Saturday, May 30, 2009

အင်္ဂ၀ိဇ္ဇာ အချိန်ပိုင်း အယူအဆကွဲများ


ကိုသိန်းဖေသည် ကျွန်ုပ်ထံသို့ မကြာခဏ လာရောက်ခါ ဗေဒင်ပညာနှင့် ပတ်သက်ပြီး လေ့လာပညာယူ နေသူ တစ်ဦးဖြစ်လေသည်။ ကျွန်ုပ်၏ ဘလော့တွင်ကိုလည်း အင်တာနက်တွင် ပုံမှန် ဖတ်ရှု နေသူတစ်ဦးလည်း ဖြစ်လေသည်။ ယနေ့သည် တနင်္ဂနွေနေ့ဖြစ်ပြီး ကျွန်ုပ်၏ အားလပ်ရက် ဖြစ်သောကြောင့် စောစောစီးစီး ပေါက်ချ လာလေသည်။

ကျွန်ုပ်။ ။ လာဗျို့။ ကိုသိန်းဖေ ဒီမှာ ရေနွေးကြမ်းနဲ့ ငါးကြော် မြီးကြရအောင်။ ကဲ – ဆို ။ ဘာသိချင်ပြန်ပြီလည်း။

သိန်း။ ။ ဒီလိုဆရာ။ ဟိုတစ်နေ့က မန်ယူ နဲ့ ဘာကာပွဲကို ဆရာတွက်ထားတာ မဟာကာလဆိုပေမဲ့ ကျွန်တော် ချကြည့်တော့ ဆရာ့ခွင်အတိုင်း မဝင်ဘူးဖြစ်နေတယ်။ အဲဒါပါ။ (၂၄)ခါ ပိုင်းကို ဘယ်လိုပိုင်းပါသလဲဆရာ။

ကျွန်ုပ်။ ။အေးဗျ။ မဟာကာလမှာလည်း အချိန်ပိုင်းပုံနဲ့ ပတ်သတ်ပြီး အယူအဆအမျိုးမျိုးကွဲနေကြတယ်။ ကျွန်တော်လည်း နည်းလမ်းစုံကို လေ့လာကြည့်တယ်။ မူလပထမအယူ အဆကတော့ နေ့ပိုင်း (၈)ခါ၊ ညပိုင်း (၈)ခါ – တစ်နေ့ကို (၁၆)ခါပိုင်းပေါ့ဗျာ။ တစ်ချိန်ကို တစ်နာရီခွဲယူတယ်ဆိုတာတော့ ကိုသိန်းဖေ သိပြီးဖြစ်မှာပါ။ နောက်တစ်ခုက သာမည ဆရာတော်ကြီးရဲ့ နည်းလို့ လူသိများတဲ့ (၅)ခါပိုင်းစနစ်။ ဒါကတော့ အသုံးနည်းပါတယ်။

Wednesday, May 27, 2009

ယနေ့ည မန်ယူ နဲ့ ဘာကာ ဘယ်သူနိုင်မလဲ ?

.
ဒီနေ့ညဟာ ချန်ပီယံလိဂ်ရဲ့ နောက်ဆုံးဗိုလ်လုပွဲဖြစ်တဲ့ မန်ယူ နဲ့ ဘာကာ တို့ ကစားကြမယ့် ညပါ။ ဘောလုံးပွဲတွေလည်း မကြည့်ဖြစ်၊ တွက်လည်း မတွက်ဖြစ်တာ ကြာပါပြီ။ ဒီနေ့ညတော့ သူငယ်ချင်းတွေက တဒီးဒီး ဖုန်းဆက်ပြီး မေးကြလွန်းလို့ ကောက်တွက်လိုက်ပြီး ဘလော့ဂ်ပေါ်မှာ ပြာရိပြာယာ တင်လိုက်ပါတယ်။ အနီးကပ် (Hot Spot) ပေါ့။
ဒီ ဇာတာလေးက မြန်မာ့ဗေဒင်ဖြစ်တဲ့ “ဟူးရား မဟာကာလကြီး” နည်းနဲ့တွက်ထား တာပါ။ မန်ယူကို လူတွေက ပိုမို စိတ်ဝင်စားကြလို့ မန်ယူကို မူတည်ပြီး ဇာတာခွင်ချထားတာပါ။ မန်ယူအတွက် ဇာတာပေါ့။လေ့လာကြည့်ပါ။


