကိုယ့်ရဲ့ မြန်မာသက္ကရာဇ်ကို (၇) နဲ့ စားပြီး ကြွင်းသော ဂဏန်းသည် (၄) ဖြစ်ပါက (၄)ကြွင်းဖွားများဟု သတ်မှတ်ပါသည်။ မြန်မာသက္ကရာဇ်မသိပါက ကိုယ်မွေးတဲ့ ခရစ်နှစ်ထဲမှ (၆၃၈)ဂဏန်းကို နုတ်လိုက်လျှင် မြန်မာသက္ကရာဇ် ရပါသည်။ အကယ်၍ ကိုယ်မွေးရက်မွေးလသည် မြန်မာနှစ်ဆန်း တစ်ရက်နေ့ မတိုင်မှီဖြစ်ပါက (၆၃၉)ဂဏန်းကို နုတ်ရပါမယ်။ မြန်မာနှစ်ဆန်း တစ်ရက်နေ့မှ ဒီဇင်ဘာ (၃၁) အတွင်း မွေးလျှင် (၆၃၈)ဂဏန်းကို နုတ်ရပါမယ်။ 

(၄)ကြွင်းဖွားမှန်ရင် လူမှုဆက်ဆံရေး ကောင်းမယ်။ ပါးနပ်လိမ္မာမယ်။ အပေါင်း အသင်းဆန့်မယ်။ လူသိ အလွန်များတယ်။ ဘယ်လို လူမျိုးနဲ့မဆို ပေါင်းနိုင် သင်းနိုင်တယ်။ စကားပြောလည်း အလွန် လိမ္မာပါးနပ်မယ်။ လူကဲခပ် အလွန် ကောင်းတယ်။ လူကောင်းလူဆိုး ချက်ခြင်း သိနိုင်စွမ်းရှိတတ်တယ်။ ဖြောင်းဖြ ပြောဆိုတတ်တယ်။ 

Sunday, January 3, 2010

(၃)ကြွင်း မဟာဘုတ်ဖွားများ၏ ယေဘူယျဝိသေသ လက္ခဏာများ

ကိုယ့်ရဲ့ မြန်မာသက္ကရာဇ်ကို (၇) နဲ့ စားပြီး ကြွင်းသော ဂဏန်းသည် (၃) ဖြစ်ပါက (၃)ကြွင်းဖွားများဟု သတ်မှတ်ပါသည်။ မြန်မာသက္ကရာဇ်မသိပါက ကိုယ်မွေးတဲ့ ခရစ်နှစ်ထဲမှ (၆၃၈)ဂဏန်းကို နုတ်လိုက်လျှင် မြန်မာသက္ကရာဇ် ရပါသည်။ အကယ်၍ ကိုယ်မွေးရက်မွေးလသည် မြန်မာနှစ်ဆန်း တစ်ရက်နေ့ မတိုင်မှီ ဖြစ်ပါ က (၆၃၉)ဂဏန်းကို နုတ်ရပါမယ်။ မြန်မာနှစ်ဆန်း တစ်ရက်နေ့မှ ဒီဇင်ဘာ (၃၁) အတွင်း မွေးလျှင် (၆၃၈)ဂဏန်းကို နုတ်ရပါမယ်။ 

(၃)ကြွင်းဖွားများသည် မြင့်မားသော ဥပတိရုပ်နှင့် ကြည့်ပျော်ရှုပျော် ရှိကြသော ရုပ်အဆင်းကို ပိုင်ဆိုင်ကြသူများ ဖြစ်ကြသည်။ သူတို့သည် လူအများအကြား တွင် သိသာထင်ရှား ပေါ်လွင်သော ဥပတိရုပ် နှင့် အဆင်းသဏ္ဍန်မျိုး ရှိတတ်ကြသည်။ ဆန့်ကျင်ဘက် လိင် များကို ဆွဲဆောင်နိုင်စွမ်းရှိကြသည်။ အမြဲသွက်လက် ဖြတ်လတ်နေကြသူများ ဖြစ်ပြီး စိတ်အားထက်သန်မှု အလွန် မြင့်မားကြသည်။ 

