Saturday, December 27, 2008

ခင်ဗျား ဘာနေ့သားလဲ ?


“ဘာနေ့သားလေးလဲဟဲ့၊ သောကြာသားလေးလား၊ ကောင်းတယ်ဟဲ့၊ “သားဦး သောကြာ ပဒေသာ” တဲ့၊ မိဘတွေကံကောင်းတာပေါ့ဟယ်” စသည်ဖြင့် မှတ်ချက်ပြုလေ့ရှိကြပါတယ်။ မြန်မာလူမျိုးတိုင်းဟာ ကိုယ့်ရဲ့မွေးနေ့ (ရက်, လ , ခုနှစ်) ကိုသာ မေ့ချင်မေ့မယ်။ ကိုယ်ဘာနေ့ သားသမီးဆိုတာကိုတော့ သေတဲ့အထိ မှတ်မိကြပါတယ်။

“ခင်ဗျား ဘယ်နှစ်ရက်နေ့မှာ မွေးတာလဲ” လို့ကောက်ခါငင်ကာ မေးလိုက်ရင် ချက်ခြင်းပြန်ဖြေဖို့ အချိန်ယူရပေမယ့် “ခင်ဗျား ဘာနေ့သားလဲလို့ မေးကြည့်ရင်တော့ - ကျွန်တော်လား ? အင်္ဂါသားလေ (ဒါမှမဟုတ်) ဗုဒ္ဓဟူးသားဗျ လို့ ချက်ခြင်း မဆိုင်းမတွ ပြန် ဖြေကြပါလိမ့်မယ်” ။ နိုင်ငံခြားသားတစ်ဦးကို ခင်ဗျား ဘာနေ့သားလဲလို့ မေးကြည့်ပါလား။ ပြန်ဖြေနိုင်သူ အတော် ရှားပါလိမ့်မယ်။

ဘာဖြစ်လို့လဲဆိုတော့ ကမ္ဘာပေါ်မှာ ရှိတဲ့ လူမျိုးတော်တော်များများဟာ ကိုယ့်ရဲ့ မွေးနေ့ကို (ရက် , လ , ခုနှစ်) နဲ့ မှတ်သားထားတတ်ကြပေမယ့် “နေ့” အနေနဲ့ မှတ်သားတတ်ကြတဲ့ အလေ့အထ မရှိကြလို့ပါဘဲ။ သူများတွေမှာ မရှိတဲ့ အလေ့အထ တစ်ခုကို ကျွန်တော်တို့မြန်မာတွေက ပိုင်ဆိုင်ထားကြတာဟာ ဂုဏ်ယူစရာ တစ်ခု မဟုတ်ပါလားဗျာ။