ဇာတာဖွဲ့ချိန် = ၁၇ နာရီ၊ ၅၇ မိနစ် ၊ ရန်ကုန်မြို့။ (၂၇/ဝ၅/၂ဝဝ၉) / နံပါတ်လဂ် = ၃ဝ

ဇာတာမှာ လဂ်က ဓနုလဂ်။ ဒွေးဒဟ လဂ်ပါ။ ဒွေးဒဟ လဂ်ဆိုကတည်းက သိပ်မကြိုက်တော့ပါဘူး။ ပြဿနာ ဇာတာတွေမှာ ဒွေးဒေဟလဂ် ဟာအားနည်းတဲ့ လဂ်ဖြစ်ပါတယ်။ လဂ်အိမ်ရှင် ကြာသပတေးက (၈)တန့်မှာ ရပ်ပါတယ်။ ဥုစ်တော့ ဥုစ်ပါဘဲ။ ဒါပေမယ့် (၈)တန့် မှာ ဥုစ်ဖြစ်တာ ဆိုးစရာရှိရင်လည်း တအားဆိုးပြီး ကောင်းစရာ ရှိရင်လည်း တအားကောင်းတတ်ပါ တယ်။ ဒါပေမယ့် ဒီဇာတာမှာတော့ ကောင်းစရာ မရှိပါဘူး။

ဟူးရားဇာတာတွေမှာ အလွန်အရေးကြီးတဲ့ (၁၁)တန့် အိမ်ရှင် သောကြာဟာ ရန်အိမ် သိဂ်ရာသီမှာ ရပ်တည်နေပြီး သမသတ်အိမ် ကနေ စနေဂြိုဟ်က မြင်နေတာဟာ အလွန်ဆိုးဝါး စေပါတယ်။ နောက်ပြီး လဂ်ပြီးရင် ဒုတိယအရေးပါတဲ့ စန်း(တနင်္လာ)ဂြိုဟ်ဟာလည်း (၁၂)တန့်ဗျာယ ဘာဝမှာ ဗျာယအိမ်ရှင် အင်္ဂါနဲ့ ပူးနေပါတယ်။ ဒါကြောင့် ကောက်ချက်ချကြည့်ရင် ယနေ့ညအဖို့ မြန်မာနိုင်ငံနဲ့ မြန်မာလူမျိုးတွေ အသဲစွဲ ဖြစ်တဲ့ မန်ချက်စတာ ယူနိုက်တက် အသင်းဟာ ချန်ပီယံလိဂ် ဆုဖလားကြီးကို သိမ်းပိုက်နိုင်ဖို့ အလွန်ခက်ခဲတဲ့ အခြေအနေဖြစ်နေပါတယ်။

‘ဒါကြောင့်မို့ သိမ်းပိုက်ခြင်းသိမ်းပိုက်ရင် ဘာကာဆိုတဲ့ဘာစီလိုနားကသာ သိမ်းပိုက်သွားဖို့ အလားအလာ အလွန်များ နေပါတယ်။ မန်ယူအတွက်တော့ ယနေ့ညအဖို့ ကံမကောင်းနိုင်ပါခင်ဗျား။
.
ကျန်းမာချမ်းသာကြပါစေ။

ဒေါက်တာတင်ဗိုလ်ဗိုလ် (ကွန်ပျူဗေဒသုခုမ)

မှတ်ချက်။               ။ တွက်ချက်ထားသည့်အတိုင်း ဘာကာ (ဘာစီလိုးနား)မှ မန်ယူကို အနိုင်ရရှိပြီး ချန်ပီယံလိဂ် ဖလားကြီးကို ဆွတ်ခူးသွားနိုင်ခဲ့ပါသည်။