တိုးတက်ကြီးပွားလိုစိတ် ပြင်းထန်ပြီး အလုပ်ကို မနေမနား လုပ်ကိုင်နိုင်စွမ်း ရှိကြသူ များလည်း ဖြစ်ကြသည်။
(၃)ကြွင်းဖွားများ၏ ငယ်စဉ်ဘဝသည် ခက်ခဲကြမ်းတမ်းကြသည်က ပိုများသည်။ သူတို့ မွေးဖွားလာကြချိန်တွင် မိဘာများ အိမ်ထောင်ရေး ပဋိပက္ခဖြစ်နေချိန်မျိုးသော်၎င်း၊ စီးပွားရေး အဆင်မပြေဖြစ်နေကြချိန်များ ဖြစ်တတ်ကြသည်။ အချို့မှာ မိခင်၊ ဖခင်များ မစုံလင်တော့ဘဲ မိတစ်ကွဲ ဘတစ်ကွဲ ဖြစ်နေတတ်ကြသည်။ မိမိမွေးဖွားပြီး နှစ်အနည်းငယ်အတွင်း မိဘ တစ်ဦးဦး ကွယ်လွန်သွားသော (၃)ကြွင်းများကိုလည်း အများအပြားတွေ့ရတတ်သည်။

Saturday, January 2, 2010

(၂)ကြွင်း မဟာဘုတ်ဖွားများ၏ ယေဘူယျဝိသေသ လက္ခဏာများ


ကိုယ့်ရဲ့ မြန်မာသက္ကရာဇ်ကို (၇) နဲ့ စားပြီး ကြွင်းသော ဂဏန်းသည် (၂)ဖြစ်ပါက (၂)ကြွင်းဖွားများဟု သတ်မှတ်ပါသည်။ မြန်မာသက္ကရာဇ်ကို မသိပါက ကိုယ်မွေး သော ခရစ်ခုနှစ်ထဲမှ (၆၃၈) ဂဏန်းကို နုတ်လိုက်လျှင် မြန်မာသက္ကရာဇ်ကို ရပါသည်။ အကယ်၍ ကိုယ့် မွေးရက် မွေးလသည် မြန်မာ နှစ်ဆန်း တစ်ရက်နေ့ မတိုင်မှီဖြစ်လျှင် (၁)တိုးပြီး (၆၃၉)ဂဏန်းကို နုတ်ရပါမယ်။ မြန်မာနှစ်ဆန်း တစ်ရက်နေ့မှ ဒီဇင်ဘာ (၃၁)အတွင်းမွေးလျှင် (၆၃၈)ဂဏန်းကို နုတ်ရပါမယ်။ 

(၂)ကြွင်းဖွားများသည် ခန့်ငြားပေါ်လွင်သော ရုပ်ရည်၊ ဥပတိရုပ်မျိုး ရှိတတ် သည်။ များသောအားဖြင့် အရပ်အမောင်းမြင့်မားပြီး မျက်လုံးအကြည့် စူးရှ တောက်ပြောင် သည်။ လူချစ်လူခင်များတတ်ပြီး အပေါင်း အသင်း မိတ်ဆွေ ပေါများတတ်သည်။ မိမိ မိတ်ဆွေအပေါင်းအသင်းများပေါ်တွင် အလွန်အနစ်နာ ခံပြီး ပေါင်းသင်းတတ် လေသည်။
(၂)ကြွင်းဖွားများသည် လူတိုင်းအတွက် အပေါင်းအဖော်ကောင်း၊ မိတ်ကောင်းဆွေကောင်းများ ဖြစ်တတ်ကြသည်။ သို့သော် သူတို့သည် ခေါင်းမာသည်။ တစ်ယူသန်ဆန်သည်။ သူတစ်ပါး၏ အကြံပြုချက်များကို လက်မခံတတ်ဘဲ မိမိအယူအဆကိုသာ ရှေ့တန်းတင် လိုကြသူများဖြစ်ကြသည်။ မိမိလုပ်ချင်ရာကို တစ်ဇွတ်ထိုး လုပ်တတ်သည်။ တတ်သိနားလည်သူတို့၏ အကြံပေးချက်ကို လိုက်နာမှုမရှိဘဲ မိမိအယူအဆအတိုင်း တစ်ဇွတ်ထိုး လုပ်တတ်မှုကြောင့် ဘဝတွင် ဆုံးရှုံးမှု နှင့် အမှားများ မကြာခဏ ကြုံရတတ်သည်။