Wednesday, February 11, 2009

အင်တူ လက်မျှ ၊ နဂိုပ


မြန်မာတို့ရဲ့ ဓလေ့ရိုးရာတွေထဲမှာ နှစ်သက်စရာကောင်းတဲ့အချက်တစ်ခုရှိပါတယ်။ အဲဒါကတော့ ကိန်းဂဏန်း တွေကို မှတ်သားတဲ့နေရာမှာ “လင်္ကာ” လေးတွေနဲ့ မှတ်သားကြခြင်းဖြစ်ပါတယ်။ “ဥသြအော်မည်၊ ကုန်းဘောင်တည်” ဆိုတာ ၁၁၁၅ ခုနှစ်မှာ ကုန်းဘောင်မင်းဆက်ကို စတင်တည်ထောင် ခဲ့တာကို မှတ်သားခဲ့ကြတာဖြစ်ပါတယ်။
လှည်းဝင်ရိုးသံ တညံညံ၊ ပုဂံဘုရားပေါင်း” ဆိုပြီး ပုဂံပြည်မှာရှိခဲ့တဲ့ စေတီပုထိုးပေါင်းဟာ ၄၄၄၆၇၃၃ခု ရှိတယ်ဆိုတာကို လင်္ကာနဲ့မှတ်သားကြတာ ဖြစ်ပါတယ်။ “ဦးကောင်းလိမ်ထုတ်၊ မင်းဆက်ပြုတ်”ဆိုပြီးတော့လည်း ၁၂၄၇ ခုနှစ်မှာ သီပေါမင်း ပါတော်မူပြီး မြန်မာ့ထီးနန်းဆက် ပျက်သုန်းသွားတာကို မှတ်သားကြတာဖြစ်ပါတယ်။ ဒီလိုမှတ်သားနိုင်ဖို့-
.
တနင်္ဂနွေ (အ၊ဥ) ဆိုရင် (၁)ဂဏန်း

Monday, February 9, 2009

ချစ်ဖို့ကောင်းတဲ့ မြန်မာ့ဟူးရားဗေဒင် (မဟာကာလကြီး) (၁)

astro clock
.
ဟူးရားဗေဒင်ဆိုတာ မွေးသက္ကရာဇ်၊ မွေးနေ့၊ မွေးချိန်မလိုဘဲ လက်ရှိ ရောက်နေတဲ့ အချိန်ပေါ်မှာ မူတည်ပြီး ဇာတာဖွဲ့၊ လက်တပ်ပြီး ဟောပြော တဲ့ပညာဖြစ်တယ်။ အင်္ဂလိပ်ကို (Horary Astrology) လို့ ခေါ်ပါတယ်။ Hora ဆိုတာ Hour (နာရီအချိန်) ကနေ ဆင်းသက် လာတာ ဖြစ်တယ်။ လက်ရှိအချိန်နာရီကို မူတည်ပြီး ဇာတာဖွဲ့ထားတာ ဖြစ်တဲ့အတွက် ဒီလို တွက်ချက် ဟောပြောတဲ့ ပညာရပ်ကို “ဟူးရားဗေဒင်ပညာ” လို့ ခေါ်ဆို ကြတာဘဲ ဖြစ်ပါတယ်။
.
အခြားဗေဒင်ပညာရပ်တွေနဲ့ ယှဉ်လိုက်ရင် ဟူးရားဗေဒင်မှာ ချစ်စရာ ကောင်းတဲ့ အချက်တွေ ရှိပါတယ်။ ဘာပြုလို့လဲ ဆိုတော့ ဟူးရားဗေဒင် တွက်မယ်ဆိုရင် မွေးနေ့ မွေးသက္ကရာဇ် မလိုလို့ပါ။ ဒါကလည်း ကျွန်တော် ဖြတ်သန်းခဲ့ရတဲ့ ဘဝအတွေ့အကြုံ နဲ့လည်း သက်ဆိုင်နေပါတယ်။ ကျွန်တော့ရဲ့ ဇာတိက အထက်အညာ၊ တောအရပ်ဒေသ ဖြစ်တဲ့အတွက် ဒီဒေသနေသူအများစုဟာ ကိုယ် ဘာနေ့ သားသမီး ဆိုတာ လောက်ဘဲ သိကြပြီး မွေးတဲ့ရက်၊ လ၊ နာရီ အတိအကျ မသိကြတာက များပါတယ်။ ဒီကိစ္စဟာ ဗေဒင်ပညာလိုက်စားခါစ ကျွန်တော့်အတွက် အခက်အခဲ အလွန်တွေ့စေ ပါတယ်။

Friday, January 30, 2009

မဟာဘုတ်ပညာ , ပက္ခတ် နှင့် အိမ်ထောင်ရေး


ကမ္ဘာပေါ်မှာ တရုတ်လူမျိုးတွေနဲ့ အိန္ဒိယလူမျိုး (ဟိန္ဒူ) တွေဟာ အိမ်ထောင်ကွဲမှု အနည်းဆုံးဘဲတဲ့။ (ဟို တုန်းကပါ၊ လွန်ခဲ့တဲ့ အနှစ် (၅ဝ) ဟိုဘက်လောက်ကပါ) အခုတော့ သူတို့လည်း ကမ္ဘာနဲ့အမှီရင်ဘောင်တန်း လာကြပါပြီ။ အိမ်ထောင်ကွဲမှု တွေများလာကြပါပြီ။

ဟိုတုန်းက ကမ္ဘာပေါ်မှာ လူဦးရေ အများဆုံးဖြစ်တဲ့ အဓိကလူမျိုးကြီး (၂) ခုမှာ အိမ်ထောင်ကွဲမှု ဘာကြောင့် ဒီလောက် နည်းရတာလည်းဆိုတာကို လေ့လာ ကြည့်တော့ သူတို့ လူမျိုးတွေမှာ အိမ်ထောင်ပြုပြီဆိုရင် “သေတပန် သက်တဆုံး” ပေါင်းသင်းသွားကြရမယ်ဆိုတဲ့ အသိတရားကို ကိုယ့်လူမျိုးရဲ့ ဓလေ့ထုံးတမ်း တစ်ခုအဖြစ် နက်နက်ရှိုင်းရှိုင်း ခံယူခဲ့ ကြတာက အဓိကကျတဲ့ အကြောင်းတစ်ခု ဖြစ်မယ်ထင်ပါတယ်။

ဒီထက်ပိုပြီး နောက်ကွယ်ကနေ အဓိကကျတဲ့ အကြောင်းတစ်ခုကလည်း ရှိပါသေးတယ်။ အဲဒါကတော့ သူတို့ လူမျိုးကြီး (၂) မျိုးဟာ အိမ်ထောင်ပြုတဲ့ နေရာမှာ ယောင်္ကျားလေးနဲ့ မိန်းကလေး ဇာတာခြင်း တိုင်ဆိုင်ကြည့်ပြီး “တည့်တယ်” ဆိုမှ အိမ်ထောင်ချပေးလေ့ရှိကြတာ အတော်များပါတယ်။ တရုတ် လူမျိုးတွေဆိုရင် သူတို့မွေးဖွားတဲ့နှစ် အပေါ်မှာ မူတည်ပြီး ကျားနှစ်၊ နွားနှစ်၊ နဂါးနှစ်၊ မြွေနှစ်၊ ဆိတ်နှစ် စသည်ဖြင့် ရှိကြပါတယ်။

Monday, January 26, 2009

ပုတိ, ဘင်္ဂ, မရဏ (၁)

.
ပြီးခဲ့တဲ့ ပို့စ်မှာ မြန်မာလူမျိုးတွေဟာ ကိုယ့်ရဲ့ မွေးတဲ့နေ့ကိုတော့ လုံးဝ မမေ့တဲ့ အကြောင်း၊ ကိုယ်ဘာနေ့ သားသမီးလဲဆိုတာ ချက်ခြင်းပြောနိုင်တဲ့ အကြောင်းကို ပြောခဲ့ပြီးပါပြီ။ နောက်ထပ်တစ်ခု ထပ်ပြီး ချစ်စရာကောင်းတဲ့ ရိုးရာ ဓလေ့လေးက ကိုယ် ဘာ”အဖွား” လဲ ဆိုတာကိုလည်း မြန်မာလူမျိုး တော်တော် များများ သိကြပါတယ်။