Friday, January 1, 2010

(၁)ကြွင်း မဟာဘုတ်ဖွားများ၏ ယေဘူယျဝိသေသလက္ခဏာများ

ကိုယ့်ရဲ့ မြန်မာသက္ကရာဇ်ကို (၇) နဲ့ စားပြီး ကြွင်းသော ဂဏန်းသည် (၁) ဖြစ်ပါက (၁)ကြွင်းဖွားများဟု သတ်မှတ်ပါသည်။ မြန်မာသက္ကရာဇ်မသိပါက ကိုယ်မွေးတဲ့ ခရစ်နှစ်ထဲမှ(၆၃၈)ဂဏန်းကို နုတ်လိုက်လျှင် မြန်မာသက္ကရာဇ်ကို ရရှိပါသည်။ အကယ်၍ ကိုယ်မွေးရက်မွေးလသည် မြန်မာနှစ်ဆန်း တစ်ရက်နေ့ မတိုင်မှီ ဖြစ်ပါက (၆၃၉)ဂဏန်းကို နုတ်ရပါမယ်။ မြန်မာ နှစ်ဆန်း တစ်ရက်နေ့မှ ဒီဇင်ဘာ (၃၁)အတွင်း မွေးလျှင် (၆၃၈) ဂဏန်းကို နုတ်ရပါမယ်။

(၁)ကြွင်းဖွားများသည် ရုပ်ပိုင်းအနေဖြင့် ကျန်းမာကြံ့ခိုင်သန်စွမ်းသော ပုံစံမျိုး ရှိတတ်သည်။ ကိုယ်ခန္ဓာသည် လေးဒေါင့်ဆန်ပြီး ကျယ်ပြန့်သော ပုခုံးပြင်များ၊ အနည်းငယ် တိုတောင်းဟန်ရှိသော ခြေတန် လက်တန်များ ရှိတတ်သည်။ အသားအရေ ကြမ်းတမ်းတတ်သည်။ (အကယ်၍ ကိုယ်ခန္ဓာ ပိန်ပါးလျှင် ကျန်းမာရေး မကောင်းတတ်ပါ) စကားပြောလျှင် အသံကို ကျယ်လောင်စွာ ပြောတတ်သည် (Tone မြင့်သည်)။ 

စကားကို ကွေ့ဝိုက် မပြောတတ်ဘဲ လိုရင်း တိုရှင်း ပြောတတ်သည်။ စကားပြော တိုတောင်းသည်။ မာန်မာနကြီးသည်။ သည်းခံစိတ်နည်းပါးသည်။ မိမိအမှားကို ဝန်ခံရန် ဝန်လေးတတ်သည်။ သူတပါးကို အောက်ကြို့လိုစိတ်မရှိ။ အရာရာကို ကိုယ့်ခြေကိုယ့်လက် လုပ်လိုသည်။ သူတစ်ပါး ဝင်ရောက် စွက်ဖက်သည်ကို မကြိုက်တတ်ပါ။

Wednesday, October 14, 2009

နာမည်သည် နောက်ဆုံးအဖြေလော ?

twins16
.
ကျွန်တော့်ရဲ့ ဘလော့ဂ်ကို ၀င်ရောက်ဖတ်ရှု နေသူတွေ အတွက် ယနေ့မှာတော့ အလွန်စဉ်းစားဖို့ကောင်းတဲ့ ဆောင်းပါးလေး တစ်ခုကို တင်ပြ ဆွေးနွေး ချင်ပါတယ်။
ဗေဒင်ပညာဆိုရာ ရှေ့ဖြစ်ဟော အတတ်ပညာတစ်ခုဖြစ်ပြီး ကမ္ဘာပေါ်မှာ လူမျိုးအလိုက်၊ ဒေသအလိုက် သူ့မူနဲ့သူ ကွဲပြားခြားနားမှုတွေတော့ ရှိနေကြ တာကို တွေ့ရပါလိမ့်မယ်။ 

သူနိုင်ငံ သူလူမျိုးနဲ့ ဆိုင်ရာဆိုင်ရာ ဗေဒင်ပညာမျိုးစုံ ရှိကြတာ ချည်းပါဘဲ။ ဗေဒင်ပညာမရှိတဲ့ လူမျိုးရယ်လို့ မရှိလောက်ပါဘူး။ တောင်အမေရိက၊ အာဖရိက တိုက်တွေက တောနက်တွေထဲမှာ  နေထိုင်ကြတဲ့ လူရိုင်းမျိုးနွယ်တွေတောင်မှ သူတို့ ရိုးရာ ဗေဒင်တွေ ရှိကြပါတယ်။

ကမ္ဘာမှာ လူဦးရေ အများဆုံးဖြစ်တဲ့ “တရုတ်” လူမျိုးတွေမှာ “သတ္တ၀ါ(၁၂)ကောင်” ကို ကိုယ်စားပြုတဲ့ (၁၂)ရာသီခွင် ဗေဒင်ပညာနဲ့  “ယိချင်း” ဗေဒင်ပညာတို့ဟာ ထင်ရှားပါတယ်။ အိန္ဒိယကတော့ “အရှေ့တိုင်း နက္ခတ်ဗေဒင်” ပညာပေါ့။ 

Friday, September 25, 2009

ဆရာတော်နှစ်ပါး၏ ကံကြမ္မာ ၀ဋ်ကြွေး

.
ဒီနှစ် (2009)ခုနှစ် ဇွန်လပိုင်း (4) ရက်နေ့တုန်းက မြန်မာနိုင်ငံ အထက်ပိုင်း မုံရွာမြို့အနီးမှာရှိတဲ့ “ဗောဓိတစ်ထောင်” ဘုရားမှာရှိတဲ့ ကမ္ဘာ့အကြီးဆုံး ရပ်တော်မူ ရုပ်ပွားတော်ကြီးရဲ့ ဓာတ်လှေကား မတော်တဆမှုကြောင့် မြန်မာနိုင်ငံမှာ အလွန်ထင်ရှား ကျော်ကြားလှတဲ့ ဆရာတော်(၂)ပါး ထိခိုက် ဒဏ်ရာ ရခဲ့ကြတာကို အများပြည်သူတွေ ကြားသိလိုက်ကြမှာပါ။ 

အဲဒီ ဆရာတော် (၂)ပါး ကတော့ “ရွှေပါရမီတောရဆရာတော် အရှင်ဆန္ဒာဓိက” နဲ့ “အရှင်ရာဇိန္ဒ (ခ) ရဝေနွယ်(အင်းမ) တို့ဘဲဖြစ်ကြပါတယ်။ ဒီသတင်းကို ကြားလိုက်ရချိန်မှာ စာရေးသူရဲ့ စိတ်ထဲမှာ အလွန်စိုးရိမ်ခဲ့ရပြီး အလွန်လဲ စိတ်မကောင်းခြင်းဖြစ်ရပါတယ်။ ကျွန်တော်ဟာ ဆရာတော်(၂)ပါး လုံးရဲ့ စာဖတ် ပရိတ်သတ် တစ်ဦးဖြစ်ပြီး ဆရာတော် (၂)ပါးလုံးကို ပရိယတ်၊ ပဋိပတ် အကျင့်စရဏ တွေကြောင့်ရော၊ စာပေ အရေးအသား ထူးချွန် ပြောင်မြောက် လှမှုတွေကြောင့်ရော အလွန်ကြည်ညိုသူ ဥပသကာ တစ်ဦး ဖြစ်ပါတယ်။ 

Friday, September 18, 2009

ချစ်ဖို့ကောင်းတဲ့ မြန်မာ့ဟူးရားဗေဒင် (မဟာကာလကြီး) (၂)


ပြီးခဲ့တဲ့ ဖေဖေါ်ဝါရီလတုန်းက ချစ်ဖို့ကောင်းတဲ့ မြန်မာ့ဟူးရား ဗေဒင် ကို ရေးခဲ့ပြီး ဟူးရား ဗေဒင်နဲ့ ပတ်သက်လို့ နောက်ထပ် ရေးချင်စိတ် ပေါ်လာတဲ့ အတွက် ယခင် ဆောင်းပါးကို အမှတ် (၁) လုပ်လိုက်ပြီး ယခုဆောင်းပါးကို အမှတ် (၂)ဆိုပြီး တပ်လိုက်ပါတယ်။ ယခင် ဆောင်းပါး အမှတ် (၁)ကို မဖတ်ရသေးသူများ ဒီနေရာ ကနေ Link နဲ့ သွားနိုင်ပါတယ်။ ဖတ်ချင်ရင် ဒီနေရာကိုClick လုပ်ပါ။ 