ရှေးခေတ်တုန်းကဆိုရင် ကလေးတစ်ဦး လူ့လောကထဲကို မွေးဖွား ဝင်ရောက် လာပြီ ဆိုတာနဲ့ အမည်နာမ တစ်ခုကို ပေးကြတဲ့နေရာမှာ မိမိကိုးကွယ်တဲ့ ဆရာတော်ကြီး များဆီမှာ အပ်နှံပြီး နာမည် ပေးခိုင်းလေ့ ရှိကြပါတယ်။ ရဟန်းသံဃာ ဆိုတာ မျိုးကလည်း လူ့လောကီကိစ္စတွေကို လုံးဝ ကင်းကွာ လို့မရတော့ ဗေဒင်လေး၊ ဘာလေးတော့ အနည်းနဲ့ အများဆိုသလို လေ့လာ ထားကြရပါတယ်။ 

များသောအားဖြင့်တော့ လွယ်လည်း လွယ်ကူ၊ အသုံးလည်း တည့်တဲ့ “မဟာဘုတ်” ကိုတော့ ရဟန်းသံဃာတိုင်း လိုလို အနည်းနဲ့ အများတော့ သိကြပါတယ်။

ဒီတော့ ကိုယ့်ဒကာရဲ့ သားသမီးဖြစ်တော့ မဟာဘုတ်ကလေးကောက်တွက်၊ ပြီးတော့ နာမည် ပေးလိုက်ကြတာပေါ့။ နာမည်ပေးပြီးတာနဲ့ ဒီကလေးက “အထွန်းဖွား၊ ရာဇဖွား၊ ပုတိဖွား”  စသည်ဖြင့် တွက်ချက်ပေးလိုက်ကြပါတယ်။ ဒီတော့ ဒီကလေး တွေဟာ ကြီးပြင်းလာတဲ့အထိ၊ ကိုယ်ဘာနေ့သား၊ ဘာနေ့ဖွားဆိုတာကို သေသေချာချာ မှတ်သား ထားလိုက် ကြတာပေါ့။

အင်္ဂါဂြိုဟ် နှင့် အိမ်ထောင်ရေး

.
မြန်မာစကားပုံ တစ်ခု ရှိပါတယ်။ ” အိမ်ထောင်မှု၊ ဘုရားတည်၊ ဆေးမှင်ရည် စုတ်ထိုး၊ ဤ သုံးခု ချက်မပိုင်လျှင်၊ နောင်ပြင်ရန် ခက်သည့်အမျိုး” တဲ့။ ဆိုလိုတာက အိမ်ထောင်ပြုတာရယ်၊ ဘုရားတည်တာရယ်၊ ဆေးမှင်ကြောင် ထိုးတာရယ်၊ ဒီ (၃)ခုဟာ စ, မိပြီဆိုရင် နောက်နောင်အခါမှာ ပြန်ပြင်ဖို့ အလွန်ခက်ခဲပါတယ်တဲ့။ လက်တွေ့ မှာကော ဟုတ်ပါရဲ့လား။

ဟိုး ယခင့်ယခင် အခါတုန်းကတော့ ဟုတ်ကောင်း ဟုတ်ခဲ့ပေမယ့် ဒီနေ့ဒီခေတ် အခါမှာတော့ ဒီစကားပုံဟာ မှန်သင့် သလောက် မမှန်နိုင်တော့ပါဘူး။ ရှေးခေတ်အခါတွေကတော့ အိမ်ထောင်တစ်ခုပြုပြီးပြီ ဆိုရင် အိမ်ထောင်ရေး အဆင်ပြေသည် ဖြစ်စေမပြေသည်ဖြစ်စေ သေတစ်ပန် သက်တစ်ဆုံး ပေါင်းသင်း သွားကြတာဘဲ များပါတယ်။ တော်ရုံတန်ရုံ အဆင် မပြေကြရုံ နဲ့တော့ ကွဲကြ ပြဲကြသည်အထိ မဖြစ်ခဲ့ကြပါဘူး။ ကျွန်တော်တို့ အဘိုးအဘွားတွေ ခေတ်ကပေါ့။