ပထမ ဆောင်းပါးမှာ ပြောခဲ့သလိုဘဲ ဟူးရားဗေဒင်ပညာဟာ ပေါ့ပါးလွယ်ကူ တယ်။ မွေးရက် မွေးနာရီ မသိသူတွေ အတွက် အလွန်အဆင်ပြေတယ်။ သံဒိဌာန် ပြက္ခဒိန် ထဲက ဂြိုဟ်တွေကို အကြမ်းမှတ်ထားပြီး “ပြဿနာ မေးခွန်း” ပေါ်လာချိန်မှာ “လဂ်” ကောက် တပ်လိုက်တာနဲ့ ဟူးရားဇာတာခွင်တစ်ခု ရလာပြီ။ ဟောလို့ရပြီ။

အခု ကျွန်တော်ကိုယ်တိုင် တီထွင်ပြီး အသုံးပြုနေတဲ့ “ဟူးရား-မဟာကာလကြီး” ကျတော့ ဘာ “သံဒိဌာန်ပြက္ခဒိန်” မှ မလိုတော့ဘူး။ တနင်္ဂနွေဂြိုဟ် ဘယ်ရာသီမှာ ရှိတယ်ဆိုတာ မှတ်ထားရုံဘဲ။ တနင်္ဂနွေဂြိုဟ် ရာသီခွင် တစ်ခုကနေ တစ်ခုကို ပြောင်းတဲ့ (၁၆)ရက် (၁၇)ရက် ၀န်းကျင်ဘဲ သတိ ထားရတယ်။ ကျန်တဲ့ ရက်တွေအတွက် ဘယ်ရာသီမှာ ရှိတယ်ဆိုတာ သိရင် ရပြီ။ အခုဆိုရင် ကနေ့ဘဲ တနင်္ဂနွေဂြိုဟ် “ကန်ရာသီ” ကို ပြောင်းသွားပြီ။  

Tuesday, September 15, 2009

အကြွေစောတဲ့ ပက်ထရစ်ဆွေဇီ


ယနေ့ နံနက် သတင်းထဲမှာ ကမ္ဘာကျော် “Ghost” ဇာတ်ကားနဲ့ နာမည်ကျော်ခဲ့တဲ့ မင်းသား “ပက်ထရစ် ဆွေဇီ”  တစ်ယောက် ကွယ်လွန် သွားရရှာပါပြီ။ ဒီဇာတ်ကားထဲမှာတော့ သူဟာ မမျှော်လင့်ဘဲ အသတ်ခံ လိုက်ရလို့ “တစ္ဆေဘ၀” ကို ရောက်သွားပြီး“ကောင်းမှု နဲ့ မကောင်းမှု” တို့ရဲ့ အားပြိုင်မှုကို လူသားတွေ သံဝေဂ ရအောင် ရိုက်ကူးသွားလို့ ကမ္ဘာကျော်ခဲ့ရတဲ့ ဇာတ်ကား တစ်ကားပါ။ ပြီးခဲ့တဲ့ ရက်ပိုင်းတွေကဘဲ TV-5 ကနေ “Ghost” ဇာတ်ကား ပြန်လာလို့ ကြည့်လိုက် ရပါသေးတယ်။ အခုတော့ သူ တစ်ကယ် ကွယ်လွန်သွားရ ရှာပါပြီ။

မင်းသား “ပက်ထရစ်ဆွေဇီ” ကို 1952 ခုနှစ် သြဂုတ်လ (18) ရက်နေ့မှာ  အမေရိကန်နိုင်ငံ Texas ပြည်နယ် Houston မြို့မှာ မွေးဖွားခဲ့ပါတယ်။ ယခု သူကွယ်လွန်ချိန်မှာ အသက် (57)ပြည့်ပြီး (58) ထဲကို ၀င်ရောက်လာချိန် ဖြစ်ပါတယ်။ မြန်မာ့ရိုးရာ မဟာဘုတ် သက္ခတ်မှာတော့ “အင်္ဂါသက္ခတ်” ထဲမှာ ရောက်နေ ချိန်ဖြစ်ပါတယ်။ အင်္ဂါ၊ ဗုဒ္ဓဟူး၊ စနေ သက္ခတ်တွေဟာ မကောင်းတဲ့ သက္ခတ်တွေဖြစ်တယ်ဆိုတာ ကျွန်တော့် ပို့စ်ထဲက “ဒုက္ခပေးတဲ့ အင်္ဂါ၊ ဗုဒ္ဓဟူး၊ စနေ” ဆောင်းပါးမှာ ပြန်ကြည့်နိုင်ပါတယ်။ 

ကိုယ် ဘယ်သက္ခတ်ထဲ ရောက်နေတယ် ဆိုတာကြည့်ချင်ရင်တော့ “သက္ခတ်အလွယ်ကြည့်နည်း နှင့် ယတြာများ” ကို Download လုပ်ပြီး ဖတ်ကြည့် နိုင်ပါတယ်။

သူဟာ မဟာဘုတ် အကြွင်းဖွားအရ (၀)ကြွင်းဖွားဖြစ်ပြီး တနင်္လာ (သိုက်ဖွား) ဖြစ်ပါတယ်။ ယခု ရောက်ရှိနေတဲ့ “အင်္ဂါ” သက္ခတ်ဟာ နဂိုကတည်းက ဒုက္ခ ပေးတတ်တဲ့ ဂြိုဟ်ဖြစ်တဲ့အပြင် မဟာဘုတ်ခွင်မှာ “မရဏ” ခွင်မှာ ရှိတဲ့ဂြိုဟ်ဖြစ်လို့ ဆိုးအား ပြင်းထန်ပါတယ်။

လူသားတွေကို ဒုက္ခပေးတတ်တဲ့ “အင်္ဂါ၊ ဗုဒ္ဓဟူး၊ စနေ” ဂြိုဟ် (၃)လုံးရှိတဲ့အနက် (၀)ကြွင်း မဟာဘုတ် သမားတွေမှာ စနေ(၀) နဲ့ အင်္ဂါ (၃) တို့ဟာ “ဘင်္ဂ” နဲ့ “မရဏ” ဌာနမှာ ရှိကြလို့ ခံစရာရှိရင် အခြားအကြွင်းဖွားတွေထက် ပိုခံရတတ်ပါတယ်။  

ကျွန်တော်ကိုယ်တိုင် 1962 နှစ်ခု ဧပြီလ ဖွားဖြစ်လို့ (၀) ကြွင်းသမားဘဲဖြစ်ပါတယ်။ ဒါကြောင့် ကိုယ့်ဘ၀မှာ ကျန်းမာရေး အသည်းအသန်ဖြစ်တဲ့နှစ်တွေ ၊ စီးပွားရေး ကသောင်းကနင်းဖြစ်တဲ့ နှစ်တွေကို ပြန်လေ့လာ ကြည့်ရင် “အင်္ဂါ နဲ့ စနေ” သက္ခတ် မှာဘဲ များပါတယ်။

အခုလည်း (၀)ကြွင်းသမားဖြစ်တဲ့ “ပက်ထရစ် ဆွေဇီ” ဟာ “အင်္ဂါသက္ခတ်” ထဲမှာ ကွယ်လွန်သွားရရှာပါပြီး။ ဒါကြောင့် “မဟာဘုတ် နဲ့ သက္ခတ်” ပညာဟာ ရိုးရှင်းပေမယ့် အမှန်များတယ်။ တိုက်ဆိုင်မှုများတယ်။ မှန်ကန်မှုအရာမှာ “နက္ခတ်ဗေဒင်” ပညာကြီးတွေထက် အောက်မကျဘူးဆိုတာကို ဒီဆောင်းပါးလေးနဲ့ သက်သေပြလိုက်ပါတယ်။  “ပက်ထရစ် ဆွေဇီ” တစ်ယောက် “Ghost” ဇာတ်ကားထဲကလိုဘဲ မြင့်မြတ်တဲ့ ကောင်းကင်ဘုံနန်းကို ရောက်ရှိနိုင်ပါစေ လို့ ဆုတောင်း ပေးလိုက် ပါတယ်။ အားလုံးကျန်းမာ ချမ်းသာကြပါစေသော်။

ဒေါက်တာတင်ဗိုလ်ဗိုလ် (ကွန်ပျူ-ဗေဒသုခုမ)

Wednesday, September 9, 2009

သင့်နာမည် ပက္ခတ်လွတ်ရဲ့လား ?


မိုက်ကယ်ဂျက်ဆင် နှင့် နာမည်ပက္ခတ်မိခြင်း Click ဆောင်းပါးမှာ နာမည် ပက္ခတ်မိခြင်း အကြောင်းကို ပဏာမ ဖော်ပြခဲ့ဘူးပြီး ဆက်ရေးဖို့ ကျန်နေပါတယ်။ နာမည်ပေး ဗေဒင်ပညာနဲ့ ပတ်သက်ပြီး ကျွန်တော် လေ့လာခဲ့တဲ့ သက်တမ်း တစ်လျှောက်မှာ ပက္ခတ် မိခြင်းဟာ ကျန်တဲ့ နာမည် အမှားတွေထက် ဆိုးကျိုး အလွန်ပေးနိုင်တာကို သတိထား မိလာ ခဲ့ပါတယ်။
အရင်တုန်းကတော့ ပက္ခတ် ကို သိပ်အရေးကြီးလှတယ်လို့ မထင်ခဲ့ ပါဘူး။ ဗေဒင်ကျမ်း တွေမှာလည်း ပက္ခတ် အကြောင်းကို သာမန်မျှလောက်ဘဲ ဖော်ပြနေကြ တာကြောင့် တစ်ချို့ နာမည်ပေး ပညာရှင်တွေဆိုရင် ပက္ခတ်မိနေတဲ့ နာမည်တွေကို ပေးနေကြ တာကို တွေ့မြင်နေရပါ တယ်။
.
“ပက္ခတ်”သို့မဟုတ် “ပက္ခ”ဆိုတာ ပဋိပက္ခ ဖြစ်ခြင်း အဓိပ္ပါယ်ကို ဆိုလိုပါတယ်။ နာမည် တစ်ခုရဲ့ ရှေ့ဆုံး နေ့နံ နဲ့ နောက်ဆုံး နေ့နံဟာ “ပက္ခတ်” မိနေတယ်ဆိုရင် ဘဝတစ်ချိန်ချိန်မှာ -

= မတော်တဆ ထိခိုက်ဒဏ်ရာရခြင်း၊ သွေးထွက်သံယိုဖြစ်ခြင်း၊ မပျောက်နိုင်သော နာတာရှည်ရောဂါကြီးများရခြင်း(ဥပမာ- ဆီးချိုရောဂါ)

Friday, June 26, 2009

Pop ဘုရင်ကြီး မိုက်ကယ်ဂျက်ဆင် နှင့် နာမည်ပက္ခတ်မိခြင်း


(လူသားအားလုံးကို နှုတ်ဆက်ခဲ့ပါတယ်။ ဘယ်လောက်ဘဲ နာမည်ကြီးကြီး၊ ချမ်းသာချမ်းသာ၊ သြဇာ ကြီးကြီး နောက်ဆုံးမှာတော့ ကျွန်တော့်လိုဘဲ “မရဏ” ဆိုတဲ့ သေခြင်းတရားနဲ့ ရင်ဆိုင်ကြရမယ်ဆိုတာ သတိရပြီး နေရစ် ခဲ့ကြပါ။ ကျွန်တော်ရဲ့ အောင်မြင်မှု၊ ကျော်ကြားမှု၊ ချမ်းသာကြွယ်ဝမှု တွေကို ဘာတစ်ခုမှ ယူမသွား နိုင်ခဲ့ပါဘူး။
အားလုံးထားရစ်ခဲ့ရပါတယ်။ ကျွန်တော် ယူသွား နိုင်တာကတော့ ကျွန်တော်လုပ်ခဲ့တဲ့ “ကုသိုလ် နဲ့ အကုသိုလ်” ဆိုတဲ့ အရာ(၂)ခုတည်းပါ။ ဘုရားသခင်ရဲ့ ရှေ့မှောက်မှာ ကျွန်တော့်ရဲ့ ကုသိုလ် နဲ့ အကုသိုလ်ကို ချိန်ခွင်လျှာတင်ပြီး အစစ်ဆေးခံရပါဦးမယ်။ ကောင်းကင်ဘုံ မှာဘဲ နေခွင့်ပြုမလား၊ ငရဲဘုံကို အပို့ခံရမလားဆိုတာ ကျွန်တော် မသိသေး ပါဘူး။
ဘာမှ ရေရာမှုမရှိတဲ့ တိုတောင်းလှတဲ့ လူ့ဘဝမှာ လူတိုင်းလူတိုင်း ကြုံတွေ့ရမယ့် “သေခြင်းတရား”ကို အမြဲအမှတ်ရ နေကြပြီး၊ တမလွန်မှာ ကိုယ်နဲ့အတူ အမှန်တကယ်ယူဆောင်သွားရမယ့် ကုသိုလ်တရားကိုသာ များများယူသွားနိုင်အောင် ကြိုးစားပြီး နေရစ်ခဲ့ကြပါတော့ ခင်ဗျား။ – - – (မိုက်ကယ်ဂျက်ဆင်))
.
ဒီကနေ့နံနက်သတင်းမှာ Pop ဘုရင်ကြီး မိုက်ကယ်ဂျက်ဆင် ရုတ်တရက်ကွယ်လွန်သွားတယ်ဆိုတဲ့ သတင်းကို ကြားလိုက်တော့ စိတ်မကောင်းခြင်း နဲ့အတူ “နာမည်ပက္ခတ်မိနေသူ” ကမ္ဘာကျော် တစ်ဦးတော့ သွားရှာပြန်ပေါ့လို့လည်း သံဝေဂရလိုက်ပါတယ်။ လွန်ခဲ့တဲ့ နှစ်အနည်းငယ်က Discovery Channel မှာ သရုပ်ဆောင်လူစွမ်းကောင်းတစ်ဦးဖြစ်တဲ့ “စတိအာဝင်” ကွယ်လွန်သွားခဲ့စဉ်ကလည်း ဒီလိုဘဲ စိတ်မကောင်း ဖြစ်ခဲ့ရပါတယ်။

Saturday, May 30, 2009

အင်္ဂ၀ိဇ္ဇာ အချိန်ပိုင်း အယူအဆကွဲများ


ကိုသိန်းဖေသည် ကျွန်ုပ်ထံသို့ မကြာခဏ လာရောက်ခါ ဗေဒင်ပညာနှင့် ပတ်သက်ပြီး လေ့လာပညာယူ နေသူ တစ်ဦးဖြစ်လေသည်။ ကျွန်ုပ်၏ ဘလော့တွင်ကိုလည်း အင်တာနက်တွင် ပုံမှန် ဖတ်ရှု နေသူတစ်ဦးလည်း ဖြစ်လေသည်။ ယနေ့သည် တနင်္ဂနွေနေ့ဖြစ်ပြီး ကျွန်ုပ်၏ အားလပ်ရက် ဖြစ်သောကြောင့် စောစောစီးစီး ပေါက်ချ လာလေသည်။

ကျွန်ုပ်။ ။ လာဗျို့။ ကိုသိန်းဖေ ဒီမှာ ရေနွေးကြမ်းနဲ့ ငါးကြော် မြီးကြရအောင်။ ကဲ – ဆို ။ ဘာသိချင်ပြန်ပြီလည်း။

သိန်း။ ။ ဒီလိုဆရာ။ ဟိုတစ်နေ့က မန်ယူ နဲ့ ဘာကာပွဲကို ဆရာတွက်ထားတာ မဟာကာလဆိုပေမဲ့ ကျွန်တော် ချကြည့်တော့ ဆရာ့ခွင်အတိုင်း မဝင်ဘူးဖြစ်နေတယ်။ အဲဒါပါ။ (၂၄)ခါ ပိုင်းကို ဘယ်လိုပိုင်းပါသလဲဆရာ။

ကျွန်ုပ်။ ။အေးဗျ။ မဟာကာလမှာလည်း အချိန်ပိုင်းပုံနဲ့ ပတ်သတ်ပြီး အယူအဆအမျိုးမျိုးကွဲနေကြတယ်။ ကျွန်တော်လည်း နည်းလမ်းစုံကို လေ့လာကြည့်တယ်။ မူလပထမအယူ အဆကတော့ နေ့ပိုင်း (၈)ခါ၊ ညပိုင်း (၈)ခါ – တစ်နေ့ကို (၁၆)ခါပိုင်းပေါ့ဗျာ။ တစ်ချိန်ကို တစ်နာရီခွဲယူတယ်ဆိုတာတော့ ကိုသိန်းဖေ သိပြီးဖြစ်မှာပါ။ နောက်တစ်ခုက သာမည ဆရာတော်ကြီးရဲ့ နည်းလို့ လူသိများတဲ့ (၅)ခါပိုင်းစနစ်။ ဒါကတော့ အသုံးနည်းပါတယ်။